By MPA 001
အကြမ်းဖက်စစ်ကောင်စီကြောင့် မြန်မာနိုင်ငံတွင် စိတ်ဖိစီးမှုပြင်းထန်သည့်ရောဂါ(PTSD) ဖြစ်ပွားမှုနှုန်း အရှိန်မြှင့်တက်နေကြောင်း တယ်လီကျန်းမာရှိ စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် ပြည်သူအများစု ကြုံတွေ့နေရသည့် စိတ်အခြေအနေအဆင်မပြေမှုများစွာရှိနေပြီး မိမိကိုယ်မိမိ အဆုံးစီရင်နိုင်သည်အထိ ဖြစ်ပွားနိုင်သည့် အဆင့်သို့ပင် ရောက်ရှိနေကြောင်း စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ဦးက ရှင်းပြသည်။
” မြန်မာနိုင်ငံမှာ ပြည်သူအများစုတွေ ကြုံတွေ့နေရတဲ့ စိတ်အခြေအနေ အဆင်မပြေမှုတွေကတော့ စိတ်ဓာတ်ကျတာ၊ စိုးရိမ်သောကများတာ၊ အိပ်မပျော်တာ၊ စိတ်တိုဒေါသထွက်လွယ်တာ၊ စိတ်ဒဏ်ရာရပြီးနောက် စိတ်ဖိစီးမှုပြင်းထန်တဲ့ရောဂါ (PTSD) ခံစားရတာ၊ နဂိုစိတ်ရောဂါအခံရှိသူများ ရောဂါပြန်ပေါ်နိုင်ချေများတာ၊ မိမိကိုယ်ကို ထိခိုက်နာကျင်အောင်လုပ်ချင်တာနဲ့ မိမိကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားတာတွေပါ ” ဟု တယ်လီကျန်းမာရှိ စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ဦးကပြောသည်။
လူမှုကွန်ရက်တွင် အခမဲ့ကုသမေးမြန်းနိုင်သည့် “ တယ်လီကျန်းမာ” အွန်လိုင်းဆေးခန်းတွင် စိတ်ကျန်းမာရေးနှင့်ပတ်သက်၍ အများဆုံးလာရောက်မေးမြန်းကုသသည့် သူများတွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးများမှဖြစ်ကြောင်း တယ်လီကျန်းမာ၏ ပြန်ကြားရေးတာဝန်ခံ ဆရာဝန်တစ်ဦးက ပြောသည်။
” လာတဲ့သူ အရေအတွက်များတဲ့ဒေသတွေကတော့ တိုင်းဒေသကြီးတွေဘက်ကပါ။ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ မကွေး နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေက အွန်လိုင်းကို ပိုမိုအသုံးပြုကြပါတယ်။ အခုသုံးနေတဲ့စနစ်ရဲ့ အားသာချက်ကတော့ အွန်လိုင်းဖြစ်လို့ နာမည်လွှဲပြီးလည်း သုံးလို့ရတဲ့အတွက် အရင်ကဆိုရင် ရှက်ရွံ့နေလို့ မလာဖြစ်လောက်တဲ့သူတွေ၊ မိသားစုဝင်တွေမသိအောင် ဆွေးနွေးချင်တဲ့သူတွေနဲ့ လမ်းစရိတ်ကြောင့် ဝေးလံတဲ့နေရာတွေကို သွားမကုနိုင်တဲ့ သူတွေလည်း လာကြပါတယ်။ အများအားဖြင့်တော့ ဝန်ဆောင်မှုကို ကျေနပ်ကြပါတယ်။ ဆွေးနွေးချိန်က အပြင်ဆေးခန်းတွေမှာထက် ဒီမှာ ပိုရတာကိုလည်း သဘောကျကြပါတယ် ” ဟု တယ်လီကျန်းမာ၏ ပြန်ကြားရေးတာဝန်ခံ ဆရာဝန်တစ်ဦးက ရှင်းပြသည်။
အွန်လိုင်းရရှိမှု ခက်ခဲသည့်ဒေသမှ စိတ်အခြေအနေအဆင်မပြေသည့်သူများအနေဖြင့် စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် အပြုအမူများဖြင့် တစ်နေ့တာညီညွှတ်မျှတစွာ ဆင်ခြင်နေထိုင်ရန် အရေးကြီးကြောင်း တယ်လီကျန်းမာ၏ စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ဦးက အကြံပြုသည်။
” ကိုယ်ခန္ဓာကျန်းမာရေး လိုက်စားတာ။ အောင်မြင်မှုလို့ခံစားရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတဲ့အလုပ်၊ သေးငယ်ပေါ့ပါးတာလေးတွေပဲဖြစ်ဖြစ်လုပ်တာ။ ချစ်ခင် ရိုင်းပင်း ကူညီနိုင်မယ့်သူတွေနဲ့ အဆက်အသွယ်ပြုပြောဆိုနေထိုင်တာ။ စိတ်အပန်းပြေစေတာတွေ နေ့စဉ်လုပ်ရင် စိတ်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရနိုင်ပါတယ် ” ဟု တယ်လီကျန်းမာ၏ စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ဦးက အကြံပြုသည်။
ထို့အပြင် စိတ်ကျန်းမာရေးအတွက် ဆေးကုသမှုခံယူပြီးကာ ဆေးများသောက်သုံးနေရသူဖြစ်ပါက စိတ်ကျန်းမာရေးဆရာဝန်ဖြင့် မပြဖြစ်သေးသည့်အခြေအနေတွင် ဆေးကို သောက်လက်စအတိုင်း ဆက်သောက်သင့်ပြီး အရက်၊ မူးယစ်ဆေးနှင့် စိတ်ကြွဆေးများသုံးစွဲခြင်းကို ရှောင်ကြဉ်သင့်ကြောင်း စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးမှ ဆက်လက်ရှင်းပြသည်။
” ဆေးကုမ္ပဏီမတူလည်း ပါဝင်တဲ့ဆေးနဲ့ ဆေးပမာဏတူရင် သောက်လို့ရပါတယ်။ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့မှသာ ဆေးတွေကို အတိုးအလျှော့လုပ်သင့်ပါတယ် ” ဟု ၎င်းမှ ရှင်းပြသည်။
မိမိကိုယ်ကိုအဆုံးစီရင်ချင်သည့်စိတ်ကို တွန်းပို့နိုင်စေနိုင်သည့် အချက်များကို MPA မှ မေးမြန်းရာ ” စိတ်ဖိစီးမှုတွေ ကိုင်တွယ်ဖြေရှင်းရာမှာ အခက်တွေ့ပြီး လုပ်မိလုပ်ရာ လုပ်လိုက်တာ (ဥပမာ – ပတ်သက်သူကို အပြစ်ရှိတယ် ခံစားစေချင်တာ)၊ စိတ်ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာတွေ အားနည်းနေလို့ဖြစ်စေ၊ ရှက်ရွံ့နေလို့ဖြစ်စေ စိတ်ကျန်းမာရေးဝန်ဆောင်မှု မယူဖြစ်တာ၊ စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွေကို လက်လှမ်းမမီတာနဲ့ လူမှုရေးအကူညီတွေရယူဖို့ အခက်အခဲတွေရှိတာတွေကြောင့်ပါ ” ဟု စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီးမှ ဆက်လက်ရှင်းပြသည်။
လက်ရှိမြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီ၏ အဓမ္မလက်နက်ကိုင်လမ်းစဉ်ဖြင့် အာဏာသိမ်းအုပ်ချူပ်နေမှုကြောင့် ပြည်သူများစားဝတ်နေရေးခက်ခဲလာပြီး ကုန်ဈေးနှုန်းမြင့်တက်နေမှုတို့ကြောင့် ဆေးရုံဆေးခန်းများတွင် ကုသရန် ငွေကြေးခက်ခဲနေမှုတို့ကြောင့် ပြည်သူများ စိတ်ရောဂါဖြစ်ပွားနှုန်းမြင့်မားလာရပြီး တိတိကျကျကုသနိုင်ခြင်းမရှိကြောင်း MPAမှ စုံစမ်းသိရသည်။