By MPA 009
ကျေးရွာပေါင်း ၁၆ ရွာ၊ စစ်ဘေးရှောင်စခန်း ၃ ခု၊ လူနာဦးရေ ၇၇၈ ဦးအထိ PEOPLE DEFENCE FORCE-HTILIN(YRPA) Medical Team မှ ကျန်းမာရေးစောင့်ရှောက်မှုပေးထားကြောင်း သိရသည်။
NUG အစိုးရ၏ မူဝါဒလမ်းစဉ်အတိုင်း ဖွဲ့စည်းတည်ထောင်ထားသည့် PEOPLE DEFENCE FORCE-HTILIN(YRPA) Medical Team သည် ကျန်းမာရေးစောင့်ရှောက်မှုရရန် အားနည်းသော၊ ဆေးဝါးပစ္စည်းမှာယူရန် ခက်ခဲသော၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လိုအပ်နေသော ကျေးရွာများသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည်။
လက်ရှိအချိန်တွင် တပ်ခွဲ (၆)ခု၌ ကျန်းမာရေးပြဿနာဖြေရှင်းပေးနိုင်ရန် ဆေးသင်တန်း (၁)လကျော် သင်ကြားပေးခဲ့ပြီး စာတွေ့လက်တွေ့အထိပါ ကြိုးစားသင်ကြားပေးခဲ့ကြောင်း People Defence Force -Htilin မှ ထုတ်ပြန်ထားသည်။
ယခုအချိန်တွင် ဆေးတပ်သား (၁၂)ယောက်လုံး အရည်အချင်းစစ်စာမေးပွဲ အောင်မြင်၍ တပ်ခွဲအသီးသီးတွင် တာ၀န်ထမ်းဆောင်လျှက်ရှိကြကြောင်း People Defence Force -Htilin က ပြောသည်။
အဆိုပါ Medical Team သည် ကျေးရွာများသို့လည်၍ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ပြည်သူ့လိုအပ်ချက်ကို တထောင့်တနေရာကနေ ဖြည့်ဆည်းကူညီပေးနေသော်လည်း ငွေအင်အား၊ ဆေးအင်အားနည်းပါးသောကြောင့် ယခုအခါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များ ရပ်တန့်ထားရကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် တပ်ခွဲ (၇)ခုစာ လစဉ်ဆေးဝါးဝေမျှပေးနိုင်ရန်အတွက်လည်း ကြိုးစားနေရပြီး ယခင်က လှုပ်ရှားခဲ့သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များ လည်ပတ်နိုင်ရန် ဆေးဝါးအလှူ၊ဆေးဝါးပစ္စည်း၀ယ်ယူရန် အလှူငွေများ ထည့်၀င်ကူညီနိုင်ကြောင်း သိရသည်။