အာဆီယံဟာ မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်လို့ ဖြေရှင်းရာမှာ အတော်လေး ပျော့ပျောင်းခဲ့တယ်လို့ ဆိုရမှာပါ။ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ပြောင်ပြောင်တင်းတင်း ဂရုမစိုက်ဘဲ သူ့တို့လုပ်ချင်ရာကိုပဲ ဆက်လက်လုပ်ဆောင်နေခဲ့တာပါ။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံ ပရတ်ဆော့ခွန်းဟာ အခုနှစ်အစောပိုင်းက မြန်မာနိုင်ငံကို နှစ်ကြိမ်လာရောက်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပေမယ့် ထူးခြားမှု လုံးဝမရှိခဲ့ပါဘူး။
ဒါကြောင့်လည်း အာဆီယံအထူးသံ ပရတ်ဆော့ခွန်းတစ်ယောက် မြန်မာပြည်ကနေ စုတ်တသပ်သပ်နဲ့ ပြန်လည်ထွက်ခွာခဲ့ရပြီး “ မြန်မာ့အကျပ်အတည်းကို ကုစားရန် ဆေးစွမ်းကောင်းမရှိတော့ပြီ ” လို့ မှတ်ချက်ပေးရတဲ့အထိပါပဲ။
အာဆီယံဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာအဖွဲ့အားလုံးနဲ့ တွေ့ဆုံခွင့်ရဖို့အတွက် ကြိုးပမ်းနေတာဟာ အချည်းနှီးဖြစ်နေဆဲပါပဲ။ ဒါကြောင့်လည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံဟာ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အာဆီယံအထူးသံ ပရတ်ဆော့ခွန်းရဲ့ ခရီးစဉ်တွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ တွေ့ခွင့်မပေးခဲ့ပါဘူး။ အထူးသဖြင့် အာဆီယံဟာ မြန်မာလူထုက တင်မြှောက်ထားတဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဩဇာကို အသုံးပြုပြီး မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ပုံဖော်နေတဲ့ပုံပါ။
ဒီလိုအခြေအနေမျိုးမှာပဲ အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်သတ်ဖြတ်တာတွေ ပြုလုပ်ပြလိုက်တော့ အခြေအနေက ပိုပြီး ဆိုးသွားခဲ့ရပါတယ်။
မြန်မာလူထုရဲ့ ဒေါသတွေဟာ အသွေးအသားထဲကနေ ရုန်းကြွလာခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီကို ပိုမို နာကျည်းစက်ဆုပ်သွားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကတောင် အကြမ်းဖက်စစ်ကောင်စီရဲ့ အခုလိုကွပ်မျက်မှုတွေဟာ ဒီမိုကရေစီ ဆိတ်သုဉ်းအောင် ဗြောင်ကျကျကြိုးပမ်းမှုတွေဖြစ်သလို ဒီလိုလုပ်ဆောင်မှုတွေနဲ့ ရဲရင့်တဲ့ မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ ချိုးနှိမ်နိုင်မှာ မဟုတ်ဘူးလို့ အသိပေးခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ အာဆီယံရဲ့ပြောစကားတွေကို နားလည်နိုင်စွမ်း မရှိသလို နိုင်ငံတကာရဲ့ သတိပေးမှုတွေကိုလည်း ဂရုမစိုက်၊ ပြည်သူတွေအပေါ် ဗြောင်ကျကျ ရက်စက်ယုတ်မာနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဖိရင်ကြွ၊ ထိရင်ချမယ်ဆိုတဲ့ ပြည်သူတွေကြောင့် အကြမ်းဖက်စစ်ကောင်စီအနေနဲ့ မလွယ်ကူခဲ့ပါဘူး။
အခုဆိုရင် အာဆီယံဘက်က မြန်မာ့အကျပ်အတည်းကို အတူတကွပါဝင်ဖြေရှင်းရာမှာ အကြမ်းဖက်စစ်ကောင်စီအပေါ် တော်တော်လေး သံသယရှိနေပြီပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း အကြမ်းဖက်စစ်ကောင်စီကို အာဆီယံက ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးပွဲတွေ မတက်ရောက်ဖို့ ဆက်လက်ပိတ်ပင်ထားပြီး ဒဏ်ခတ်ထားဆဲဖြစ်ပါတယ်။
ယုံကြည်မှုနဲ့ နိုင်ငံရေးဆန္ဒမရှိမှုတွေက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာမှာ အတားအဆီးဖြစ်နေရတဲ့အတွက် အာဆီယံ အထူးသံ ပရတ်ဆော့ခွန်းက မြန်မာ့အရေးဟာ စူပါမင်းတောင်ဖြေရှင်းနိုင်မယ် မထင်ဘူးဆိုတဲ့ မှတ်ချက်မျိုးကို ထုတ်ဖော်အသိပေးရတဲ့အထိပါပဲ။
အာဆီယံအထူးသံ ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံကို တတိယအကြိမ်မြောက်ခရီးစဉ်အဖြစ် စက်တင်ဘာလ ၁၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံ မတိုင်ခင် လာရောက်ဖို့ စီစဉ်ထားတယ်ဆိုတဲ့ ကနဦး သတင်းထွက်ပေါ်တာတွေရှိခဲ့ပေမယ့် ဒီခရီးစဉ်ကနေရော ဘာတွေမျှော်လင့်လို့ရနိုင်မလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
သေချာတာကတော့ ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပြီးဆုံးပြီးနောက်ပိုင်း ထွက်လာတဲ့စကားသံတွေအရ အာဆီယံဟာ မြန်မာအကြမ်းဖက်စစ်ကောင်စီအပေါ် တော်တော်လေး စိတ်ပျက်နေပြီဆိုတာ ပေါ်လွင်နေပါတယ်။