အကြမ်းဖက်စစ်ကောင်စီကဂျပန်တပတ်ရစ်ကားတင်သွင်းမှုဆက်လက်ပိတ်ပင်ထားသောကြောင့်လုပ်ငန်းသုံးနှင့် အိမ်သုံးကားများ ရန်ကုန်တွင်စျေးတက်နေပြီး ကားကောင်းရှားပါးနေကြောင်းစျေးကွက်ကျွမ်းကျင်သူများက ပြောသည်။
“ကားတွေက ဝယ်ရောင်းဆီကိုပြန်ရောက်တာ နှစ်ခေါက်သုံးခေါက်ရှိပြီ။ ပြန်ပြင်ပြန်သပြီးရောင်းနေကြတာ။ တကယ်ကားဝယ်စီးချင်တဲ့ သူတွေအနေနဲ့ ဂျပန်ကားအဟောင်းတွေစီးရင် ပြင်ဆင်စရိတ်ပါ ဆောင်ထားရမယ်။ စျေးကလည်း မနှစ်ကထက် သိန်းတစ်ရာလောက်များမယ်”ဟု ရန်ကုန်တိုင်း ကားဝယ်ရောင်းအသင်းအတွင်းရေးမှူးက ပြောသည်။
လိုက်ထရပ်နှင့် ပစ်ကပ်ကားများဖြစ်သည့် ခွေးဘီးလူး၊ ဆူဇူကီးများမှာ စျေးတက်နေသော်လည်း အမှန်တကယ်လိုအပ်သူများသာ ဝယ်ယူကြရာ အရောင်းအဝယ် အေးနေကြောင်းဆက်ပြောသည်။
အိမ်စီးကားစျေးမှာလည်း မနှစ်ကထက် သိန်းတစ်ရာဝန်းကျင် စျေးတက်နေပြီး စျေးကွက်အတွင်း ဝယ်ယူသူထက်ရောင်းချသူ ပိုများကြောင်း လုပ်ငန်းရှင်များမှသိရသည်။
ဒါအပြင် ကားပြင်ဆင်စရိတ်မှာ ယခင်ကထက် အပိုပစ္စည်း စျေးများသွားခြင်းကြောင့် နယ်မှကားဝယ်/ရောင်းများအနေဖြင့် ပြင်ဆင်စရိတ် မှန်းထားသည်ထက် လေးငါးသိန်းအထိ ပိုမိုကုန်ကျနေသည်။
“ကားသစ်ထုတ်လုပ်တဲ့ အပိုင်းကလည်း လိုသလောက်မထုတ်နိုင်တဲ့အပြင် စက်ရုံတချို့ပြည်တွင်းမှာတည်ဆောက်မှုရပ်သွားတာကြောင့် ကုမ္ပဏီထုတ်ကားသစ်ကိုလည်း မျှော်လို့မရဘူး”ဟု ကားဝယ်ရောင်းသမားတစ်ဦးက ပြောသည်။
ဂျပန်တပတ်ရစ်ကား တင်သွင်းမှုမှာ NLD အစိုးရမတိုင်ခင်ကတည်းက ရပ်ဆိုင်းခဲ့ပြီး ကားစလစ်ဖြင့် တင်သွင်းမှုကိုလည်း ဘယ်မောင်းစနစ်ပြောင်းလဲခြင်းကြောင့် ပြည်တွင်းမှ ာကားသစ်များကိုသာ ဝယ်ယူသုံးစွဲနေကြသည်။
မြန်မာနိုင်ငံတွင် ဆူဇူကီးကားသစ် စက်ရုံသီလဝါတွင် တည်ဆောက်ထုတ်လုပ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီအာဏာမလုခင်က တိုယိုတာကားစက်ရုံကလည်း ပြည်တွင်းမှာတည်ဆောက်ရန် ဂျပန်လုပ်ငန်းရှင်များက စီစဉ်ခဲ့ကြသည်။
လက်ရှိတွင် ဆူဇူကီးစက်ရုံသည် ဒေါ်လာစျေးမြင့်တက်ခြင်းနှင့် အရောင်းအဝယ်စျေးကွက် အေးခြင်းတို့ကြောင့် ထုတ်လုပ်မှုလျော့ခဲ့သည့်အပြင် တိုယိုတာကားကုမ္ပဏီကလည်း စက်ရုံတည်ဆောက်ရန် သဘောတူညီချက်ဖျက်သိမ်းခဲ့သည်။