“ဒီလတွေဟာ ကျွန်မအပါအဝင် နိုင်ငံသားတွေရဲ့ ဘဝတွေအတွက် အဆိုးရွားဆုံးလတွေပါ။ ကျွန်မတို့တွေ အောင်ပွဲရဖို့ မျှော်လင့်နေတယ်။ ကျွန်မတို့နိုင်မယ်ဆိုတာ သံသယမရှိပါဘူး ” – အိုလီနာဇီလန်စကာ (ယူကရိန်းသမ္မတကတော်)
“တကယ်ပါ သူက ကျွန်တော့ရဲ့ ချစ်ရသူပါ။ ပြီးတော့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်သလို
အကောင်းဆုံးသူငယ်ချင်းလည်းဖြစ်ပါတယ် ” – ဇီလန်စကီး (ယူကရိန်းသမ္မတ)
မောင်တစ်ထမ်း၊ မယ်တစ်ရွက်ဆိုတာဟာ ၂၁ ရာစုမှာ မထူးဆန်းတော့တဲ့ စကားတခွန်းလို့ ဆိုရမှာပါ ။ အသွင်တူမှလည်း အိမ်သူဖြစ်တယ်လို့ အဆိုရှိကြတာလည်း ဖြစ်ပါတယ်။ နယ်ပယ်တိုင်းမှာ အမျိုးသားဝါဒီတွေ၊ အမျိုးသမီးဝါဒီတွေဆိုတာမျိုး ခွဲခြားတာတွေက ရှားသွားပါပြီ။ ကိစ္စတစ်ခုခုမှာ Work Done ဖြစ်ဖို့ကသာ အဓိက ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍက လုံးဝမျက်ကွယ်ပြုလို့ကို မရတော့ပါဘူး။
အာဏာရှင်တွေတောင်မှ အမျိုးသမီးတွေပါလာရင်ကို သိပ်ကြောက်ရွံ့ကြတာတွေရှိတယ်လို့ မှတ်တမ်းအချို့အရ သိရပါတယ်။ ဆန္ဒပြပွဲပဲဖြစ်ဖြစ်၊ တခြားတက်ကြွ လှုပ်ရှားမှုတွေမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေ ဦးဆောင်လိုက်ရင်ကို ပိုပြီး မြိုင်ဆိုင်သွားလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း အာဏာရှင်တွေအုပ်စိုးတဲ့ တိုင်းပြည်တွေမှာ အမျိုးသမီးတွေကို အများအားဖြင့် ဖိနှိပ် ဆက်ဆံထားလေ့ရှိတာပါ။ ဥပမာ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယားလို ထင်ရှားတဲ့နိုင်ငံတွေကို ကြည့်ရင် ဒီသဘောကို မြင်နိုင်ပါတယ်။
ဇီလန်စကီးနဲ့ အိုလီနာဇီလန်စကာဆိုတဲ့နာမည်တွေကို ကျွန်တော်တို့ ရင်းနှီးခဲ့တာဟာ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်လိုက်ချိန်မှ ရင်းနှီးသွားခဲ့တယ်လို့ ဆိုရမှာပါ။ ယူကရိန်းသမ္မတကတော်ဆိုရင် ကျူးကျော်စစ်ဖြစ်လို့ လအတော်ကြာမှသာ ပေါ်ထွက်လာခဲ့တာလို့ ဆိုရင်တောင် မမှားပါဘူး။
ရုရှားရဲ့ ကျူးကျော်စစ်မှာ အင်အားကြီးနိုင်ငံဖြစ်တဲ့ ရုရှားနိုင်ငံ ခြေကုန်လက်ပမ်းကျလောက်အောင်အထိကို ယူကရိန်းနိုင်ငံက ပြုလုပ်နိုင်ခဲ့ပါတယ်။ တိုင်းပြည်ကိုချစ်စိတ်နဲ့အတူ မထွက်ပြေးခဲ့ဘဲ ရုရှားနိုင်ငံရဲ့ ကျူးကျော်မှုကို ခုခံတွန်းလှန်နိုင်ခဲ့ပါတယ်။ ယူကရိန်းသမ္မတအပါအဝင် သူ့ရဲ့အမျိုးသမီးဖြစ်သူဟာ နိုင်ငံရဲ့ အခြေအနေနဲ့ ဖြစ်ပေါ်ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို ကမ္ဘာကိုသိအောင် ပြောပြနိုင်ခဲ့သလို လိုအပ်နေတဲ့ အကူအညီတွေကိုလည်း ကူညီချင်လာအောင် ပြောတတ်ဆိုတတ်ခဲ့ကြပြန်ပါတယ်။
၄၄ နှစ်ဝန်းကျင်အရွယ် လူငယ်ဇနီးမောင်နှံဖြစ်တာကြောင့် ခိုင်မာပြီး တက်ကြွတဲ့ ဟန်ပန်တွေဟာ ယူကရိန်းပြည်သူတွေအတွက်တော့ အဖိုးဖြတ်လို့မရပါဘူး။ ဒါကြောင့်လည်း ကမ္ဘာက အသိအမှတ်ပြုလက်ခံနေကြတာပါ။ “ တခြားသူတွေရဲ့ နယ်မြေတွေကို ကျူးကျော်ဖို့မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ အသက်ရှင်သန်ခွင့်နဲ့ သူတို့ရဲ့အိုးအိမ်တွေကို ကာကွယ်ဖို့အတွက်ပါ။ တခါမှ မတောင်းဆိုဖူးတဲ့ တောင်းဆိုမှုကို အခုလုပ်လိုက်ပါတယ် ” ဆိုတဲ့ ဇူလိုင် ၁၉ ရက်၊ အင်္ဂါနေ့က ဝါရှင်တန်မှာ ပြောကြားခဲ့တဲ့ ယူကရိန်းသမ္မတကတော်ရဲ့ မိန့်ခွန်းကလည်း စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။
အခုလည်း VOGUE လို နာမည်ကျော် မဂ္ဂဇင်းမှာတောင် သူတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေကို ကာဗာအဖြစ်နဲ့ ရိုက်ကူးမှုတောင် ရှိလာခဲ့ပါပြီ။ ဆယ်ကျော်သက်အရွယ်က ယူကရိန်းတောင်ပိုင်းမှာရှိတဲ့ တက္ကသိုလ်တစ်ခုမှာ ပထမဆုံးတွေ့ခဲ့ကြတဲ့သူတို့နှစ်ဦးဟာ မြင်မြင်ချင်းတော့ မချစ်ခဲ့ကြပါဘူး။ ဇီလန်စကာက ဗိသုကာဘွဲ့ရ၊ ဇီလန်စကီးက ဥပဒေပညာလိုက်စား လေ့လာရင်းကနေ နောက်ဆုံးတော့ အိုလီနာဇီလန်စကာက ဟာသဇာတ်ညွှန်းတွေရေးသူ၊ ဇီလန်စကီးက လူရွှင်တော်သရုပ်ဆောင်အဖြစ် ဖြတ်သန်းခဲ့ကြပါတယ်။ အလုပ်မှာတွေ့ကြရင်း ချစ်ကြိုက်ရင်းကနေ ဘဝလက်တွဲဖော်အထိ ဖြစ်လာပြီး အခုဆိုရင် သားသမီးနှစ်ဦးလည်း ထွန်းကားထားပါတယ်။
ဇီလန်စကာဟာ တကယ်တော့ သမ္မတော်ကတော်ဖြစ်ရေးက သူ့အတွက် အိပ်မက်မဟုတ်ပါဘူး။ “ ကျွန်မက နောက်ကွယ်မှာ နေရတာကိုပဲကြိုက်တယ်။ ဒါက ကျွန်မနဲ့သင့်တော်လိုက်ဖက်တယ်လို့ ထင်ပါတယ် ” လို့ VOGUE မဂ္ဂဇင်းကို ပြောပါတယ်။
VOGUE မဂ္ဂဇင်းမှာ သူတို့နှစ်ဦးရဲ့ စစ်ပွဲကာလအတွင်း အိမ်ထောင်ရေးအပြင် သားသမီးတွေနဲ့ ဝေးနေရပုံတွေ၊ အနာဂတ် မျှော်မှန်းချက်တွေတချို့နဲ့ ခံယူချက်တွေကို ပြောပြထားပါတယ်။ ဇီလန်စကီးသမ္မတဖြစ်တဲ့အထိ အေးချမ်းစွာနဲ့ ဘဝကို ဖြတ်သန်းခဲ့ကြရပေမယ့် ၂၀၂၂၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ရုရှားရဲ့ ကျူးကျော်မှုကြောင့် ကြေကွဲစရာတွေဖြစ်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့လည်း အခုအချိန်ထိ သူတို့နှစ်ဦးရဲ့ မျက်နှာတွေပေါ်မှာ နိုင်ငံကာကွယ်လိုစိတ်နဲ့ ယူကရိန်းပြည်သူတွေရဲ့ ပူပန်နေရမှုတွေကို ထပ်တူခံစားနေရတဲ့ သွင်ပြင်တွေက အထင်အရှားပါပဲ။ စစ်ပွဲအတွင်း ရှေ့တန်းမျက်နှာစာမှာ ယူကရိန်းအမျိုးသမီးထောင်ချီ ရှိနေပြီး သမ္မတကတော်ကိုယ်တိုင် နိုင်ငံအတွက် သံတမန်ရေးရာဆီကို ဆက်လက်တိုးဝှေ့နေပါတယ်။ နိုင်ငံအတွက် ခေါင်းဆောင်တွေအပါအဝင် ပြည်သူတွေဟာ အလုပ်တွေ ကြိုးစားပြီးလုပ်ကိုင်နေကြတာကို တွေ့မြင်နေရပါတယ်။ ခေါင်းဆောင်ကောင်းတွေက ရှေ့မှာ မားမားမတ်မတ်ရပ်နေတော့ နောက်ကလိုက်မယ့် ယူကရိန်းပြည်သူတွေဟာလည်း ရဲရင့်ပြတ်သားနေကြတယ်လို့ ဆိုကြရမှာပါ။
ယူကရိန်းသမ္မတ ဇီလန်စကီးက “ အိုလီနာက တကယ့်ကို ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်းပါ။ သူက မျိုးချစ်စိတ်ရှိတယ်။ ယူကရိန်းကိုလည်း အလွန်ချစ်ပါတယ်။ ပြီးတော့ သူက သိပ်ကောင်းတဲ့ မိခင်တစ်ယောက်ပါ ” လို့ VOGUE မဂ္ဂဇင်းကို ဖြေကြားထားပါတယ်။ သူတို့နှစ်ဦးစလုံးက ငယ်စဉ်က ရုရှားစကားပြောရင်း ကြီးပြင်းလာခဲ့ကြပေမဲ့ အခုတော့ ရုရှားရဲ့ ကျူးကျော်စစ်ကို မခံနိုင်လို့ တွန်းလှန်ရင်းက ယူကရိန်းပြည်သူတွေအတွက် အားကိုးနေရပြီဖြစ်တဲ့ ခေါင်းဆောင်တွေအဖြစ် ကမ္ဘာမှာပါ ပေါ်လွင်လာခဲ့ပါတယ်။
အခုဆိုရင် ယူကရိန်းကျူးကျော်စစ်က ရက်ပေါင်း ၁၅၃ ရက်ရှိလာခဲ့ပါပြီ။ စစ်ပွဲဟာ မပြီးဆုံးသေးဘဲ လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး လူကိုးသန်းဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ကလေးငယ်တွေဆိုရင်လည်း အခုအချိန်မှာ သုံးရာနီးပါးအထိ သေဆုံးခဲ့ရပါပြီ။ ဒီလို သေကြေပျက်စီးမှုများကြားထဲမှာ သမ္မတကတော် ဇီလန်စကာဟာ မြေပြင်မှာရှိနေတဲ့ သူ့ရဲ့ အမျိုးသားဖြစ်သူအတွက် ဇနီးတစ်ယောက်ပီပီ စိုးရိမ်ပူပင်ခဲ့ရပါတယ်။
“ မင်းက အရေးကြီးတယ်ဆိုတာ သိရမယ်နော်။ ကလေးတွေအတွက်လည်း အရေးကြီးဆုံးလူပဲ။ ဒါကြောင့် သူတို့အတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ သူတို့က အဲဒါကို ကြိုက်တယ် ” လို့ သမ္မတကတော်က သမ္မတကို သတိပေးသလို နိုင်ငံမှာရှိတဲ့ လူတွေအားလုံးက ဇီလန်စကီးရဲ့နောက်မှာ ထောက်ခံပေးနေကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။
တိုင်းပြည်ဟာ အခက်အခဲ အကျပ်အတည်းကြားမှာ ရှိနေပေမယ့်လည်း ယူကရိန်းသမ္မတနဲ့ သမ္မတကတော်ဟာ တစ်ဦးကိုတစ်ဦး အားပေးစကားတွေဆိုရင်းနဲ့ ယူကရိန်းနိုင်ငံကို ကယ်တင်နိုင်ဖို့ မမောမပန်းဖြတ်သန်းနေကြပါတယ်။ ဒါကြောင့် ဇီလန်မောင်နှံတို့ရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့အတူ ယူကရိန်းနိုင်ငံဟာ အနာဂတ်မှာ ဆိုးရွားတဲ့အခြေအနေကနေ ရုန်းထွက်လာနိုင်မလားဆိုတာက စောင့်ကြည့်ချင်စရာပါပဲ။
မြတ်နိုးသူရ