ရန်ကုန်တိုင်း၊ အလုံမြို့နယ်ရှိ Sky Way ကလပ်မီးလောင်မှုမှာ လူသေဆုံးမှုမရှိဘဲ ကြိတ်မီးငြိမ်းသတ်မှုကြောင့် မီးကြီးသွားခြင်းဖြစ်ကြောင်း အရပ်ဖက်လူမှုကူညီရေးအဖွဲ့အမည်မဖော်လိုသူ ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ကပြောသည်။
အထက်ပါ Sky Way ကလပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ယမန်နေ့ည ၉နာရီ ၄၀မိနစ်က မီးလောင်ကျွမ်းခဲ့ပြီး မျက်နှာချင်းဆိုင်တွင် ပုဂ္ဂလိကဆီဆိုင်ရှိကြောင်း အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ အဆိုပါပုဂ္ဂိုလ်က ဆိုသည်။
“တကယ်တော့ မီးစလောင်ကတည်းကသိရင် ဘာမှမဖြစ်ဘူး။ သူတို့ဘာသာကြိတ်ငြိမ်းတာ။ KTVကစလောင်တာပေါ့။ တဖြေးဖြေးမီးကြီးသွားတော့မှ မီးသတ်ကိုပြောတာ။ Lvl 2 အဆင့်ရှိတယ် ” ဟု အမည်မဖော်လိုသည့် အရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ ရှင်းပြသည်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေနှင့် မီးလောင်သတင်းထုတ်ပြန်ရာတွင် Sky Way ကလပ်ဟု တရားဝင်ထုတ်ဖော်ပြသခြင်းမရှိဘဲ အလုံလမ်းထောင့်ဟုသာဖော်ပြကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောသည်။
ထို့အပြင် ယမန်နေ့ညက မီးလောင်ခဲ့သည့် Sky Wayကလပ်ကို ည ၁၁နာရီတွင်မီးငြိမ်းခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကကြေညာခဲ့သော်လည်း ည၁၂နာရီခန့်မှ မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။
“သူတို့က ၁၁နာရီငြိမ်းတယ်သာပြောတာ ညကကမ္ဘာပျက်နေတာပဲ။ ရှေ့မှာ ဆီဆိုင်ရှိတော့ လမ်းမတန်းကို ရေတွေဖြန်း မီးတားပြီးငြိမ်းရတာ။ လေမငြိမ်တော့ ဆီဆိုင်ထိရင် အဲ့နားပြာကျပြီပဲ။ ဟိုတယ်ကလူတွေလဲ ဆင်းပြေးကြတယ်။ မီးက ၁၂နာရီလောက်မှ ငြိမ်းသွားတာ။ ရှို့မီးလို့ကြားတယ် ” ဟု အမည်မဖော်လိုသူဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် Sky Way ကလပ်မီးလောင်မှုနှင့်ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးနှင့် မည်သည့်အကြောင်းအရင်းကြောင့် မီးလောင်ခဲ့သည်ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ပြောကြားခြင်းမရှိဘဲ ယင်းကလပ်သည် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပတ်သက်နေသည့်အတွက်ကြောင့် ပြီးခဲ့သည့် လအချို့က ဗုံးခွဲသတိပေးမှုဖြစ်စဉ်များရှိခဲ့ကြောင်း စုံစမ်းသိရသည်။