စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဒုရဲမှူး စိုးထွဋ်ခိုင် အပါအဝင် ရဲနှင့် ပျူစောထီး ၁၄ ဦးကို သုတ်သင်နိုင်ခဲ့ပြီး လက်နက် ၁၁ လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Narapati Guerrilla Revolution Force (NLGRF) အဖွဲ့မှ ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ယနေ့ မနက် ၉ နာရီက ခင်ဦးမြို့နယ် ကံသစ်တံတားအနီးတွင် Narapati Guerrilla Revolution Force (NLGRF) နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ စုပေါင်းတိုက်ခိုက်ခဲ့ပြီး မနက် ၁၁ နာရီ ၃၀ မိနစ်တွင် တိုက်ပွဲပြီးဆုံးကာ ဖောကားပေါ်တွင်ပါသည့် လက်နက်ကိုင် ရဲနှင့်ပျူစောထီးအားလုံးကို ရှင်းလင်းနိုင်ခဲ့ကြောင်း Narapati Guerrilla Revolution Force (NLGRF)၏ သတင်းပြန်ကြားရေးတာဝန်ခံ သခင်ချစ်က ပြောသည်။
“မဟာမိတ်အဖွဲ့ ၆ဖွဲ့နဲ့ ဒေသခံအဖွဲ့တွေ စုပေါင်းပြီးတိုက်တာပေါ့။ သူတို့ဘက်က ကားသမားကျတော့ ကားက လမ်းဘေးထိုးကျချိန်ပစ်တာပေါ့။ သူတို့ဘက်က အကုန်သေတယ်။ ကျွန်တော်တို့ဘက်က နှစ်ယောက်ထိတယ်။ မစိုးရိမ်ရပါဘူး”ဟု NLGRF၏ သတင်းပြန်ကြားရေးတာဝန်ခံ သခင်ချစ်ကပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း ဒုရဲမှူး စိုးထွဋ်ခိုင် ကိုင်သည့် MA2 သေနတ်တစ်လက်အပါအဝင် မောင်းပြန် ၁၀ လက်ရရှိခဲ့ပြီး ဖောကားပေါ်သို့ နောက်ဆုံးထိုးစစ်ဆင်ချိန်တွင် မိုင်းတင်ဖောက်ခွဲခဲ့တာကြောင့် သေဆုံးသူရုပ်များကို တိတိကျကျခွဲနိုင်ခြင်းမရှိကြောင်း NLGRF ၏ သတင်းပြန်ကြားရေးတာဝန်ခံ သခင်ချစ်က ပြောသည်။
“ဒီနေ့က ၂ နာရီခွဲကြာတိုက်ပွဲဖြစ်တာ။ သူတို့ဘက်ကတပ်ကူတွေကိုတခြားအဖွဲ့က ကြားဖြတ်တိုက်ထားတာ။ နောက်ဆုံးကားနဲ့တက်တဲ့အချိန် ခွေးတစ်ကောင်မသေသေးလို့ မိုင်းပစ်တင်လိုက်တာ၊ အကုန်သေပဲ။ လက်နက်က MA2 ရလိုက်တယ်။ မောင်းပြန်က ၁၀ လက်ပေါ့”ဟု သခင်ချစ်က ဆက်ပြောသည်။
ယနေ့ဖြစ်ပွားခဲ့သည့် မကွေးတိုင်း၊ ပွင့်ဖြူတွင် PDF ၁၂ ဦး ကျဆုံးကာ သုံးဦးဖမ်းခံရမှုအတွက် နေ့ချင်းပြန် သွေးကြေးဆပ်လက်တုံ့ပြန်မှုဖြစ်ပြီး ခင်ဦးတွင် နောက်ထပ်ထိုးစစ်ဆင်မှုများပြုလုပ်ရန် ပြည်သူများ၏ အထောက်အပံ့များစွာ လိုအပ်နေသောကြောင့် လူမှုကွန်ရက်ပေါ်မှတစ်ဆင့် Narapati Guerrilla Revolution Force (NLGRF) ကို ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သခင်ချစ်မှ အသိပေးပြောကြားခဲ့သည်။
လက်ရှိသတင်းပေးပို့ချက်များအရ ပျူစောထီးနှင့် ရဲများရှိရာသို့ စစ်ကူလာမည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို မြစ်တုံရပ်တွင် ဒေသခံ PDF အဖွဲ့များမှ ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးခဲ့ကြောင်း မျက်မြင်သက်သေ ဒေသခံများကပြောဆိုသော်လည်း အတိအကျအတည်ပြုနိုင်ခြင်းမရှိပေ။