ပုဏ္ဏားကျွန်းမြို့နယ်တွင် တစ်ခုတည်းကျန်ရှိနေသည့် စစ်ကောင်စီ၏ ခမရ ၅၅၀ တပ်ရင်းအား သိမ်းပိုက်ရရှိနိုင်ရန် ရက္ခိုင့်တပ်တော်အနေဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေးက ဖေဖော်ဝါရီ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။
“ဒီ ၅၅၀ တပ်ရင်းက ဒုက္ခပေးတာတွေ အများကြီးရှိတယ်။ ဒီတိုင်း သွားရင်းလာရင်းနဲ့ လက်နက်တွေနဲ့ မြို့ထဲကို ပစ်တာတွေ၊ တိုက်ပွဲတွေဖြစ်ရင်လည်း မြို့ထဲကို ပစ်တာတွေရှိတယ်။ ၂၀၁၂ တုန်းကဆိုလည်း ပြည်သူတွေရဲ့ အိမ်တွေကို လက်နက်တွေနဲ့ပစ်ခဲ့တယ်။ ၂၀၁၈ တုန်းကလည်း လက်နက်တွေနဲ့ပစ်တယ်။ ဒီလိုအမျိုးစုံ ဒုက္ခတွေပေးထားတဲ့အတွက် ကျွန်တော်တို့ ဒေသခံတွေအနေနဲ့လည်း တရားမျှတမှုတော့ လိုချင်တယ်”ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ကောင်စီ တပ်ရင်း၊ တပ်ဖွဲ့၊ စစ်စခန်းများကို AA က သိမ်းပိုက်ပြီးနောက် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ၅၅၀ တပ်ရင်အား သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်မှုကို ယခင်ထက် ပိုမိုလုပ်ဆောင်နေကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
“မနေ့ကတော့ လေယာဉ်နဲ့ ပစ်တယ်။ ပုဏ္ဏားကျွန်းမြို့ပေါ်ကို ပစ်တာတော့ မနက် ၉ နာရီကတည်းကပစ်တာ ညနေ ၃ နာရီလောက်မှ ပြီးတယ်။ အပျက်အစီးကတော့ မသိရသေးဘူး။ နောက်ပြီး ဒီနေ့လည်း ထပ်ပြီး လေယာဉ်နဲ့ ပစ်သေးတယ်။ မနက် ၆ နာရီခွဲလောက်က ပစ်တာ ၉ နာရီလောက်ကျမှ ရပ်သွားတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးကပြောသည်။
စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် အသည်းအသန် ခုခံကာကွယ်နေသော်လည်း ပုဏ္ဏားကျွန်းမြို့တွင် တစ်ခုတည်းကျန်ရှိနေသော ၅၅၀ တပ်ရင်းကို အလုံးစုံသိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေသည်မှာ လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီကြောင်းလည်း ရက္ခိုင့်တပ်တော်က ဆိုသည်။
“AA အနေနဲ့ ပုဏ္ဏားကျွန်းမြို့မှာ စစ်ကောင်စီတပ်တွေကို အခုလို တိုက်ခိုက်ပေးတာ ကောင်းတယ်။ တစ်ချိန်လုံး ဒုက္ခတွေပေးခဲ့တာ။ တရားမျှတတဲ့ နည်းလမ်းအောက်ကိုတော့ ရောက်ချင်တယ်။ လူ့အခွင့်အရေးတွေလည်း ချိုးဖောက်ခံရတယ်။ လူနာတွေဘာတွေရှိနေတာကိုလည်း ဆေးရုံကို ပို့ခွင့်မပြုတာတွေလည်း ရှိတယ်။ လူသားတစ်ယောက်ရမယ့် ကျန်းမာရေးအခွင့်အရေးတောင် ဆုံးရှုံးတယ်”ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ဆက်လက်ပြောသည်။
ပုဏ္ဏားကျွန်းမြို့သည် စစ်ကောင်စီ၏ ပြည်နယ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့နှင့် ၂၁ မိုင်ခန့်သာကွာဝေးပြီး စစ်ကောင်စီ၏ ခမရ ၅၅၀ တပ်ရင်းနှင့် ရဲစခန်းတို့သာရှိကာ ပုဏ္ဏားကျွန်းမြို့မ ရဲစခန်းကို ရက္ခိုင့်တပ်တော်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်တွင် အပြီးသတ်သိမ်းပိုက်ထားပြီး ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း စစ်ကောင်စီ၏ နေဗီသင်္ဘောများဖြင့် ပစ်ခတ်မှုများကြောင့် ပုဏ္ဏားကျွန်းမြို့မဈေး မီးလောင်ပျက်စီးခဲ့သလို လူနေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်။