ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ဒေသခံများအား စစ်မှုထမ်းရမည်ကို အကြောင်းပြပြီး တစ်အိမ်ထောင်လျှင် အနည်းဆုံး ကျပ်ငါးသောင်း တောင်းခံနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
သံတွဲ မြို့နယ်အတွင်းရှိ ကျေးရွာများ၌ တစ်ရွာ လူငါးယောက် စစ်မှုထမ်းရမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက လိုက်လံ ရွေးချယ်နေပြီး ထိုသို့ ရွေးချယ်ခံရမည်ကို စိုးရိမ်နေသည့် ဒေသခံများထံမှ ငွေကြေးများတောင်းခံနေခြင်း ဖြစ်သည်။
“ သူတို့က တစ်ရွာ ငါးယောက်ရွေးတယ်။ မဲနှိုက်မယ်ပြောပြီး မနှိုက်ဘူး။ ရွေးပြီးလား မပြီးလားလည်းမသိဘူး။ ဒါပေမဲ့ ငါးသောင်းစီ တစ်အိမ်ကိုပေါ့ ပေးရမယ်လို့ ပြောလာတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ၎င်းကြုံတွေ့နေရသည်ကို ရှင်းပြသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများသည် နယ်မြေခံ စစ်ကောင်စီတပ်များ မသိရှိရဘဲ ယင်းသို့ ငွေတောင်းခံနေခြင်းဖြစ်သည်ဟု ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ ဒီဘက်မှာ တပ်မ ၅၅တို့ ရှိသေးတယ်။ အခုက အုပ်ကြီးတွေက သူတို့အပိုင်လိုက် တောင်းနေတာ၊ တပ်ကတောင်းခိုင်တာမျိုးတော့ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။
ယင်းသို့ မပေးမနေရ ငွေတောင်းခံနေသဖြင့် စစ်ဘေးကြောင့် လမ်းများပိတ်ဆို့ခံရပြီး ကျပ်တည်းနေသည့် ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။
“ မပေးနိုင်ဘူး။ ရှိမှမရှိတာ၊ သူတို့က မပေးနိုင်ရင် လူကိုခေါ်မယ့်ပုံစံလုပ်နေတာ၊ ဘယ်လိုလုပ်ရမလဲ” ဟု လုံခြုံရေးအရ ကျေးရွာအမည်ကို ထုတ်ဖော်မပြောရန် တောင်းဆိုသည့် ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ စစ်ရှုံးနေပြီး ပြည်နယ်မြို့တော်ဖြစ်သည့် စစ်တွေမြို့ကို လက်မလွှတ်ရရေး ခံစစ်ပြင်နေရချိန်တွင် ရခိုင်ပြည်တောင်ပိုင်း၌ ၎င်းတို့၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံမှ ယင်းသို့ ငွေညှစ်သည့် လုပ်ရက်များ ပြုလုပ်လာခြင်းလည်း ဖြစ်သည်။