ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ကို ရဟတ်ယာဉ်ဖြင့် စစ်ကူလာပို့သော စစ်ကောင်စီ၏ စစ်ကြောင်းကို ရက္ခိုင့်တပ်တော် AA က ကြားဖြတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်သား ၆၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်တွင် ရဟတ်ယာဉ် ၄ စီးဖြင့် ၇ ကြိမ်တိုင် စစ်ကူများလာရောက်ပို့ဆောင်ခဲ့သည့် စစ်ကြောင်းတွင် အင်အား ၁၂၀ ခန့်ပါကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
“ရဟတ်ယာဉ်တွေ ဝဲနေတာကတော့ ၃ ရက်လောက်ရှိပြီ။ စစ်ကူလည်း လာချတယ်။ အဲ့ဒီရဟတ်ယာဉ်နဲ့လည်း ဗုံးကြဲတာတွေလုပ်တယ်။ မနေ့ကတော့ AA က ကြားဖြတ်တိုက်လိုက်တယ်လို့ ကြားတယ်။ သတင်းအတိအကျလည်း ကျွန်တော်တို့ကမရတော့ ထိခိုက်မှုတွေတော့ ပြောလို့မရသေးဘူး”ဟု လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီက ရမ်းဗြဲမြို့ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေခြင်းကြောင့် ရမ်းဗြဲမြို့ရှိ လူနေအိမ်၊ တိုက်တာအဆောက်အအုံ၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများအပါအဝင် သာသနိက အဆောက်အအုံများ အားလုံးနီးပါး ပျက်စီးခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့ရက်တွေကဆို ရဟတ်ယာဉ်တွေနဲ့ရော Y-12 နဲ့ရော ဗုံးတွေလာကြဲသွားတယ်။ ပေါင် ၅၀၀ ဗုံးတွေလားတော့မသိဘူး။ တစ်လုံးကြဲလိုက်ရင် မြို့တစ်ခုလုံးလင်းသွားတာ။ နေဗီကနေ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ တစ်မြို့လုံးကို ပျက်စီးသွားပြီလို့ ပြောလို့ရတယ်။ ပေါက်တောပြီးရင် ဒုတိယပျက်စီးမှု အများဆုံးမြို့က ရမ်းဗြဲမြို့ပဲ”ဟု ရမ်းဗြဲဒေသခံတစ်ဦးက ပြောသည်။
မြန်မာ့နိုင်ငံအရေးလေ့လာသူ ဦးသန်းစိုးနိုင်က “ စိုးရွားတာကတော့ နိုင်ငံတကာကကို စစ်ကောင်စီရဲ့ ဖိနှိပ်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ကန့်ကွက်ဖို့လိုအပ်တာပေါ့။ မြန်မာပြည်မှာက စစ်ဒဏ်အခံရဆုံမြို့လို့ပြောရင် ရခိုင်မဟုတ်သေးပါဘူး။ ရခိုင်မှာက ရက္ခိုင့်တပ်တော်က ပြန်ပြီးခုခံတိုက်ခိုက်မှုက ထိထိရောက်ရောက်ရှိတယ်။ ရခိုင်ပြည်ထက်အဆိုးဆုံးကတော့ စစ်ကိုင်းတိုင်းမှာပါ။ ရခိုင်မှာပဲဖြစ်ဖြစ် စစ်ကိုင်းမှာပဲဖြစ်ဖြစ် စစ်ကောင်စီကတော့က စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေမှာပဲဖြစ်ပါတယ်”ဟု သုံးသပ်သည်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်သို့ စစ်ကူလာချသော စစ်ကောင်စီ၏ ရဟတ်ယာဉ် ၄ စီးသည် အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ရင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ၊ အမ်းမြို့အခြေစိုက် ခမရ ၃၇၃ တို့မှဖြစ်ပြီး ယင်းတပ်ရင်းနှစ်ခုရှိ လက်ကျန်အင်အားများကို ပူးပေါင်းထားခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။