ရခိုင်ပြည်နယ်ရှိ အသက် ၁၈နှစ်မှ ၃၅နှစ်အတွင်းရှိ ရိုဟင်ဂျာများ စစ်မှုထမ်းဆောင်ရန်အတွက် စစ်ကောင်စီက ဖေဖော်ဝါရီ ၁၉ရက်မှ စတင်ကာ စာရင်းကောက်ယူရာတွင် ကျန်းမာရေးမကောင်သူများလည်း ပါဝင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
“ကျတော်တို့ ရှိတဲ့နေရာကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့တည်းက စစ်မှုထမ်းဖို့စာရင်းလာကောက်တာ ကျွန်တော်ဆို ကျန်းမာရေးချို့တဲ့သူပါ၊ ကျန်းမာရေးမကောင်းလဲ သတ်မှတ်ထားတဲ့ အသက်အတွင်းရှိလို့ဆိုပြီး စာရင်းကောက်သွားတယ် ”ဟုကျောက်ဖြူမြို့နယ်၊ ကျောက်တစ်လုံး ရိုဟင်ဂျာစခန်းရှိ အသက် ၂၅ နှစ်အရွယ် ရိုဟင်ဂျာ အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီသည် ကျောက်တစ်လုံး ရိုဟင်ဂျာစခန်းရှိ စစ်မှုထမ်းရန် အသက်ပြည့်မီသည့် ရိုဟင်ဂျာ ၁၃၀ စာရင်းကောက်ခံခဲ့ပြီးနောက် စခန်းရှိတာဝန်ရှိသူများနှင့် ထပ်မံဆွေးနွေးသွားမည်ဟု စစ်ကောင်စီက ပြောကြားခဲ့ကြောင်း ကျောက်တစ်လုံးရွာရှိ ရိုဟင်ဂျာအမျိုးသားတစ်ဦးကပြောသည်။
“စစ်မှုထမ်းဖို့ စာရင်းလာကောက်တာက မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ ခမရ (၅၄၂) တပ်ရင်းတို့လာကောက်တာ၊ ပြည်သူစစ်သင်တန်း ၂ ပတ်ခန့်တက်ရမယ် ပြောတယ်။ ပြီးရင်ရွာကို ကာကွယ်လို့ရအောင် လက်နက်တွေလည်းပေးမှာ”ဟု ကျောက်တစ်လုံး ရွာနေ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။
ယခုကဲ့သို့ စစ်ကောင်စီက စာရင်းကောက်ခံခြင်းသည် ရွာအနီး AAတပ်များ အခြေစိုက်နေသဖြင့် စစ်မှုထမ်းရန်အတွက် သွေးဆောင်းဖြားယောင်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
လက်ရှိ စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ဘူးသီးတောင်၊ မောင်းတော၊ ကျောက်ဖြူမြို့နယ်ရှိ ရိုဟင်ဂျာများကို စစ်မှုထမ်းရန် စာရင်းကောက်ခံနေခြင်းဖြစ်ပြီး ဘူးတောင်မြို့ရှိ ပုဇွန်ချောင်း၊ ငကျိုက်တောင်၊ တပ်ချောင်းရွာများရှိ ရိုဟင်ဂျာများကိုလည်း စစ်သင်တန်းပေးမည်ဟုဆိုကာ အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းများ လည်းရှိသည်ဟု အမည်မဖော်လိုသည့် ရိုဟင်ဂျာတစ်ဦးကပြောသည်။
“ ရိုဟင်ဂျာမလို့ နိုင်ငံသားအဖြစ် မသတ်မှတ်ဘူးလဲပြောတယ်။ အခုစစ်မှုထမ်းခိုင်းတယ်ဆိုကတည်းက စဉ်းစားစရာပါ၊ စစ်မှုထမ်းရပြီဆိုရင် ကျတော်တို့ရိုဟင်ဂျာတွေနဲ့ ရခိုင်လူမျိုးကြားမှာ ပြသနာတွေဖြစ်လာမှာမလို့ စစ်တပ်က အခုလိုလုပ်နေတာ၊ AA နဲ့စစ်တိုက်နေတာ ရှုံးတော့ ကျတော်တို့ကို ဓားစာခံလုပ်နေတာ” ဟု ၎င်းက ဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း စစ်ကောင်စီက စစ်မှုထမ်းရန်လုပ်ဆောင်နေသည့်အပြင် စစ်သင်တန်း တက်ရောက်ရမည်ဟုဆိုကာ ရွာသားများကိုခေါ်ဆောင်မှုအပြင် လုပ်ငန်းရှင်များကိုလည်း ဖမ်းဆီးမှုများရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။