ရခိုင်ပြည်နယ်၊ မြောက်ပိုင်းရှိမြို့နယ်များဖြစ်သော ဘူးသီးတောင်၊ မောင်တောမြို့နယ်များအပါအဝင် မြို့နယ် ၄ ခုကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂၁ ရက်၊ တစ်ရက်တည်းတွင် ပြိုင်တူ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော် သတင်းနှင့် ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောမြို့များရှိ လက်နက်ချအညံ့မခံသော စစ်ကောင်စီ၏ စစ်စခန်း၊ ဗျူဟာ၊ တပ်ရင်း၊ တပ်မ ဌာနချုပ်များကို ရက္ခိုင့်တပ်တော်က ဗျူဟာမြောက်တိုက်ပွဲများဆင်နွှဲနေကြောင်း ဖော်ပြထားသည်။
“ရခိုင်မြောက်ပိုင်းမှာက ၇ မြို့နယ် သိမ်းပြီးပြီ။ ဘူးသီးတောင်၊ မောင်တောဒေသတွေပဲ ကျန်တော့တယ်။ ရခိုင်အလယ်ပိုင်းမှာရှိတဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း နောက်တစ်ခုက အဲ့ဒီနဲ့ ကပ်လျက်ရှိနေတဲ့ မြို့နယ်တွေကိုလည်း ရက္ခိုင့်တပ်တော်အနေနဲ့ သိမ်းပိုက်ဖို့ကြိုးပမ်းနေတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့်လည်း ရခိုင်အလယ်ပိုင်းဒေသတွေလည်း မကြာခင်လွတ်မြောက်တော့မှာ ဖြစ်ပါတယ်”ဟု ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက MPA ကို ပြောသည်။
ရခိုင်ပြည်အလယ်ပိုင်းဒေသများကို ရက္ခိုင့်တပ်တော်အနေဖြင့် သိမ်းပိုက်စိုးမိုးထားနိုင်ပြီဆိုပါက ရခိုင်တစ်ပြည်လုံးအနေဖြင့် လွတ်မြောက်နိုင်ဖို့သည် အချိန်ကာလအားဖြင့် လပိုင်းလောက်သာ လိုတော့မည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
“လက်နက်ကြီးတွေနဲ့က ပစ်နေတာနေ့တိုင်းပဲ။ မြို့ပေါ်ရော ရွာတွေထဲကိုပါ ပစ်တာ။ အိမ်တွေလည်း လက်နက်ကြီးတွေကျလို့ မီးလောင်တာတွေလည်း ရှိတယ်။ ဒေသခံတွေကတော့ စစ်ရှောင်နေပြီ။ အခုလည်း ဘုန်းကြီးကျောင်းတွေမှာ နေကြတယ်။ တချို့ကျတော့လည်း ကိုယ့်အမျိုးအဆွေတွေရှိတဲ့မြို့တွေကို ရှောင်ကြတာပေါ့”ဟု ရသေ့တောင်မြို့နယ်အတွင်းနေထိုင်သည့် ဒေသခံတစ်ဦးက ဆိုသည်။
မြန်မာ့နိုင်ငံအရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “ ရခိုင်ပြည်သူလူထုရော၊ ရခိုင်နိုင်ငံရေးသမားတွေကပါ AA ရဲ့ ရက္ခိတလမ်းစဉ်ကို ကြိုက်ကြပါတယ်။ ဒါကြောင့်လည်း ရခိုင်လူထုက ထောက်ခံတာဖြစ်တယ်။ ရခိုင်လူထုရဲ့ လိုလားချက်တွေကို သူတို့(ရက္ခိုင့်တပ်တော်)က ဖြည့်ဆည်းပေးနေတာဖြစ်ပါတယ်။ အခုကတော့ AA အနေနဲ့ကလည်း ရခိုင်တစ်ပြည်လုံးကို လွတ်မြောက်တဲ့ နယ်မြေဖြစ်စေဖို့အတွက် ကြိုးပမ်းနေတဲ့ ကာလပဲ ရှိပါသေးတယ်”ဟု MPA ကို ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များဖြစ်သော ဘူးသီးတောင်၊ မောင်တောမြို့နယ်များအပါအဝင် မြို့နယ် ၄ ခုကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ရမ်းဗြဲမြို့များရှိ စစ်ကောင်စီ၏ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် မြို့၊ ရွာအသီးသီးရှိ လူရပ်ကွက်များအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်နေကြောင်း သိရသည်။