ချင်းပြည်နယ်၊ ပလက်ဝဒေသတစ်လုံးကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ခဲ့ပြီး ပလက်ဝဒေသသည် စစ်ကောင်စီလုံးဝကင်းစင်သည့် ဒေသဖြစ်လာခဲ့ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်သည်။
ပလက်ဝဒေသတွင်းရှိ စစ်ကောင်စီဗျူဟာကုန်းနှင့် အထိုင်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က ဗျူဟာမြောက်စွာပိတ်ဆို့ထားပြီး စစ်ဆင်ရေးကို ၂၀၂၃ ခု၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကာ စခန်းကုန်းတစ်ခုပြီးတစ်ခုသိမ်းပိုက်၍ ၂၀၂၄ ခု၊ ဇန်နဝါရီ ၁၄ ရက်၊ ညနေ ၃ နာရီအချိန်ခန့်တွင် ပလက်ဝဒေသတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ထည့်သွင်းဖော်ပြထားသည်။
တိုက်ပွဲများအတွင်း သံချပ်ကာကားများ၊ စစ်သုံးကားများ၊ စစ်သုံးမော်တော်ဘုတ်၊ ဟောင်ဝစ်ဇာလက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို ရက္ခိုင်တပ်တော်(AA)က သိမ်းဆည်းရမိခဲ့သည်။
ပလက်ဝသည် ချင်းပြည်နယ်အတွင်းပါဝင်သော်လည်း ရခိုင်ပြည်နယ်အတွက် စစ်ရေးအရသော်လည်းကောင်း၊ ပထဝီအနေအထားအရသော်လည်းကောင်း အချက်အချာကျသည့်ဒေသဖြစ်ပြီး ဘင်္ဂလားဒေ့၊ အိန္ဒိယနှင့် မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းများအတွက်လည် ပလက်ဝမြို့သည် ထောက်ပို့ဗျူဟာစခန်းကြီးတစ်ခုဖြစ်သည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှ စတင်ကာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်သို့ ကုန်စည်များတင်ပို့နိုင်သော လမ်းကြောင်းအားလုံးကို စစ်ကောင်စီကပိတ်ဆို့ထားသလို ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားကြောင်း ပလက်ဝဒေသခံများထံကသိရသည်။