အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရခိုင်ပြည်နယ်မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းသည် အဂတိလိုက်စားမှုများ ရှိနေသည်ဟု ပြည်နယ်စစ်ကောင်စီဝန်ထမ်းများနှင့် ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက ဆိုကြသည်။
အဆိုပါ သယံဇာတရေးရာဝန်ကြီးသည် ရခိုင်ပြည်နယ်အတွက် စစ်ကောင်စီက လုပ်ဆောင်နေသော လုပ်ငန်းများထဲမှ သူကိုင်တွယ်ခွင့်ရမှုများအား သူ၏ တပည့်များနှင့် ရာခိုင်နှုန်းများပေးသော ကုမ္ပဏီများကိုသာ လုပ်ခွင့်ပေးနေသည်ဟု ဆိုကြသည်။
ထိုကဲ့သို့ လုပ်ပိုင်ခွင့်များထဲက အကျိုးအမြတ်ငွေကြေးအများအပြားရယူနေသည့်အပြင် ၎င်း၏ တပည့်များနှင့် လူရင်းများကိုလည်း လူမျိုးရေးဆန်သည့်ကိစ္စများကို ပြောဆိုစေခိုင်းမှုများလည်းရှိသည်ဟု အတည်ပြုပြောကြသည်။
” ရခိုင်က ဖွံ့ဖြိုးရေးကိစ္စတချို့ကို သူဆုံးဖြတ်လုပ်ပိုင်ခွင့်ရတော့ အဲဒါတွေကို သူတပည့်တွေကိုပဲ လုပ်ခွင့်ပြန်ပေးနေတာပါ။ နောက်ပြီးသူ့နဲ့ရင်းနှီးတဲ့ ကုမ္ပဏီတွေ၊ သူ့ကိုပိုက်ဆံများများပေးတဲ့ ကုမ္ပဏီတွေကိုပဲ လုပ်ပိုင်ခွင့်ပေးနေတာပါ” ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ အစိုးရအဖွဲ့ရုံးမှ အရာရှိတစ်ဦးက MPA သို့ ပြောသည်။
၎င်းသည် စစ်တွေမြို့တွင် အသစ်တည်ဆောက်ပြီးသွားသော ရွှေပြားစျေးသစ်ကိုလည်း မလျော်သြဇာများနှင့် လုပ်ပိုင်ခွင့်များကို ကိုယ်ကျိုးအတွက်အသုံးပြုပြီး ဆိုင်ခန်းသုံးခန်းအထိ မတရားရယူထားသည်ဟု ပြည်နယ်အစိုးရအသိုင်းအဝိုင်းက အတည်ပြုပြောကြားသည်။
သူသည် ယခင်စစ်တပ်တပိုင်း ကြံ့/ဖွံ့အစိုးရ ဦးသိန်းစိန်လက်ထက်ကတည်းက စစ်တွေမြို့မိမြို့ဖတစ်ဦးအဖြစ်နှင့် အမျိုးသားရေး တက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ရပ်တည်လှုပ်ရှားခဲ့သဖြင့် တပည့်များပြားပြီး လူသိများသူဖြစ်ကာ ရိုဟင်ဂျာ ဆန့်ကျင်ရေးလှုပ်ရှားမှုများကိုလည်း ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်သည်ဟု ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
ရခိုင်တွင် ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရခိုင်-မွတ်ဆလင် ပဋိပက္ခများမှာ အမျိုးသားရေးတက်ကြွလှုပ်ရှားသူတစ်ဦးအဖြစ် ဦးဆောင်လှုပ်ခဲ့သည့်အပြင် အမျိုးသားရေး အစွန်းရောက်ဆရာတော် ဦးဝိရသူတို့နှင့်လည်း ဆရာရင်းတပည့်အဖြစ် ရင်းနှီးကျွမ်းဝင်ဆက်သွယ် လှုပ်ရှားမှုများပြုလုပ်ခဲ့သည်ဟု ဆိုကြသည်။
” သူက အရင်ကတည်းက အမျိုးသားရေး အရောင်ပြပြီး ကိုယ်ကျိုးရှာခဲ့သူပါ။ အခုက စစ်ကောင်စီဝန်ကြီးဖြစ်သွားတော့ ပိုဆိုးတာပေါ့။ အခုတော့ သူ့တပည့်၊ သူ့နဲ့အဆင်ပြေသူတွေကို လုပ်ပိုင်ခွင့်ပေးပြီး အဲဒီက ပိုက်ဆံတွေအများကြီး လာဘ်စားနေတာပါ” ဟု ရခိုင်စီးပွားရေးလုပ် ငန်းရှင်တစ်ဦးက အတည်ပြုပြောသည်။
ထို ၂၀၁၂ ရခိုင်-မွတ်ဆလင် ပဋိပက္ခအပြီး စစ်ကောင်စီ၏ လက်ရှိပြန်ကြားရေးဝန်ကြီး ဖြစ်နေသော ဦးမောင်မောင်အုန်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လုပ်ခဲ့ချိန်က ဦးသန်းထွန်းကို ရိုဟင်ဂျာဆန့်ကျင်ရေး ဦးဆောင်လှုပ်ရှားသူတစ်ဦးအဖြစ် လယ်သမားများထံမှ မတရားသိမ်းထားသော စစ်တွေမြို့ရှိ သိန်းထောင်ချီတန် မြေကွက်နှင့် ကားတစ်စီးပေးခဲ့ဖူးကြောင်းလည်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက အတည်ပြုပြောဆိုသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်တွင်လည်း NLD ဆန့်ကျင်သူ ရခိုင်လူမျိုးအဖြစ် ဦးဆောင်လှုပ်ရှားခဲ့ပြီး မောင်တောဒေသအတွင်း ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာလူမျိုးတုံး
သတ်ဖြတ်မှုဖြစ်စဥ်အပြီး မောင်တောဒေသရှိ မီးရှို့ခံထားရသော ရိုဟင်ဂျာကျေးရွာများတွင် အမျိုးသားရေး အစွန်းရောက်ဆရာတော် ဦးဝိရသူတို့ အကူအညီနှင့် တိုင်းရင်သားကျေးရွာများ အမြန်တည်ဆောက်ပေးခဲ့ကြောင်းလည်း ရခိုင်ဒေသခံများက ဆိုကြသည်။
ထို လှုပ်ဆောင်မှုများမှာလည်း ငွေကြေး အကျိုးအမြတ်များရရှိခဲ့သည့်အပြင် ယခုစစ်ကောင်စီက စစ်တွေမြို့၊ ကန်တော်ကြီးတူးဖော်ပြုပြင်နေသည့် သိန်းသောင်းချီစီမံကိန်းကို ၎င်းက ဦးဆောင်ဆုံးဖြတ်စီမံခွင့်ရထားသဖြင့် သိန်းထောင်ချီကာ လာဘ်စားမှုများရှိနေသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြည်နယ်အစိုးရအသိုင်းအဝိုင်းက အတည်ပြုသည်။
သူသည် ပြည်နယ်သယံဇာရေးရာဝန်ကြီး ရာထူးကို ရယူထားသဖြင့် ရခိုင်တွင် တရားမဝင်အကြီးအကျယ်ထုတ်လုပ်နေကြသည့် သစ်မှောင်ခိုလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းအကြောင်းပြ မူးယစ်ဆေးဝါး သယ်ယူရေးလုပ်ငန်းများမှလည်း အကျိုး အမြတ်များရယူနေကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက အသိပေးသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စတင်ခဲ့သော အာဏာသိမ်းစစ်ခေါင်းဆောင်၏ ရခိုင်ပြည်နယ်ခရီးစဥ်တွင် ၎င်းကို စစ်ခေါင်းဆောင်နှင့်အတူ အနီးကပ်တွေ့မြင်ရပြီး သူ့အား စီမံလုပ်ပိုင်ခွင့်တချို့ပေးခဲ့သည်ကို တွေ့ရကာ ရိုဟင်ဂျာဆန့်ကျင်ရေးအတွက် ရခိုင်လူမျိုးများကို အသုံးချခိုင်းစေရန်နှင့် ICJ အရေး စစ်ကောင်စီကို ကူညီဆောင်ရွက်ပေးရန်အတွက် အပေးအယူသဘောမျိုးဖြစ်နိုင်သည်ဟု ရခိုင်အရေး အကဲခတ်အချို့က သုံးသပ်ကြသည်။