ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လေယာဉ်ကွင်းဆင်း လမ်းဆုံရှိ စစ်ကောင်စီ၏ ကင်းစခန်းမှ ဖေဖော်ဝါရီလ ၇ ရက်၊ မနေ့ကည ၇ နာရီကျော်အချိန်ခန့်တွင် အကြောင်းမဲ့ပစ်ခတ်သဖြင့် လမ်းပေါ်တွင် သွားလာနေသည့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း မြင်တွေ့လိုက်ရသူများက အတည်ပြုပြောကြားသည်။
အဆိုပါ လေယာဥ်ကွင်းဆင်းလမ်းဆုံတွင် ရိုဟင်ဂျာဗလီထဲအတွင်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက စခန်းချနေကြပြီး ဘုရားနှင့် ကပ်ရပ်နေရာတွင် စစ်သားများက စခန်းချနေထိုင်နေကြခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုကြသည်။
” ပစ်သံနဲ့ လူကို ထိတဲ့အသံက တပြိုင်တည်းလို ကြားရတာပါ။ ထွက်ကြည့်လိုက်တော့ စစ်သားတွေ ထမ်းယူသွားကြပါတယ်။ ဘာကြောင့် ပစ်တယ်၊ အပစ်ခံရတာဘယ်သူဆိုတာ မသိပါဘူး” ဟု ကိုယ်တိုင်မြင်တွေ့လိုက်ရသူတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးအနားရှိ လူနေအိမ်များ၊ စျေးဆိုင်များကို ပိတ်ထားကြသည့်အပြင် ထိုကဲ့သို့ ပစ်ခတ်ခံရသူကို လာရောက်ရှာဖွေမေးမြန်းမှုများ မရှိသဖြင့် တခြားမြို့မှ တက္ကသိုလ်လာတက်နေသူ တစ်ဦးဦးဖြစ်နိုင်ကြောင်းလည်း ထိုအနီးအနားရှိ နေထိုင်သူများက ဆိုကြသည်။
အာဏာသိမ်းစစ်ကောင်စီ၏ ပြည်နယ်ရုံးစိုက်သည့်နေရာတွင် သေနတ်ပစ်ခတ်မှုများ၊ ပစ်သတ်ခံရမှုများ မကြာခဏဖြစ်ပွားနေသဖြင့် မြို့နေပြည်သူများမှာ မလုံခြုံမှုများ ခံစားနေကြရသည်ဟုဆိုကြသည်။
” စစ်တွေမှာက ခိုးဆိုးလုယက်တာတွေလည်း မကြာခဏဖြစ်နေတော့ သေနတ်ပစ်ခံရတယ်ဆိုရင် ပိုပြီးစိုးရိမ်နေရပါတယ်။ အခုက ကျောင်းသွားကျောင်းပြန်တောင် စိုးရိမ်စရာ ဖြစ်နေပါတယ်” ဟု စစ်တွေမြို့၊ မကျည်မြိုင်ရပ်ကွက်နေ တက္ကသိုလ်ကျောင်းသူတစ်ဦးက MPA သို့ ပြောသည်။
ထိုစစ်တွေမြို့တွင် ပြီးခဲ့သည့်ဇန်နဝါ ရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့ကလည်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်သုံးဦး သေနတ်ဖြင့် ပစ်သတ်လုပ်ကြံခံခဲ့ရသည်။
ထိုအပြင် ပြီးခဲ့သည့် မိုးရာသီကလည်း စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင် နယ်ထိန်းအရာရှိတစ်ဦး စစ်တွေမြို့၊ ပြည်သူ့ဆေးရုံအနီး လမ်းမကြီးတွင် မီးပွိုင့်မိနေစဥ် ပစ်သတ်ခံရဖူးသည်။
ထို့နောက် စစ်ကောင်စီ၏ ငါးလုပ်ငန်းဦးစီးဌာနမှ အရာရှိတစ်ဦးလည်း စားသောက်ဆိုင်အတွင်း ဆိုင်ထိုင်စားသောက်နေစဥ် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခံခဲ့ရဖူးသည်။
စစ်ကောင်စီ၏ ပြည်နယ်ရုံးစိုက်ထားသည့်အပြင် တပ်ရင်း၊ တပ်စခန်းအများအပြားရှိနေပြီး လုံခြုံရေး များပြားတင်းကျပ်ထားသည့် စစ်တွေမြို့ပေါ်တွင်း သေနတ်ကိုင်လူသတ်၊ လူရမ်းကားများအပေါ် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီ၊ နှစ်ဘက်စလုံးမှ ထိထိရောက်ရောက် အရေးမယူနိုင်သည့်အပေါ်မြို့နေပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။
Photo – MPA (ပုံစာ- စစ်တွေမြို့ပေါ်ရှိ စစ်ကောင်စီ၏ ရုံးတစ်ရုံးတွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး)