ရခိုင်တွင် သောက်သုံးရေရှားပါးမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ မရှိသဖြင့် ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဒေသခံအချို့ အရေပြားရောဂါများ ဖြစ်ပွားနေကြသည်ဟု ဒေသခံများက အတည်ပြုပြောကြသည်။
အဆိုပါ အရေပြားရောဂါသည် ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား၊ ရသေ့တောင် စသည့် မြို့နယ်များ၏ ကျေးရွာအချို့တွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုကြသည်။
” မုန်တိုင်းတိုက်ပြီးကတည်းက ရေကသောက်ရင် ငံပါတယ်။ အဲဒီနောက်ပိုင်း ယားနာတွေ ဖြစ်ကြပါတယ်။ ကလေးရော၊ လူကြီးပါ။ ပိုက်ဆံမရှိတော့ စစ်တွေမှာ သွားမကုနိုင်ကြပါဘူး။ လိမ်းဆေးတွေဝယ်ပြီး အိမ်မှာပဲကုကြပါတယ်” ဟု ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာသားတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ဖြစ်ပွားနေသည်များတွင် ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာလည်းပါဝင်ပြီး သောက်သုံးရေများ မသန့်ရှင်းသဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ ကလေးသူငယ်များ အပါအဝင် လူကြီးများပါမကျန် အရေပြားယားယံမှုဝေဒနာကို ခံစားနေကြရသည်။
ယင်းနေရာများတွင် အသက်ငါးနှစ်ဝန်းကျင် ကလေးများအနေဖြင့် ဝမ်းရောဂါ မကြာခဏဖြစ်လေ့ရှိပြီး တစ်ရွာလုံးအသုံးပြုနေကြသည့် သောက်သုံးရေကန်များတွင် ဆားငံရေများ ဝင်ရောက်နေသည့် အခြေအနေများရှိသည့်အတွက် မသန့်ရှင်းတော့ဟု ရွာသားတွေက ဆိုကြသည်။
” ရာသီဥတု ပြောင်းလဲမှုကြောင့် ပြီးခဲ့တဲ့မိုးရာသီက ရခိုင်မှာ မိုးတအားခေါင်ခဲ့ပါတယ်။ အဲဒီ အကျိုးဆက်က အခု ရေရှားပါးလာပါတယ်။ နောက်ပြီး အနာရောဂါတွေလည်း ပိုဖြစ်လာကြတယ်” ဟု ရခိုင်အခြေစိုက် သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတစ်ဦးက MPA သို့ ပြောသည်။
ထို သဲခုံကျေးရွာတွင် အိမ်ခြေ ၄၀၀ ခန့်၊ လူဦးရေ ၁၉၀၀ ခန့်ရှိပြီး ကျေးရွာနေ ပြည်သူအများစုမှာ ရေလုပ်ငန်းကို လုပ်ကိုင်ကြပြီး ထိုကျေးရွာသည် သောက်သုံးရေပြဿနာကို နှစ်စဥ်ကြုံတွေ့နေကြရသော်လည်း ယခုနှစ် မိုးရာသီက မုန်တိုင်းကြောင့် သောက်သုံးရေကန်များထဲသို့ ပင်လယ်ရေများ ဝင်ရောက်ခဲ့သည်ဟု ရွာသားများက ဆိုကြသည်။
ထိုကြောင့် ဆားငံရေဝင်နေသည့် ရေများကိုသာ သောက်သုံးနေရသည့်အပြင် ထိုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနလည်း မရှိသဖြင့် ကျန်းမာ ရေးစောင့်ရှောက်မှုများလည်း မရှိကြကြောင်း ရွာသားများက ဆိုကြသည်။
ရခိုင်တွင် စစ်ကောင်စီက နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုများကို မြို့ပေါ်တွင် ဟန်ပြလုပ်ဆောင်ပြနေသော်လည်း အမှန်တကယ်လိုအပ်ပြီး လုပ်သင့်သည့် နေရာများသို့ မရောက်ရှိကြောင်းလည်း ဒေသခံပြည်သူများက ဝေဖန်ပြောဆိုနေကြသည်။