အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ပြီးနောက် စစ်ကောင်စီ၏ ပြောင်းလဲမှုများထဲတွင် အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အစားထိုးခန့်အပ်လိုက်သည်ကို တွေ့ရသည်။
အဆိုပါ အငြိမ်းစားဗိုလ်မှူးကြီး ဦးထိန်လင်းကို ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၁၉ အရ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်၊ မနေ့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၏ လက်မှတ်ဖြင့် ထုတ်ပြန်အသိပေးလိုက်ခြင်းဖြစ်သည်။
” သူက စစ်ဗိုလ်မှူးကြီးဟောင်းဖြစ်သလို ရခိုင်မှာ တာဝန်ကျခဲ့သူပါ။ သူ့က ရခိုင်တွေအတွက် နည်းနည်းတော့ ပြဿနာရှိမယ်ထင်ပါတယ်” ဟု ရခိုင်ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
အငြိမ်းစား စစ်ဗိုလ်မှူးကြီး ဦးထိန်လင်းသည် ယခင် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလများတွင် သဘောထားတင်းမာမှုများ၊ ဒေသခံပြည်သူများနှင့် ဆက်ဆံရေးအဆင်မပြေမှုများအပြင် ဖမ်းဆီးအရေးယူမှုများကိုလည်း ဦးဆောင်ပြုလုပ်ခဲ့ဖူးသည်ဟု ရခိုင်ပြည်သူများက ဆိုကြသည်။
ထို အငြိမ်းစား စစ်ဗိုလ်မှူးကြီးသည် ရခိုင်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ထမ်းဆောင်ခဲ့ပြီး အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကွဲမှူးဌာနချုပ်ရှိသည့် ဘူးသီးတောင်မြို့နယ်တွင် ဗျူဟာမှူးအဖြစ်တာဝန်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (လုံနယ်ဝန်ကြီး) အဖြစ် ခန့်အပ်ခံခဲ့ရသူလည်းဖြစ်သည်။
” ရခိုင်ပြည်သူတွေထက် အေအေကို စစ်ရေးအရ ဖိအားပေးဖို့ လုပ်ဆောင်ဖို့အတွက် ရခိုင်အခြေအနေကို သိသူလည်းဖြစ်တယ်။ ကိုယ်တိုင်လည်းစစ်သားဘဝနဲ့ နေခဲ့သူကို တာဝန်ပေးတာလို့ မြင်တယ်” ဟု ရခိုင်လွှတ်တော်အမတ်ဟောင်းတစ်ဦးက MPA သို့ ပြောသည်။
သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက် ၂၀၂၀ ပြည့်နှစ်၊ မတ် ၃၁ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အမိန့်ဖြင့် နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံခဲ့ရသူလည်း ဖြစ်သည်။
ထို့ကြောင့် ရခိုင်ပြည်နယ်အရေးအပြင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဥ်နှင့် NLD အစိုးရအကြောင်းပါ ၎င်းအနေဖြင့် နားလည်သူတစ်ဦးဖြစ်သည့်အတွက် စစ်ကောင်စီ ခေါင်းဆောင်က သဘောကျ ရွေးချယ်ခြင်းနိုင်ဖြစ်သည်ဟု သုံးသပ်ပြောဆိုနေကြသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာဏာသိမ်းစစ်တပ်တို့အကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က ရုတ်တရက် အပစ်ရပ်ထားသော်လည်း စစ်ကောင်စီဘက်က စစ်သည်လက်နက် ရိက္ခာဖြည့်တင်းမှုများနှင့် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေသည်ဟု ရခိုင်ပြည်သူများက ဆိုကြသည်။
မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင် အာဏာသိမ်းခဲ့သည့်အပြင် ၂ နှစ်ပြည့်သည့် ၂၀၂၃ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နောက်ထပ် ၆ လအထိ သက်တမ်းထပ်တိုးကြောင်း ထုတ်ပြန်ထားသည်။