မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲကို ပိုမိုပြောင်းလဲ တိုးတက်လာစေမည့် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေ ရွေးကောက်ပွဲလအတွင်း ပြင်းထန်စွာ ဖြစ်ပွားနေသည့် ရခိုင်စစ်ပွဲသည် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
ထိုကဲ့သို့ တစ်နှစ်ကျော်ကြာ ရပ်တန့်နေခဲ့သည့် ရခိုင်စစ်ပွဲသည့် ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် တကျော့ပြန်ပြန်လည် ဖြစ်ပွားလာခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်နစ်နာမှု များပြားနေသဖြင့် ဒေသခံပြည်သူကို ဗဟိုပြုသည့် ဖြတ်လေးဖြတ်ကို အပြင်းထန်ဆုံး ပြုလုပ်ခဲ့သည်။
သို့သော် ထိုတကျော့ပြန်တိုက်ပွဲသည်လည်း ယခင်တိုက်ပွဲကာလနည်းတူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရုတ်တရက် အပစ်ရပ်လိုက်ကြပြီး ထိုအပစ်ရပ်မှုကို နှစ်ဖက်စလုံးမှ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ကြသော်လည်း ဆွေးနွေးသဘောတူညီမှု အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိကြပေ။
ထိုကဲ့သို့ နှစ်ဘက်သဘောတူ အပစ်ရပ်ထားကြသော်လည်း ထိုအပစ်ရပ်ပြီး နောက်တစ်ရက်မှ စတင်ပြီး စစ်ကောင်စီတပ်က လက်နက်၊ ရိက္ခာ ၊စစ်သည်အင်အား ဖြည့်တင်းခြင်းများအပြင် စစ်စခန်းအသစ်များတိုးချဲ့တည်ဆောက်ခြင်း နှင့် စစ်ရေးလေ့ကျင့်မှုများထိ ပြုလုပ်နေသည်။
ထိုအခြေအနေများကို သိရှိနေကြသည့် စစ်ကောင်စီတပ်များမှ စစ်အရာရှိကြီးများ၊ စစ်ရေးစောင့်ကြည့်လေ့လာသူများနှင့် ဒေသခံများကမူ ရခိုင်တွင် အခြေစိုက်လှုပ်ရှား အင်အားကြီးထွားလာနေသည့် ရက္ခိုင့်တပ်တော်(AA)ကို အမြစ်ဖြတ် တိုက်ထုတ်ရန်အတွက် စစ်ကောင်စီတပ်မှ အစွမ်းကုန် ကြိုးစား ပြင်ဆင်နေခြင်းဖြစ်သည်ဟု အတိအကျ ပြောဆိုကြသည်။
ထိုအချက်ကို မှန်ကန်ခိုင်မာစေသည်မှာ ရခိုင်တစ်ပြည်နယ်လုံးတွင် ကြည်း၊ ရေ၊ လေ အင်အားအများဆုံးဖြည့်တင်းထားရုံမျှမက ရခိုင်တစ်ပြည်နယ်လုံးတွင် ရှိနေကြသည့် စစ်ကောင်စီဝန်ထမ်း အားလုံး၏ ဇနီးမယားများအပြင် သားသမီးများကိုပင် အခြေခံ စစ်ပညာသင်တန်းများ မတက်မနေရ တက်ခိုင်းကာ သင် တန်းများပေးနေခြင်းက သက်သေခံနေသည်ဟု ဆိုကြသည်။
ရခိုင်ပြည်နယ် တစ်ခုလုံးရှိ စစ်ကောင်စီ ရဲတပ်ဖွဲ့အားလုံး၏ ဇနီးမယား နှင့် မိသားစုဝင်များကို ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ လ ၉ ရက်နေ့မှဇန်နဝါရီလ ၂၀ ရက်နေ့ အထိ အခြေခံ စစ်သင်တန်းကို မတက်မနေရ တက်ခဲ့ကြရခြင်းဖြစ်သည်ဟု ထိုသင်တန်းသို့ တက်ရောက်ခဲ့ကြရသည့် ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များက
အတည်ပြု ပြောကြသည်။
ထိုအခြေခံစစ်သင်တန်းတွင် စစ်ရေးပြသင်တန်းနှင့် လက်နက်ငယ်ပစ် သင်တန်းများကို မွန်းမံသင်တန်းများအဖြစ် ထည့်သွင်း လေ့ကျင့်ပေးနေခြင်းဖြစ်ပြီး မြေပုံမြို့နယ်မှ ရဲတပ်ဖွဲ့ဝင် မိသားစုဝင်များကို မြေပုံမြို့နယ်၊ ထူးချေကျေးရွာအုပ်စုရှိ ကိုင်းတောချေတောင်တန်းတွင် သင်ကြားပေးခဲ့ခြင်းဖြစ်သည်ဟု အတိ
အကျ ထုတ်ဖော်ပြောဆို ကြသည်။
ထိုရဲတပ်ဖွဲ့ဝင်များ၏ ဇနီးမယားများကို ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည့် ၂၀၂၀ ပြည့်နှစ်တွင် အခြေခံစစ်သင်တန်း တစ်ကြိမ် ပေးထားခဲ့ပြီး ယခု ၂၀၂၃ တွင် ပြန်လည်စတင် သင်တန်းများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ရှင်းပြကြသည်။
ထိုကဲ့သို့ စစ်သင်တန်းများပေးရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးကိစ္စများ လုပ်ဆောင်နေသည့် အဖွဲ့များလည်း ပါဝင်နေပြီး ရခိုင်တွင် တပ်မ၊ ဗျူဟာများအပြင် ရေတပ်စခန်းများကိုလည်း အင်အားဖြည့်တိုးချဲ လုပ်ဆောင်နေကြောင်းလည်း စစ်ကောင်စီ အရာရှိအချို့က အတည်ပြု ပြောကြသည်။
ရခိုင်သို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့က လာရောက်ပြီး သံတွဲမြို့နယ်၊ ငပလီကမ်းခြေအနီးရှိ ကျွန်းပေါ်တွင် တည်ရှိသည့် စစ်ကောင်စီ၏ ရေတပ်စခန်းသို့ သွားရောက်ခဲ့သည့်အပြင် သံတွဲမြို့နယ်တစ်ခုလုံးရှိ စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်အားလုံးနှင့် တွေ့ဆုံခဲ့သည်။
ထိုနေ့တစ်ရက်တည်းတွင် အာဏာသိမ်း စစ်ကောင်စီ၏ ကောင်စီဝင်တစ်ဦး ဖြစ်သည့် ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် မောင်တောမြို့ နယ်မှ အရေးပါသည့် တပ်မ၊ ဗျူဟာ၊ ဌာနချုပ်နှင့်တပ်ရင်းများသို့ သွားရောက်ခဲ့ပြီး စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။
ရခိုင်တွင် တကျော့ပြန်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အထိုင်စခန်းများအပြင် စခန်းအချို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ ကြိမ်ချောင်းဗျူဟာကို တပ်မအဆင့်တိုးမြင့်ကာ စစ်သည်လက်နက်အင်အားများ ဖြည့်တင်းထားသည့်အပြင် ဘူးသီးတောင်မြို့နယ်တွင် အခြေစိုက်သည့် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ(၁၅))ကိုလည်း မောင်တောမြို့၊မြို့သူကြီးရှိ တပ်ရင်းတွင် ယာယီဌာန ချုပ်အဖြစ် ကွပ်ကဲလှုပ်ရှားနေကြောင်းလည်း စစ်ကောင်စီအရာရှိအချိုက ဆိုကြသည်။
ထိုအပြင် ရက္ခိုင့်တပ်တော်(AA)က နေရာအများဆုံး ထိန်းချုပ်ထားပြီး ယခင်တိုက်ပွဲကာလများတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အထိနာခဲ့သည့် ရသေ့တောင်မြို့နယ်တွင်လည်း ရှေ့တန်းအမှတ်(၂၂)၊ ခြေလျှင်တပ်မဌာနချုပ်အ ဖြစ်ဖွင့်လှစ်လှုပ်ရှားနေပြီး ထိုတပ်မ ၂၂ ၏ ယာယီနည်းဗျူဟာမှူး၊ ဒုတိယ ဗိုလ်မှူးကြီးသက်ထွေးကို ဦးဆောင်လှုပ်ရှားရန် တာဝန်ပေးထားသည်ဟု ဆိုကြသည်။
ရခိုင်စစ်ရေး စောင့်ကြည့်လေ့လာသူများနှင့်ဒေသခံများကမူ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ပုဏ္ဏားကျွန်းမြို့နယ်များရှိ ရက္ခိုင့်တပ်တော် (AA)၏ တပ်စခန်းများ၊ အထိုင်စခန်းများ၊ ဗျူဟာများနှင့်တပ်မများကို စစ်ကောင်စီတပ်မှ သာလွန်အင်အားဖြင့် ပိတ်ဆို့ထားပြီး ဖြတ်လေးဖြတ်ဖြင့် စစ်မတိုက်ဘဲ အမြစ်ဖြတ်ရန် ကြိုးစားလုပ်ဆောင်နေသည်ဟု ဆိုကြသည်။
ရခိုင်တွင် အပစ်ရပ်လိုက်ပြီးနောက် စစ်ကောင်စီ၏ ပြည်နယ်ဝန်ကြီးချုပ်ပါအဖွဲ့သည် ရသေ့တောင်မြို့နယ်သို့ထိသွားရောက် ကွင်းဆင်းလှုပ်ရှားလာနိုင်သည်ကို တွေ့ရပြီး ထိုမြို့နယ်သို့ အမျိုးသားဒီမိုးကရေစီအဖွဲ့ချုပ်(NLD)လက်ထက်မှ စတင်ခဲ့သည့် တိုက်ပွဲဖြစ်မှ ယနေ့အထိ ဝန်ကြီးချုပ်ရာထူးဖြင့် ပထမဆုံး လာရောက်ရဲကြခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
ထိုရသေ့တောင်မြို့နယ်အတွင်း ရက္ခိုင့်တပ်တော်(AA) ၏ ယာယီဌာနချုပ်နှင့် ရက္ခိုင့်တပ်တော်(AA)၏ ရခိုင်ပြည်တွင်းရှိ အကြီးဆုံး တပ်မဟာမှူး ဗိုလ်မှူးကြီး ဒေါင်းရံ အခြေစိုက် နေထိုင် ထိန်းချုပ်လှုပ်ရှားရာနေရာလည်းဖြစ်သည်ဟု ရခိုင်ပြည်သူများက အတည်ပြုပြောကြသည်။
ရခိုင်တွင် အပစ်ရပ်ပြီးနောက် စစ်ကောင်စီ၏ စစ်ရေးအင်အား ဖြည့်တင်းမှုများ နှင့် စစ်ရေးလှုပ်ရှားမှုများမှာ ပိုမိုလွတ် လပ်များပြားလာနေပြီး တိုက်ပွဲကာလများထက် ပိုမိုများပြားနေသော်လည်း ရက္ခိုင့်တပ်တော်(AA)မှ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆို ကန့်ကွက်မှုများနှင့် စစ်ရေးအရ ထိန်းချုပ်လှုပ်ရှားမှုများ မရှိ
ဟုလည်း ရခိုင်ပြည်သူများက ဝေဖန်ပြောဆို နေကြသည်။
ထိုအပြင် တစ်နိုင်ငံလုံးတွင် ဖမ်းဆီးမှုများ၊ ကန့်ကွက်မှုများနှင့် ရုံးများအား မီးရှို့ဖျက်ဆီးခံရမှုများ ရှိနေသည့် ရွေးကောက်ပွဲအကြို လူဦးရေအိမ်ထောင်စုစာရင်း ကောက်ယူမှုကိုလည်း ရခိုင်ပြည်နယ်တစ်ခုလုံးတွင် စစ်ကောင်စီက အတားအဆီး ကန့်ကွက်မှုများမရှိဘဲ လွတ်လပ်စွာ စိတ်ကြိုက်လုပ်နိုင်သည်ဟုလည်း ရခိုင်အရေးစောင့်ကြည့်လေ့လာနေသူများက ထောက်ပြကြသည်။
အာဏာသိမ်းစစ်တပ်သည် စစ်ရေးအင်အား ဖြည့်တင်းမှုများ၊ စစ်ရေးလေ့ကျင့်မှုများ၊ စစ်ကောင်စီ၏ အရေးပါသည့် လှုပ်ရှားမှုများအပြင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားသည့် အဖွဲ့အစည်းများကိုကန့်သတ်ထားမြစ်ခြင်းအပြင် စစ်ဘေးရှောင်များကိုလည်း ဖိအားပေးခြိမ်းခြောက်မှုများအထိ လွတ်လပ်စွာပြုလုပ်နေနိုင်သည်ဟုလည်း ဝေဖန်ပြောဆိုကြသည်။
ထိုကဲ့သို့ ပြုလုပ်ပြောဆို နေနိုင်မှုများသည် ရခိုင်တွင် အာဏာ အားပြိုင်နေကြသည့် စင်ပြိုင်အစိုးရပုံဖမ်းနေကြသော ရက္ခိုင်ပြည်သူ့အစိုးရအဖွဲ့(ULA/AA)၏ ထိန်းချုပ်လွှမ်မိုးမှုကို တန်ပြန်ချေဖျက်ပြနေရာ ရောက်သည့်အပြင် ရက္ခိုင့်တပ်တော်(AA)၏ စစ်ရေးအင်အားနှင့် စစ်ရေးလှုပ်ရှားမှုများကို ထိန်းချုပ် ကစားနိုင်သည်ဟု ပြသရာရောက်ကြောင်း ရခိုင်လွှတ်တော် အမတ်ဟောင်းများက ဆိုကြသည်။
ထိုလှုပ်ရှားမှုများသည် အာဏာသိမ်း စစ်တပ်မှ ရခိုင်ပြည်နယ်ကို လက်လွှတ်မပေးကြောင်း နှင့် မြန်မာ-ဘင်္ဂလာနယ်စပ်အတွက် အရေးပါသည့် မောင်တောဒေသ တစ်ခုတည်းကိုပင် လက်လွတ်ပေးမည်မဟုတ်ကြောင်း တပ်မ ၂ ခု၊ စစ်ဗျူဟာ ၇ ခု၊ တပ်ရင်းပေါင်းများစွာနှင့် စစ်သည်အင်အား တစ်သောင်းကျော် ဖြည့်တင်းထားမှုက သက်သေပြနေသည်ဟု ဆိုကြသည်။
ထိုအပြင် ဒေသခံပြည်သူလူထုကို စည်းရုံးနှစ်သိမ့်သည့်အနေဖြင့် ရခိုင်တစ်ပြည်နယ်လုံးတွင် ပွဲလမ်းသဘင် အခမ်းအနားများ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြု လုပ်ပေးခြင်းများနှင့် သတင်းအချက်အ
လက်များ ရယူရန်နှင့် မြေပြင်အခြေအနေများကို သိရှိရန်အတွက် နယ်လှည့် အခမဲ့ဆေးဝါး ကုသပေးခြင်းခေါင်းစဥ်ဖြင့် စစ်သားအများအပြားကို ရခိုင်တစ်ပြည်နယ်လုံးသို့ စစ်ရေးလှုပ်ရှား သတင်းဦးရယူ နယ်မြေစိုးမိုးခြင်းများကိုလည်း ဆက်တိုက် ပြုလုပ်နေကြသည်ဟု ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းက ထောက်ပြဝေဖန်ပြောဆို နေကြသည်။
ထို့ကြောင့် ရခိုင်တွင် အပစ်ရပ်ပြီးနောက် အာဏာသိမ်း စစ်တပ်သည် ရက္ခိုင့်တပ်တော်(AA)ကို ရခိုင်မြေမှအမြစ်ဖြတ် ချေမှုန်းတိုက်ထုတ်နိုင်ရန်အတွက် လိုအပ်သည့် စစ်ရေးအသာရမှုများကို အားလုံးပြုလုပ်ပြင်ဆင်နေခြင်း ဖြစ်သည်ဟု ရခိုင်စစ်ရေး စောင့်ကြည့်လေ့လာသူများက သုံးသပ်ပြကြသည်။
ထိုအပြင် ရခိုင်ပြည်သူလူထုအပေါ်မှာ သြဇာလွှမ်မိုး ထောက်ခံမှုများရနေသည့် ရက္ခိုင့်ပြည်သူ့အစိုးရအဖွဲ့၏ တည်ရှိနေမှုကို ချေဖျက်ဖဲ့ထုတ်ရယူနေခြင်းလည်း ဖြစ်သည့်အတွက် ရခိုင်တွင် အပစ်ရပ်ပြီးနောက် စစ်ကောင်စီ၏ ခြေလှမ်းများသည် ရက္ခိုင့်တပ်တော်(AA)ကျဆုံးရေးသို့ အားသွန်ခွန်စိုက် အလှမ်းကျယ်ကျယ်လှမ်းနေခြင်းသာ ဖြစ်သည်ဟု ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူများနှင့် ရခိုင်နိုင်ငံရေးအသိုင်းအဝန်းက ဝေဖန်သုံးသပ် ထောက်ပြပြောဆို နေကြတော့သည်။