အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်တွင် ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်လုပ်ခဲ့သည့် ဦးညီပုကို ဖမ်းဆီးတရားစွဲဆိုထောင်ဒဏ်များ ချမှတ်ထားသည့် အာဏာသိမ်းစစ်တပ်မှ ဆေးဝါးကုသခွင့်မပေးကြောင်း မိသားစုဝင်များက အတည်ပြုပြောကြားသည်။
အဆိုပါ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်ကောင်စီကထောင်ဒဏ် ၁၃ နှစ်ကျော်အထိ ချမှတ်ထားပြီး ထိုပြစ်ဒဏ်ကိုစစ်တွေမြို့ရှိ အကျဉ်းထောင်အတွင်း မတရားကျခံနေရစဥ် မျက်လုံးတစ်ဖက် တိမ်ပေါ် ကာ မမြင်ရတော့ဟု မိသားစုဝင်များက အသိပေးသည်။
ထို မျက်လုံးတိမ်စွဲနေမှုကို ခွဲစိတ်ကုသမှုခံယူခွင့်ရဖို့ သူကိုယ်တိုင်တင်ပြထားသည်မှာ ငါးလခန့်ရှိနေပြီ ဖြစ်သော်လည်း စစ်ကောင်စီက ဆေးကုသခွင့်မပေးကြောင်း ဆိုသည်။
” ဆေးကုသခွင့်က အခုထိ မရသေးဘူး။ မျက်လုံးတစ်ဖက် တိမ်ပေါ်လို့ မမြင်ရတော့ဘူး။ အဲဒါကို ခွဲစိတ်ကုသချင်တာပါ”ဟု ဦးညီပု၏ သမီးကြီးဖြစ်သူ မကြည်ကြည်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ဆေးဝါးကုသခွင့်မရသည့်အပြင် ၎င်းကို ဖမ်းဆီးခေါ်ဆောင်သွားသည့်နေ့မှ ယနေ့အထိ နှစ်နှစ်နီးပါးကြာလာသော်လည်း မိသားစုဝင်များနှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ခွင့်မရသေးကြောင်းလည်း မိသားစုဝင်များက ပြောသည်။
ထိုကဲ့သို့ ဆေးဝါးကုခွင့်မပေးခြင်းသည့် စစ်ကောင်စီအနေဖြင့် အကျဉ်းသား အခွင့်အရေးသာမက အခြေခံလူ့အခွင့်အရေးကိုပါ ချိုးဖောက်နေခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက အသိပေးသည်။
“အကျဉ်းသားနဲ့ ပတ်သက်ရင်တော့ လူ့အခွင့်အရေးမှာ အကျဉ်းသား အခွင့်အရေးဆိုတာရှိတယ်။ အကျဉ်းသားတစ်ယောက် နေမကောင်းဖြစ်တယ်ဆိုရင် ဆေးဝါးကုသခွင့်ပေးရမယ်။ မပေးဘူးဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက် နေတာပါ” ဟု လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက MPA သို့ ပြောသည်။
ထို ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို အာဏာသိမ်းစစ်ကောင်စီမှ နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂ နှစ်၊ အဂတိအမှု ၃ မှု၊ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်မှု ပုဒ်မ ၁၃ဝ (က) တို့ဖြင့် ၁၁ နှစ်နှင့် ၄ လ ထောင်ဒဏ်ခံမှတ်ထားသည်။
အာဏာသိမ်းစစ်ကောင်စီသည် သူတို့ မတရားဖမ်းဆီးထောင်ချထားသူများအပေါ် ဆေးဝါးကုသခွင့် မပြုသည့်ကိစ္စများအပါအဝင် ညှင်းပန်းနှိပ်စက်ခြင်းများ၊ အခြေခံလူ့အခွင့်အရေးချိုးဖောက်မှုများ စသည်တို့ကို ပြုလုပ်နေသည့်အတွက် နိုင်ငံရေးအကျဉ်းသားများ သေဆုံးမှုများရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အသိပေးထားသည်။