ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား အပစ်ရပ် ထားသော်လည်း စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေသခံပြည်သူများကို ဆက်လက် တရားစွဲဆိုမှုများ ပြုလုပ်နေသည်ဟု မိသားစုဝင်များနှင့် ဒေသခံများက ဆိုကြသည်။
တကျော့ပြန် ရခိုင်တိုက်ပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က နှစ်ဘက်သဘောတူ အပစ်ရပ်လိုက်ကြသော်လည်း စစ်ကောင်စီက ဖမ်းဆီးထားသည့် အပြစ်မဲ့အရပ်သားများကို ပြန်လွှတ်မပေးဘဲ ထိုကဲ့သို့ ဆက်လက်တရားစွဲဆို ရုံးထုတ်နေခြင်းဖြစ်သည်ဟု ဆိုကြသည်။
ထိုကဲ့သို့ ဖမ်းဆီးခံထားရသူများထဲက ၇ ဦးကို ဇန်နဝါရီလ ၂ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ထိုသူများကို ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲခံထားရသူများကြောင်း ကျောက်တော်မြို့ခံများက ဆိုကြသည်။
” ဒီနေ့ (ဇန်နဝါရီ ၂ ရက်) ကျောက်တော်မှာ ၇ ယောက်ကို ရုံးထုတ်စစ်ဆေးပါတယ်။ မနက်ဖြန်တော့ (ဇန်နဝါရီ ၃ ရက်) နောက်သုံးယောက်ကို ရုံးထုတ်စစ်ဆေးပါမယ်။ အကုန်လုံးက အရပ်သားတွေပါ။ အဓိက အေအေနဲ့ ဆက်စပ်တယ်လို့ အကြောင်းပြ တရားစွဲတာပေါ့” ဟု ကျောက်တော်မြို့မှ လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက MPA သို့ ပြောသည်။
ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တကျော့ပြန်ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က အပြစ်မဲ့ အရပ်သားရခိုင်ပြည်သူ ၃၂၄ ဦးအထိ ဖမ်းဆီးခဲ့ပြီး ထိုအထဲက ၂၃၉ ဦးကို ဆက်လက် ဖမ်းဆီးကာ အမှုဖွင့်တရားစွဲဆိုထားဆဲ ဖြစ်သည်ဟု အေအေက ပြောဆိုထားသည်။
ကျောက်တော်မြို့နယ် တရားရုံးတွင် ဇန်နဝါရီ ၂ ရက်နေ့က ရုံးထုတ်စစ်ဆေးခံရသူများမှာ မင်းပြားမြို့မှ ဦးစောမိုးကျော်၊ မြေပုံမြို့နယ်မှ မောင်မျိုးကို၊ မြောက်ဦးမြို့မှ ကျော်မောင်လင်း၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ဦးသန်းစိုး၊ ကိုမျိုးဦး၊ ကျောက်တော်မြို့နယ်မှ မောင်သန်းဌေးနှင့် မောင်ထွန်းလှိုင်တို့ဖြစ်ကြသည်ဟု ဆိုကြသည်။
” ကိုယ့်ပြည်ထဲမှာ ခရီးသွားနေရင် လမ်းကနေ ဖမ်းသွားတာပါ။ ဘာအပြစ်မှ မရှိသလို ဘာပြစ်မှုမှ ကျူးလွန်ထားတာမရှိပါ။ ဒါကြောင့် ပြန်လွှတ်ပေးစေချင်ပါတယ်” ဟု ဖမ်းဆီးတရားစွဲဆို ခံထားရသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ဖမ်းဆီးတရားစွဲဆို ခံထားရသူအများစုမှာ အလုပ်ကိစ္စများဖြင့် ခရီးသွားလာနေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အများပြည်သူ သွားလာနေကြသည့် ကားလမ်းမပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုကြသည်။
ရခိုင်တွင် စစ်ကောင်စီဖမ်းဆီးထားသည့် ဒေသခံရခိုင်ပြည်သူများကို ဆက်လက်တရားစွဲဆိုထားသည့်အပြင် နောက်ထပ် ဖမ်းဆီးတရားစွဲဆိုမည့်သူ ထောင်နှင့်ချီရှိနေသဖြင့် ထိုအထဲက တိမ်းရှောင်နေရသူ အများအပြားရှိကြောင်းလည်း ကာယကံရှင်များနှင့် မိသားစုဝင်များက ဆိုကြသည်။