ရခိုင်တွင် ရက္ခိုင့်တပ်တော်(AA )နှင့် စစ်ကောင်စီတပ်တို့ကြား အပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းမှုများကို မကြာခဏပြုလုပ်နေသည်ဟု ဒေသခံများက အတည်ပြုပြောကြသည်။
အဆိုပါစစ်အင်အားဖြည့်တင်းမှုကို မောင်တောခရိုင်အတွင်းသို့ ယခုရက်ပိုင်းအတွင်း စစ်ရဟတ်ယာဥ်ဖြင့် သုံးရက်ဆက်တိုင်းပို့ဆောင်အင်အားဖြည့်တင်းနေသည်ဟု ဆိုကြသည်။
ထိုကဲ့သို့ ဖြည့်တင်းမှုများကို ပြီးခဲ့သည့်ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်၊ မနေ့ကအထိ ဘူးသီးတောင်သို့ သုံးကြိမ်၊ မောင်တောသို့တစ်ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
” စစ်တွေကနေ ဘူးသီးတောင်သို့ စစ်ရဟတ်ယာဥ်နဲ့ လက်နက်ရိက္ခာတွေ ပို့နေတာ သုံးရက်ဆက်တိုင်းရှိပါပြီ။ နောက်ပြီး မောင်တောသို့ပို့နေတာက မနေ့ကပါ” ဟု ဒေသခံမျက်မြင်တစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ပို့ဆောင်ဖြည့်တင်းနေမှုများမှာ ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၁၅ စစ်ဆင်ရေး ကွပ်ကွဲမှုဌာနချုပ်နှင့် မောင်တောမြို့၊ မြို့သူကြီးတွင် အသစ်တည်ထားသည့် နယ်ခြားစောင့်တပ်ရင်း (ယာယီ စကခ ၁၅) အဖြစ် အသုံးပြုနေသည့် နေရာများသို့ ဖြစ်သည် ဆိုသည်။
ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်နေချိန် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့၏ တကျော့ရခိုင်ပြန်တိုက်ပွဲကို ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်နေ့က ရုတ်တရက် အပစ်ရပ်လိုက်ကြသည်။
ထိုကဲ့သို့ အပစ်ရပ်ပြီးနောက်တစ်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီက လက်နက်ရိက္ခာစစ်သည်များ ဖြည့်တင်းနေကြောင်း ဒေသခံများက ဆိုကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မကွေး- အမ်းကားအတိုင်း စစ်ကားကြီးအစီးရေ ၃၀ ခန့်ဖြင့် လက်နက်ခဲယမ်းများကို ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ သယ်ယူဖြည့်တင်းပြီး ထိုစစ်ဌာနချုပ်နယ်မြေရှိ တပ်ရင်း၊ ဗျူဟာအားလုံးသို့ ထပ်မံပို့ ဆောင်ဖြည့်တင်းနေကြောင်းလည်း အတည်ပြုပြောကြသည်။
” စစ်တပ်က အင်အားဖြည့်တာ၊ တပ်စခန်းအသစ်ဆောက်တာ၊ လက်နက်ကြီးစခန်းတွေ တည်တာ၊ စစ်ရေးလေ့ကျင့်နေတာတွေဟာ စစ်ဘီလူးအပြုအမူဖြစ်တယ်။ ဒါဟာ နှစ်ဖွဲ့သဘောတူညီချက်တွေ၊ စစ်စည်းကမ်းကျင့်ဝတ်တွေကို မလိုက်နာတာ။ ပြောရမယ်ဆိုရင် အေအေကို တိုက်ပွဲခေါ်နေတာပေါ့” ဟု ရခိုင်အခြေစိုက်၊ ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ပြီး ကမ်းထိုးရေယာဥ်၊ နေဗီကြီးများ၊ စစ်ရဟတ်ယာဥ်များ၊ စစ်ကားကြီးများဖြင့် လက်နက်ရိက္ခာစစ်သည်များအား ပို့ဆောင်ဖြည့်တင်းနေသည့်အပြင် တပ်စခန်းအသစ်များ တည်ဆောက်ခြင်း၊ စစ်ရေးလေ့ကျင့်မှုများပါ ပြုလုပ်လာနေခြင်းဖြစ်သည်ဟု ရခိုင်ပြည်သူများနှင့် ရခိုင်စစ်ရေးစောင့်ကြည့်လေ့လာသူများက ဆိုကြသည်။
ထို့အပြင် မောင်တောမြောက်ပိုင်းတွင်လည်း စခန်းများအခိုင်အမာ ပြန်လည်တည်ဆောက်ပြီး လက်နက်ကြီးများတည်ကာ အင်အားရာချီဖြင့် တိုက်ပွဲဝင်ရန် အသင့်အနေအထားပြုလုပ်ထားသည်ဟု ခိုင်လုံသည့်သတင်းရင်းမြစ်များက ဆိုကြသည်။
တကျော့ပြန် ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အထိုင်စခန်းများအပါအ ဝင်တပ်စခန်း ၃၀ နီးပါးကို အေအေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ခဲ့ပြီး စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူအပါအဝင် ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးအထိ ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။