ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၂) တံတားအနီးကို ဧပြီ ၂၁ ရက်၊ ညသန်းခေါင်ယံအချိန်တွင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့် အသက်မပြည့်သေးသည့် ကလေး ၁ ဦး အပါအဝင် ၁၀ ဦးကျော်သေဆုံးကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
“ပထမအကြိမ်ကြဲတာက ၁ လုံးထဲ၊ နောက်တစ်ကြိမ်ကြဲတော့ ၅ လုံးဆက်တိုက်ကိုကြဲတာ၊ ပြေးချိန်တောင်မရဘူး။ ကြဲတဲ့ဗုံးကလည်း ပေါင် ၅၀၀ နဲ့ကြဲတာ”ဟု မြဝတီမြို့၊ ၅ ရပ်ကွက်အတွင်းနေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးကရှင်းပြသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြဝတီမြို့၊ ၅ ရပ်ကွက်အတွင်းနေထိုင်သူ ၁၀ ဦးနီးပါးသေဆုံးခဲ့ပြီး နေအိမ်များနှင့် ဘုန်းကြီးကျောင်းဆောင်တစ်ခုလည်း ပျက်ဆီးသွားကြောင်း ၎င်းက ဆက်လက်ပြောသည်။
“သေသွားတဲ့ လူဦးရေစာရင်းကိုတော့ ကျွန်တော်တို့လည်း အခုချိန်မှာ အတိအကျမသိသေးဘူး။ဘာလို့လဲဆိုတော့ အကုန်လုံးက ပြေးကြလွှားကြရင်း လူစုတွေကွဲနေတာတွေလည်းရှိတယ်။ကျွန်တော်တို့လည်း တာဝန်ကိုယ်စီနဲ့ ဘယ်ဟာမှ တိတိကျကျ မပြောနိုင်သေးဘူး။ ခန့်မှန်းခြေလောက်ပဲပြောနိုင်သေးတာ”ဟု မြဝတီစစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် လူ ၁၀ ဦးကျော် သေဆုံးသွားကြောင်း သိရသည်။
“အမှတ် (၂) တံတားဘက်ကနေ လက်နက်ကြီးသံကတော့ ကြားနေရတာ၊ ကျွန်မအိမ်တောင် တုန်တယ်၊ ကမ်းနားနဲ့နီးတဲ့ အိမ်ဆိုတော့ ပိုတုန်တာပေါ့။ တချို့အိမ်တွေဆို အိပ်တောင်မအိပ်ရဘူး လက်နက်ကြီးနယ်ကျွံပြီးကျလာမှာကြောက်လို့”ဟု မဲဆောက်၊ တော့စ်ခရိုင် ၃၅ ဂိတ်နေ မြန်မာ အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် လူအယောက် ၃၀ နီးပါးမှာလည်း မဲဆောက်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး ဒဏ်ရာရရှိသူများထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်းပါဝင်နေကြောင်း စုံစမ်းသိရှိရသည်။