မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်း ရေတင်နေစဉ် မီးအားဆောင့်တက်ရာမှ မီးလောင်ကျွမ်းခဲ့ရာ နေအိမ် ၂ လုံး ပျက်စီး ခဲ့ကြောင်း သိရသည်။
ယနေ့ (ဧပြီ ၂၂ ရက်) ညနေ ၆ နာရီခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ၅၄ လမ်း၊ ၁၀၅ လမ်းရှိ နေအိမ်တစ်အိမ်၌ ရေတင်စက်ဖြင့် ရေတင်နေစဉ် မီးအားဆောင့်တက်ကာ အပူလွန်ကဲပြီး နေအိမ်မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ အာလိန်ပူပြီးလောင်တာတဲ့။ ရေတင်တဲ့ဟာလေ။ မီးလာတော့ရေတင်လိုက်တာ။ မီးအားဆောင့်တက်သွားတာ” ဟု အခင်းဖြစ်ပွားရာအနီးနေ ပြည်သူတစ်ဦးကပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်၊သေဆုံးမှု မရှိကြောင်း သိရသည်။
” မီးနိုင်သွားလို့တော်သေးတာ တစ်အိမ်ကအကုန်ပါသွားတယ်။ နောက်တစ်အိမ်ကတော့ အပေါ်ထပ်လာင်သွားတယ်။ မီးသတ်ကားမြန်လို့။ ပြီးတော့တိုက်အိမ်ဆိုတော့လေ ထရံအိမ်ဆိုရင်တော့မလွယ်ဘူး” ဟု ချမ်းမြသာစည်မြို့နယ်နေ မျက်မြင်တစ်ဦးကပြောသည်။
မန္တလေးမြို့တွင် အပူချိန်မြင့်မားလျက်ရှိပြီး လျှပ်စစ်မီးပုံမှန်မရရှိသည့်အတွက် လျှပ်စစ်မီးလာချိန်၌ ရေအမြန်တင်နေရကြောင်း သိရသည်။
“မီးက မတရားပျက်နေတဲ့အခါကျတော့ လူတွေက မီးလာတာနဲ့ ရေတင်မယ်၊ထမင်းဟင်းချက်မယ်ဆို တာကို ဝုန်းဒိုင်းကြဲလုပ်ရတယ်။ မီးကလည်း ဆောင့်ဆောင့်တက်တာရော ထိုးကျတာရော ဖြစ်တော့ ထိုးကျတာက ပြဿနာမရှိဘူး။ဆောင့်တက်တဲ့အချိန် အခုလို ပြဿနာမျိုး ပေါ်ရော”ဟု မန္တလေးဘူတာအနီးနေ ပြည်သူတစ်ဦးကပြောသည်။
လက်ရှိတွင် မန္တလေးမြို့၌ လျှပ်စစ်မီး ပြတ်တောက်မှု မကြာခဏ ဖြစ်နေပြီး တစ်နေ့လျှင် တစ်နာရီကျော်သာ မီးလာကြောင်း သိရသည်။