ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဧပြီ ၂၀ ရက်က စစ်ကောင်စီတပ်မှ ထောင်ထားသည့် မိုင်းနင်းမိမှုနှင့် ပစ်ခတ်ခံရမှုကြောင့် အရပ်သား ၅ ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအများပြားရရှိခဲ့သည့်အပြင် ဖမ်းဆီးခံရသည့် ဒေသခံများလည်းရှိကြောင်း သိရသည်။
သေဆုံးခဲ့သည့်ဒေသခံများသည် စစ်တွေမြို့နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေရသူများဖြစ်ပြီး ကန့်ကော်ကျွန်းကျေးရွာအနီး ကွင်းပြင်ကိုဖြတ်သန်းစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုနှင့် မြေမြုပ်မိုင်းများကို နင်းမိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
“ အဲ့ဒီစစ်ရှောင်တွေက ကျောက်တော်တို့၊ ပေါက်တောတို့ ဘက်ကစစ်ဘေးရှောင်တွေ၊ ပစ်လို့သေတာနှစ်ယောက်၊ မိုင်းထိပြီးသေတာကသုံးယောက်ပေါ့လေ၊ ထိတာလဲအတော်များများထိကြတယ်” ဟု ဖြစ်စဉ်အခြေအနေများကိုသိရှိသူ စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက ရှင်းပြသည်။
ဖြစ်စဥ်အတွင်း အဆိုပါစစ်ဘေးရှောင်များအနက် စစ်ဘေးရှောင် ၁၀၀ ခန့်သည်လည်းစစ်ကောင်စီတပ်၏ဖမ်းဆီးခြင်းခံခဲ့ရကြောင်းသိရသည်။
လက်ရှိစစ်တွေမြို့နယ်သည် စစ်ကောင်စီတပ်၏ ထိန်းချုပ်မှုအတွင်းရှိနေပြီး ရေလမ်း၊ ကုန်းလမ်းပိတ်ဆို့ထားမှုနှင့် အသွားအလာကန့်သတ်ထားမှုများကြောင့် ဒေသခံများအနေဖြင့် မြို့ပြင်ထွက်နိုင်ရန်ခက်ခဲမှုများလည်းရှိနေကြောင်းသိရသည်။
“ ဒီမှာက စစ်ရှောင်တွေအများကြီးရောက်နေတာ၊ တောင်ကုတ်မှာရောပဲ အသွားအလာမှန်သမျှကိုကျပ်ထားတာ၊ ငွေပေးနိုင်ရင်ထွက်လို့ရတာပေါ့ ထွက်ဖို့အတွက်ဆိုရင်တောင် ကျန်းမာရေးကိစ္စလောက်ပဲ ဆေးထောက်ခံစာလိုမျိုးတွေပါပေးရတာ၊ ထွက်လို့မရသလောက်ဖြစ်နေတာပေါ့” ဟု စစ်တွေဒေသခံတစ်ဦးက ဆိုသည်။
စစ်တွေမြို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားမှုကြောင့် မြို့ခံများအနေဖြင့် စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်လပ်မှုများကိုကြုံတွေ့နေရပြီး အာရက္ခတပ်တော် AA ကလည်း ဒေသခံများအနေဖြင့်ဘေးလွတ်ရာကိုတိမ်းရှောင်ထားကြရန် အသိပေးထားသည်။