ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့က ဒေသခံ ၁၀ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက် ဖမ်းဆီးသွားကြောင်းသိရသည်။
စစ်ကွင်းမြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့က စစ်မှုထမ်းဥပဒေအရ စစ်သားသစ် စုဆောင်းနိုင်ခြင်းမရှိသောကြောင့်ဟုဆိုကာ သာယာကုန်းကျေးရွာအုပ်စု၊ရွာမကျေးရွာသို့ ဧပြီ ၇ ရက်၊ မွန်းလွဲ ၃နာရီခန့်၌ စစ်သားနှင့်ရဲ ၃၀ ဝန်းကျင်တို့ရောက်လာကာ ဒေသခံ များကို ရိုက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မင်းလှမြို့နယ်ပကဖ တာဝန်ခံရဲဘော်မိုးထက် ကပြောသည်။
“မနေ့က ၃ နာရီလောက်ကဖမ်းတာ။စစ်ကွင်းရွာအနောက်ဘက် ရွာမကျေးရွာ ကားလမ်းပေါ်မှာ စစ်ခွေးစစ်ကြောင်းက ဆင်းလာပြီး ဖမ်းတာ။ကားပေါ် ရိုက်နှက်ပြီး အတင်းတက်ခိုင်းတာ။နောက်ကနေ သေနတ်ဒင်နဲ့ထုပြီးတက်ခိုင်းတာ။လက်ကိုလည်း ခေါင်းပေါ်တင်ထားရတယ်။ဘယ်ကို ဖမ်းခေါ်သွားသလဲတော့ မသိဘူး။ကျနော်တို့ အနားမှာက စစ်တပ်တွေကလည်း များတယ်လေ။အနီးဝန်းကျင်က သူတွေဆို အကုန်အိမ်ထဲဝင်ပြေးကြတာ။ကျနော်က အလုပ်ကိစ္စတစ်ခုနဲ့ အဲ့ရွာနားကိုရောက်လို့သိရတာ”ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံရသူ ၁၀ဦးကျော်တို့တွင် ရွာမရွာသား ကားသမား၁ဦး ၊ တောင်စလဲကုန်းရွာသား ၁ဦး ၊ တနာပိုလေးရွာသား၃ဦးနှင့် တနာပိုကြီးရွာသား ၁ဦးပါဝင်ပြီး ယနေ့(ဧပြီ၈ရက်နေ့)နံနက်ပိုင်း၌ ၃ ဦးကိုပြန်လွှတ်ပေးကြောင်းသိရသည်။
“ကျနော်တို့မြို့မှာက စစ်သားနဲ့ရဲ တင်မဟုတ်ဘူးဗျ။ အုပ်ကြီးတွေနဲ့ပျူတွေကလည်း အရမ်းဆိုးနေတာ။ဆိုင်ကယ်နဲ့မသွားရဲဘူး။အများစုကတော့ ဘေးတွဲငှားပြီးပဲ သွားကြတော့တယ်”ဟု စစ်ကွင်းမြို့ခံ တစ်ဦး ကပြောသည်။
စစ်ကွင်းမြို့ပေါ်တွင် ဝဇီယာရပ်ကွက် အုပ်ချုပ်ရေးမှူးဇော်မင်းနှင့်ဥယျာဥ်တန်းလမ်းမှ ပျူစောထီးမျိုးထွန်းတို့ ဦးဆောင်ပြီး ဆိုင်ကယ်များကို ရှောင်တခင်ဖမ်းဆီးကာ ဆိုင်ကယ် ၁ စီးလျှင် အနည်းဆုံးကျပ် ၃ သောင်းမှ သိန်းဂဏန်းထိတောင်းခံနေကြောင်းသိရသည်။