ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေမှ သတင်းများကို KNU ခွင့်ပြုချက်ရမှသာ ရေးသားခွင့်ပြုမည့်ဟု ယနေ့ထုတ်ပြန်ထားမှုအပေါ် ရှုတ်ချသွားမည်ဖြစ်ကြောင်း မြန်မာသတင်းစာ ဆရာများအစည်းအရုံး(IMJA) ဥက္ကဌ ကိုကျော်ကျော်မင်းက ပြောသည်။
ယနေ့ (ဧပြီ ၂၁ရက်)၊ မွန်းလွဲ ၂နာရီက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းဆိုင်ရာ ပေါ်လစီမူဝါဒများ၊ ကျင့်ဝတ်စည်းကမ်းများအခန်း ၁၂၊ ပြင်ပသတင်းဌာနများ လုပ်ဆောင်ရမည့် လုပ်ထုံးလုပ်နည်းများအရ သတင်းယူခွင့်ခွင့်ပြုချက်တောင်းခံခြင်း၊ ပြင်ပသတင်းဌာနများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ပြင်ပသတင်းဌာနများအတွက် အရေးယူဆောင်ရွက်ခြင်းနှင့် ခွင့်ပြုချက်တောင်းခံခြင်းပုံစံတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။
အထက်ပါ ထုတ်ပြန်ချက်အတွင်း KNUထိန်းချုပ်နယ်မြေအတွင်းသို့ လာရောက် သတင်းယူမည့် ပြင်ပသတင်းဌာနများသည် KNU ဗဟိုဌာနချုပ်တွင် သတင်းဌာနအမည်၊ သတင်းထောက်ကဒ်၊ သတင်းသွားယူမည့် နေရာ၊ သတင်းရယူမည့် အကြောင်းအရာ တို့ကိုပူးတွဲတင်ပြကာ ကြိုတင် ခွင့်ပြုချက်တောင်းခံရမည်ဖြစ်ပြီး လိုအပ်ပါက ရိုက်ကူးထားသည့် ရုပ်သံများဖြစ်စေ၊ ဓါတ်ပုံမျာ ဖြစ်စေ တာ၀န်ရှိသူများမှ စစ်ဆေးရန် တောင်းခံလာပါက ရိုက်ယူထားသည်များကို ပြသပေးရမည်ဟု ပါရှိသည်။
ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး စစ်ပွဲကာလအတွင်း ပြည်သူများအား အချိန်နှင့်တပြေးညီ သတင်းဖော်ပြနေရသည့် အချိန်တွင် သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ကာ မြဝတီတိုက်ပွဲနှင့် စပ်လျဉ်း၍ KNUတပ်အား ဝေဖန်ချက်များအပေါ် တုံ့ပြန်မှုတစ်ခုဟု မိမိတစ်ဦးတည်းအမြင်အရ ယူဆမိကြောင်း IMJAဥက္ကဌ ကိုကျော်ကျော်မင်းက ပြောသည်။
“ ဒီထုတ်ပြန်ချက်က IEC ထက်ပိုပြီးအခြေနေဆိုးတယ်။ သတင်းလွတ်လပ်ခွင့်ကို လုံးဝလုံးဝထိန်းချုပ်လိုက်တာပေါ့နော်။ သူတို့ အလိုကျတဲ့ သတင်းတွေကိုပဲရေးရမယ်ဆိုတဲ့ဟာတွေကိုမြင်ရတယ်။ ဆိုတော့ ဒီလိုအခြေနေမျိုးမှာလုံးဝမဖြစ်သင့်ဘူး။ အဲ့ဒီလိုအချိန်မျိုးမှာပေါ့နော် ဒီလက်နက်ကိုင်ထားတဲ့အဖွဲ့အစည်း တစ်ရပ်အနေနဲ့ ပြင်းပြင်းထန်ထန် ပိတ်ပင်လိုက်တာမျိုးကို ကျတော်တို့အနေနဲ့ ပြင်းပြင်းထန်ထန်ရှုံ့ချသွားဖို့ အစီအစဥ်ရှိပါတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ KNUထုတ်ပြန်ချက်ပါ လိုက်နာရန်စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခြင်းများ ရှိလာပါက ရေးသားဖေါ်ပြသူ သတင်းထောက်များ၊ သတင်းဌာနများ အား KNUမှ Black List လုပ်ခြင်း၊ သတင်းမီဒီယာကောင်စီ သို့တိုင်ကြားခြင်း ဆောင်ရွက်သွားမည့်အပြင် သတင်းအမှားများအတွက် အမှားပြင်ဆင်ချက်ဖေါ်ပြ တောင်းပန်ရမည်ဟု ဖော်ပြထားသည်။
အထက်ပါ ထုတ်ပြန်ချက်အတွင်း ဖော်ပြချက်နှင့်ပတ်သက်ပြီး သတင်းစီးဆင်းမှုကို မြန်မြန်ဆန်ဆန် ခွင့်ပြုသွားရန် အရေးကြီးကြောင်းနှင့် ဆိုရှယ်မီဒီယာပေါ်တွင် ဖောင်းပွနေသည့် သတင်းအချက်အလက် စီးဆင်းမှုများကို ထိန်းချုပ်ခြင်းမျိုးဖြစ်နိုင်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ဥက္ကဌ နန်းဖော့ဂေ ကပြောသည်။
“ KNUရဲ့ ကြေညာချက်ဟာဆိုရင် သူတို့ရဲ့ မီဒီယာဆိုင်ရာ မူဝါဒထဲက တစ်ခုလို့ပဲ မှတ်ယူပါတယ်။ အထူးသဖြင့် သတင်း ဌာနတွေ ဆက်သွယ်ချဉ်းကပ်ရမဲ့ လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်မယ်လို့ထင်တယ်။ အကုန်လုံး တစ်စုံလုံးတော့ မဟုတ်ဘူးပေါ့၊ အဲ့ဒီလိုမျိုး နားလည်လိုက်တယ်။ နောက်တစ်ခုက KNU နယ်မြေထဲမှာ အထူးသဖြင့် ဒီနှစ်ထဲမှာ စစ်ရေးစစ်ရာအခြေအနေတွေက ပိုရှုပ်ထွေးနေတာလဲပါမယ်။ ပြီးတော့ အဲဒီမှာရေးထားတဲ့ ပြောရေးဆိုခွင့်ရှိသူ အဆင့်ဆင့်ကို မေးမြန်းဖို့ ရေးထားတာရှိတယ်။ ဒါမျိုးကကောင်းတော့ ကောင်းမွန်ပေမဲ့ တချို့ကိစ္စတွေမှာ အဲဒီလို ချဉ်းကပ်မှုဆိုရင် အချိန် မကြန့်ကြာဘဲ လုပ်နိုင်ရင် ပိုကောင်းတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် “ ကောင်းတာတစ်ခုက ဘာလဲဆိုတော့ တစ်ခုခုသိထားတယ်ဆိုရင် သူ့ရဲ့နယ်မြေထဲမှာ ဘယ်အဖွဲ့ဘယ်သတင်းထောက်တွေ သတင်းရယူနေတယ်ဆိုတာ သိထားရင် လုံခြုံရေးအရ အကာအကွယ်ပြုနိုင်တာပေါ့နော်၊ သို့သော်လည်း စောနက ချည်းကပ်လုပ်ဆောင်တဲ့နေရာမှာ ပြန်ပြီးတော့ ခွင့်ပြုပေးမဲ့ဖြစ်ရပ်တွေက အရမ်းကြန့်ကြာနေရင် သတင်းစီးဆင်းမှုကလည်း သတင်းပရိတ်သတ်တွေဆီကို ကြန့်ကြာသွားနိုင်တယ်။ အဲဒီအခါကျရင် သတင်းအချက် အလက်တွေက မလတ်ဆတ်တော့မှာကိုတော့ စိုးရိမ်ချက်ရှိတယ်” ဟု IPCMဥက္ကဌ နန်းဖော့ဂေ က အကြံပြုသည်။
ယခုကဲ့သို့ KNU ထုတ်ပြန်ချက်အတိုင်း မလိုက်နသည့် ပြင်ပသတင်းမီဒီယာများအပေါ် သတင်းမီဒီယာကောင်စီ သို့ တိုင်ကြားမည်ဟု ဖော်ပြထားသည်နှင့်ပတ်သက်ပြီး KNUစစ်ရေးဆိုင်ရာ သတင်းများရယူလိုပါက ဆက်သွယ်ရန် ဟု ဖော်ပြထားသည့် ပြောရေးဆိုခွင့်ရှိသူ စောမိုးစက်အေးအား MPAက မေးမြန်းရာ” ကျတော်လဲ မပြောတတ်ဘူး။ မအားသေးဘူးနော်” ဟု ပြောသည်။
ယနေ့ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဆက်သွယ်ရန်ဖော်ပြထားသည့် ပြောရေးဆိုခွင့်ရှိသူ စောမိုးစက်အေး မအားလပ်သည့်အတွက် ထုတ်ပြန်ချက်ပါပြောရေးဆိုခွင့်ရှိသူ စောသော်မိုးအယ်အား MPAက မေးမြန်းရာ KNUမှ တိုင်ကြားမည့် သတင်းမီဒီယာကောင်စီသည့် မည်သည့်အဖွဲ့ဖြစ်ကြောင်း တိတိကျကျဖြေကြားခြင်း မရှိခဲ့ပေ။
“ ကျတော်တို့မှာတော့ အဲ့ဒီလိုမျိုးပြောခွင့်မရှိဘူး။ ကျတော်တို့ကဒီတိုင်းပဲ သူတို့ဆက်သွယ်လာတဲ့သူတွေကို ကြားထဲက စိစစ်ပေးအရတဲ့အဆင့်ပဲ သွားရမှာဖြစ်တယ်ပေါ့နော်။ မှတ်ချက်တွေပေးခွင့်မရှိပါဘူးနော်” ဟု ထုတ်ပြန်ချက်ပါပြောရေးဆိုခွင့်ရှိသူ စောသော်မိုးအယ်က ပြောသည်။
ထုတ်ပြန်ချက်ပါ သတင်းမီဒီယာကောင်စီ နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းသို့ KNUက တိုင်ကြားမည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြသင့်ကြောင်းနှင့် သတင်းမီဒီယာနှင့် ဆိုရှယ်မီဒီယာမှ ကြုံရာရိုက်တင်သူများကို ခွဲခွဲခြားခြား သေချာဂရုပြုရန်လိုအပ်ကြောင်း လွတ်လပ်သောမြန်မာသတင်းစာ ဆရာများအစည်းအရုံး(IMJA)၏ အတွင်းရေးမှုး တစ်ဦးကပြောသည်။
“ အဖွဲ့အစည်းတွေနဲ့ တခြားသော လက်နက်ကိုင်အဖွဲ့အစည်းတွေက သတင်းစာပညာနဲ့ပက်သတ်ပြီးတော့သေသေချာချာသိဖို့လိုတယ်။ ကျတော်တို့ ဒီ IMJA လိုအသင်းအဖွဲ့တွေရှိတယ်။ ပြီးတော့နောက် PC ပေါ့နော်၊ ကောင်စီလို ဟာမျိုးတွေရှိတယ်။ သူတို့အနေနဲ့သေချာညှိနှိုင်းပြီးတော့မှ ကိစ္စတွေကိုလုပ်ဆောင်သင့်တယ်လို့ ကျတော့်အနေနဲ့မှတ်ချက်ပေးချင်တယ်ပေါ့နော်၊ သူတို့သွားတိုင်မယ့် မီဒီယာကကောင်စီက ဘာလဲဆိုတာကတော့ သူတို့လက်ခံတဲ့ဆီမှာဘဲ သူတို့သွားကြမှာပေါ့” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာကောင်စီနှင့် မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၊လွတ်လပ်သောမြန်မာသတင်းစာ ဆရာများအစည်းအရုံး(IMJA)တို့ရှိပြီး လက်ရှိအချိန်ထိလုပ်ကိုင်လျက်ကြောင်း MPAက စုံစမ်းသိရသည်။
လက်ရှိတွင် KNU ခွင့်ပြုချက်ရမှသာ သတင်းဖော်ပြခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသဖြင့် အချိန်နှင့်တပြေးညီ သတင်းများဖော်ပြခွင့်မရှိတော့ဘဲ သတင်းမလတ်ဆတ်ကာ ပုပ်သိုးမည်ကို စိုးရိမ်နေကြောင်း မြန်မာသတင်းထောက်အသိုင်းအဝိုင်းများထံမှ သိရသည်။