စစ်တွေမြို့တွင် သီတင်းကျွတ်လပြည့်နေ့ကကျင်းပသည့် ဆွမ်းတော်ကြီးလောင်းပွဲ၌ သတင်းယူနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသော သတင်းထောက်ကိုထက်အောင်မှာ တစ်ပတ် ကြာသည်အထိ မိသားစုနှင့်အဆက်အသွယ်မရသေးကြောင်း သိရသည်။
Development Media Group (DMG) သတင်းဌာနက သတင်းထောက်ကိုထက်အောင်ကို အောက်တိုဘာ ၂၉ ရက်တွင် စစ်ကောင်စီကဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့်အမှုဖွင့်ကာ ချုပ်ရမန်ယူထားကြောင်း မိသားစုဝင်များကဆိုသည်။
“အခုက သူနဲ့က တွေ့ခွင့်မရသေးဘူး။ သူရဲ့ လက်ရှိအခြေအနေလည်း ဘယ်လိုရှိသလဲဆိုတာ မသိရဘူး။ ၆၅ နဲ့ အမှုဖွင့်ပြီး ရမန်ယူထားတယ်လို့ပဲ သိရတယ်။ ရမန်ယူတဲ့နေ့ကလည်း တရားရုံးကို လိုက်သွား ပေ မယ့် မတွေ့လိုက်ရဘူး။ ဖမ်းသွားတဲ့နေ့ကနေ ခုချိန်ထိ မျက်နှာလေးတောင် မတွေ့ရသေးဘူး” ဟု ကို ထက်အောင်၏ မိသားစုဝင်တစ်ဦးမှ MPA သို့ပြောသည်။
လက်ရှိတွင် Development Media Group (DMG) သတင်းဌာနက သတင်းထောက် ကိုထက်အောင်ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ ဖြင့် အမှုဖွင့်ထားကာ စစ်တွေမြို့၊ အမှတ် (၁)ရဲစခန်းတွင် ထိန်းသိမ်းထား သည်ကို သိရှိရသော်လည်း မိသားစုနှင့်တွေ့ဆုံခွင့်မပေးသေးကြောင်း သိရသည်။
“ကိုထက်အောင်နဲ့ အတူတူ ဖမ်းခံရတဲ့ ညစောင့်ကိုလည်း သူနဲ့ အတူတူချုပ်ထားတယ်လို့ပဲ သိရတယ်။ သူလည်း ကျွန်မတို့လိုပဲ မိသားစုတွေနဲ့ တွေ့ခွင့်မရသေးဘူး။ သူတို့ မိသားစုနဲ့ ကျွန်မတို့လည်း အဆက်အသွယ်မရသေးဘူး” ဟု ကိုထက်အောင်၏ မိသားစုဝင်တစ်ဦးက ဆက်လက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များကမတရားဖမ်းဆီးခဲ့သည့် သတင်းထောက် ကိုထက်အောင်ကို လာမည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်တွေမြို့၊ တရားရုံးတွင် ရုံးထုတ်ကာ ချုပ်ရမန်ထပ်ယူနိုင်ဖွယ်ရှိကြောင်း တရားရုံးနှင့်နီးစပ်သူများကဆိုသည်။
“မီဒီယာသမားတွေကို ဖမ်းတယ်ဆိုတာက မီဒီယာလောကကို ဖိနှိပ်ချင်လို့ကို ဖမ်းတာ။ သတင်းထောက် တစ်ယောက်ကို ဖမ်းတယ်ဆိုတည်းကလည်း ပုဒ်မတစ်ခုမဟုတ် တစ်ခုက တပ်ရတော့မှာ။ အဲ့ဒီတော့ တပ်လို့ရတဲ့ ပုဒ်မ မှန်သမျှကို ဆိုင်ဆိုင်၊ မဆိုင်ဆိုင် ပုဒ်မတပ်ပြီး အမှုဖွင့်နေတာပဲ”ဟု အလွတ်တန်း သတင်းထောက်တစ်ဦးက မှတ်ချက်ပြုသည်။
DMG သတင်းထောက်ကိုထက်အောင်ကို အမှုဖွင့်ခဲ့သည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၅ သည် “မည်သူမ ဆိုဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်”ဟု မြန်မာ ဥပဒေသတင်းအချက်အလက်စနစ် ပြဌာန်းချက်ရှာဖွေရေးတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းဌာန ၁၀ ကျော် လိုင်စင်ပိတ်သိမ်းခံခဲ့ရပြီး၊ ကမ္ဘာ တွင် ဒုတိယသတင်းသမားဖမ်းဆီးမှုအမြင့်ဆုံး နိုင်ငံများထဲတွင် ဒုတိယအဆင့်ထိရှိနေခဲ့ကြောင်း နယ် စည်းမခြားသတင်းသမားများအဖွဲ့ (RSF) ၏ ထုတ်ပြန်ချက်များအရ တွေ့ရသည်။