NCA ပွဲတက်ရောက်ခဲ့သည့် EAO အဖွဲ့များ စစ်ကောင်စီ ခေါင်းဆောင်အား ဂါရ၀ပြုခဲ့ဟု စစ်တပ်ဝါဒဖြန့် မီဒီယာများဖြစ်သည့် မြ၀တီ၊ ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာများ၌ ဖော်ပြခဲ့သည်။
အောက်တိုဘာ ၁၆ ရက်က နေပြည်တော်၌ စစ်ကောင်စီ၊ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် NCA ပွဲတက် တိုင်းရင်းသားလက်နက်ကိုင်တို့ တွေ့ဆုံခဲ့ပြီး ယင်းသို့ တွေ့ဆုံမှုအား စစ်ကောင်စီခေါင်းဆောင်ထံ ဂါဝရလာ ပြုသည့် သဖွယ် နိုင်ငံပိုင်မီဒီယာများနှင့် စစ်လော်ဘီများက သတင်းရေးသား ဖော်ပြခဲ့သည်ကို တွေ့ရသည်။
ယင်းသို့ “ ဂါဝရပြု” ဟူသည့် အသုံးအနှုန်းမှာ ကိုယ့်ကိုကိုယ်မြှောင်ပင့်ပြသည့် စစ်ခေါင်းဆောင်များ၏ ပင်တိုင် အသုံးအနှုန်းတစ်ခုဟု အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးတစ်ဦးက ထောက်ပြ ပြောဆိုသည်။
” ဂါရဝပြုတွေ့ဆုံတယ် ဆိုတဲ့ စကားက ကိုယ့်ဖက်ကိုယ်ယက်တဲ့ အသုံးအနှုန်းဖြစ်ပါတယ်။ မှတ်မိသမျှ ပြောရရင် ၁၉၈၈ နောက်ပိုင်း စစ်အစိုးရ ခေတ်မှာ မြှောက်ပင့် လွန်ပြီး သုံးကြပါတယ်။ အင်္ဂလိပ်လိုက meet (or) receive ပါပဲ။ စည်းဝေးတယ် သို့မဟုတ် လက်ခံတွေ့ဆုံတယ် လို့ပဲ သုံးရမှာပါ။” ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကပြောသည်။
နိုင်ငံရေး အကျဥ်းသမားဟောင်း ဖြစ်သည့် ဦးထွန်းကြည်က စစ်ကောင်စီခေါင်းဆောင်သည် ကိုယ့်ကိုကိုယ် သာသနာပြုမင်းဟု စိတ်ကြီးဝင်နေပုံရသဖြင့် ဂါဝရပြု ဟူသည့် စကားလုံးအား သုံးနှုန်းခြင်း ဖြစ်သည်ဟု ထောက်ပြထားသည်။
“ ဘယ်လောက်တောင် ချီးမြှောက်လိုက်သလဲဆိုရင် သူ့ကို သဒ္ဒါပညာနဲ့ ပြည့်စုံတဲ့ သာသနာပြုမင်းဆိုပြီး ဘုန်းကြီး တွေက ချီးမြှောက်တယ်။ ဘုန်းကြီးတွေကိုလည်း စစ်ကောင်စီက မင်းဆရာဆိုပြီး ပြန်လုပ်တယ်။ အဲ့ဒီအပေါ်မှာ စိတ်ကြီးဝင်နေတာ၊ သူ့ရဲ့စကားလုံးသုံးတော့ ဂါရ၀ပြုတယ်ဆိုပြီး သုံးတယ်။ ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ပြောသည်။
ယင်းအပြင်း ဦးထွန်းကြည်က စစ်ကောင်စီခေါင်းဆောင်အား ဂါဝရပြု ဟူသည့် အသုံးအနှုန်းမှာ တန်းတူရည်တူ မသတ်မှတ်သည့် သဘောပင်ဖြစ်သည်ဟုလည်း ထောက်ပြ ပြောဆိုသည်။
“ ဂါရ၀ပြုတယ်ဆိုပြီးသုံးတာက နှိမ်ပြီး ဆက်ဆံတာ လူမျိုးစုတွေအပေါ်မှာ အမြဲတမ်းလိုလို ကျင့်သုံးနေတာ၊ တန်းတူညီ တူဆက်ဆံတာ မတွေ့ရဘူး။ NCA ၈ နှစ်မြောက်ကို ကျင်းပပိုင်ခွင့်မရှိဘူး။ တရားဝင်လဲမဟုတ်ဘူး။ အခုလိုကျင်းပတာ က သူ့ကို တရားဝင်တယ်ဆိုပြီးဖြစ်အောင် အသုံးချတာ၊ ဂါရ၀ပြုတယ်ဆိုပြီးသုံးထားတယ်ဆိုတာက တန်းတူညီတူ ဆက်ဆံတာမဟုတ်ဘူးဆိုတာကိုပြနေတာ၊ EAO တွေက သူ့လက်အောက်မှာဘဲရှိတယ်ဆိုတဲ့ဟာကို ပြနေတာ” ဟု ဦးထွန်းကြည်က ပြောသည်။
ယမန်နေ့က စစ်ကောင်စီ ပြုလုပ်သည့် NCA ၈ နှစ်ပြည့်ပွဲသို့တက်ရောက်လာသော KNU ဥက္ကဌဟောင်း စောမူတူးစေးဖောနှင့် RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ် တို့သည် စစ်ကောင်စီခေါင်းဆောင် နှင့် သီးခြားစီ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထို့ပြင် KNU/KNLA(PC) ဥက္ကဋ္ဌ စောထော့လေး၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဋ္ဌ စောမြရာဇာလင်း၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ KKO အဖွဲ့မှ ကွပ်ကဲရေးမှူး စောဘငြိမ်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်သူရိန်၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာ၊ မွန်ပြည်သစ် ပါတီ(NMSP) ဗဟိုအလုပ်အမှုဆောင် နိုင်ဗညားလယ် ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒုတိယဥက္ကဋ္ဌ ဦးမျိုးဝင်းတို့ က စစ်ကောင်စီခေါင်းဆောင်နှင့် အဖွဲ့လိုက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
ယင်းသို့ NCA ပွဲတက်ခြင်းနှင့် စစ်ကောင်စီခေါင်းဆောင်နှင့်တွေ့ဆုံခဲ့ခြင်းကြောင့် ABSDF အဖွဲ့ဝင် သုံးဦးသည် တာဝန်မှ ရပ်ဆိုင်းခံရကာ အဖွဲ့အစည်းမှ ထုတ်ပယ်ခြင်းကို ခံထားရသည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်၊ ယခင် NCA လက်မှတ်ထိုးထားသည့် KNU၊ CNF နှင့် ABSDF တို့နှင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်နေခဲ့ပြီး အခြားသော တိုင်းရင်းသား တော်လှန်ရေး တပ်ဖွဲ့များ ဖြစ်သည့် KIA၊ TNLA၊ MNDAA တို့နှင့်လည်း စစ်မျက်နှာဖွင့်ထားနေရခြင်းဖြစ်သည်။