ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် ဧပြီ ၂၁ ရက်က လမ်းသွားလမ်းလာ လူငယ် ၆၀ ကျော်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများထံမှစုံစမ်းသိရှိရသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ဖော်ဆောင်ရာတွင် ဖြူးမြို့နယ်တွင် ၎င်းတို့၏ စိုးမိုးမှုနယ်မြေ နည်းပါးခြင်းကြောင့် နာမည်စာရင်းဖြင့် အတိအကျခေါ်ယူနိုင်ခြင်းမရှိဘဲ ယခုကဲ့သို့လမ်းသွားလမ်းလာလူငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖြူးမြို့ရှိနိုင်ငံရေးတက်ကြွလှုပ်ရှားသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“၁၈ ရက်နေ့ကတည်းက လိုက်ခေါ်နေတာ၊ ရှောင်နေတဲ့သူတွေနဲ့ပြီးတော့ နယ်မြေမတည်ငြိမ်တဲ့နေရာတွေလည်းသူတို့မသွားရဲတော့ လူကခေါ်မရဘူးဖြစ်နေတာ၊ အဲဒါ မနေ့ကတော့ ဖြူးမြို့ပေါ်နဲ့ညောင်ပင်သာမြို့(ဖြူးမြို့နယ်အပိုင်) ပေါ်တွေမှာ ဆိုင်ကယ်တွေစစ်သလိုလိုနဲ့ အကုန်ဖမ်းတားထားတာ၊ အမျိုးသမီးနဲ့ သက်ကြီးပိုင်းအမျိုးသားတွေကို အကုန်ပြန်လွှတ်လိုက်တယ်၊ လူငယ်တွေကိုတော့ ကားပေါ်တင်ခေါ်သွားတာ၊ အနည်းဆုံး ၆၀ လောက်ရှိတယ်”ဟု ၎င်းကရှင်းပြသည်။
ဖမ်းဆီးခံရသူများအနေဖြင့် တောင်ငူမြို့သို့ခေါ်ဆောင်သွားခြင်းခံရပြီး မိသားစုများနှင့် အဆက်အသွယ်ဖြတ်တောက်ထားကြောင်း စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူတစ်ဦး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးကဆက်လက်ပြောသည်။
“မနေ့ကမောင်လေး မြို့ပေါ်အလုပ်သွားလုပ်တာ ဇေယျာဝတီနတ်စင်နားမှာ စစ်သားတွေစောင့်ဖမ်းပြီးခေါ်သွားတာ၊ မိသားစုတွေရဲစခန်းလိုက်သွားတာလည်း အတွေ့မခံဘူး။ တောင်ငူကို ပို့လိုက်ပြီပြောတယ်”ဟု ၎င်းကဆိုသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆိုင်ကယ်များကိုတား၍ဖမ်းဆီးရာတွင်လည်း မရပ်ပေးသူများကို ပစ်ခတ်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သောကြောင့် လူငယ်တစ်ဦးသေဆုံးသွားကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“ညောင်ပင်သာမှာ ဆိုင်ကယ်တားတာ ရပ်မပေးလို့ပစ်တာ ကောင်လေးတစ်ယောက်သေသွားတယ်တဲ့၊ ရွာဘက်ကလို့ကြားတယ် သေသွားတဲ့ကောင်လေးက၊ သူတို့(စကစ)ရွာ တွေဘက်မဆင်းရဲတော့ မြို့ပေါ်မှာပဲထိုင်ပြီး လာတဲ့သူဖမ်းပြီး စစ်ထဲထည့်မယ့်သဘော၊ ပြည်သူတွေလည်း အသွားလာဂရုစိုက်ပါ ”ဟု ၎င်းကသတိပေးသည်။
ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူငယ်များကို စစ်မှုထမ်းရန်အတွက် လိုက်လံဖမ်းဆီးခေါ်ယူနေကြောင်း သိရသည်။