ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရသည့်သူများအား ထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်ထောင်လျှင် ငွေကျပ်သောင်းဂဏန်းမှသိန်းဂဏန်းအထိ ကောက်ခံနေကြောင်း ဒေသခံများထံမှသိရသည်။
ဖျာပုံ၊ ဘိုကလေးနှင့် မအူပင်မြို့နယ်များအတွင်းရှိ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက တစ်အိမ်ထောင်လျှင်ငွေကျပ်သုံးသောင်းမှ စတင်ကာ မဖြစ်မနေကောက်ခံနေခြင်းဖြစ်သည်။
“ ဒီမှာကကောက်နေတာဒီလအစတည်းကပဲ တစ်အိမ်ထောင်ကိုသုံးသောင်း၊ ပေးကြတာပါပဲ “ ဟု ဘိုကလေးမြို့ခံတစ်ဦးကဆိုသည်။
ထိုသို့ငွေကြေးကောက်ခံရာတွင် အုပ်ချုပ်ရေးမှူးများက ငွေကြေးထည့်ဝင်ခြင်းမရှိသူများကို စစ်ကောင်စီတပ်ဖွဲ့များအား ဖမ်းဆီးခိုင်းမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများလည်းရှိကြောင်းသိရသည်။
“ ဒီမှာက ဥက္ကဋ္ဌကမကောက်သေးဘူး။ ကောက်မယ်လို့တော့ပြောတယ်။ သူကိုယ်တိုင်တော့ မကောက်ဘူး။ ဒီဖက်ကအဖွဲ့တွေပေါ့ ဘယ်လိုပြောရမလဲ မိခင်နဲ့ကလေးအဖွဲ့တွေ၊ သူတို့တွေကို ကောက်ခိုင်းမယ်ကြားတာပဲ၊ တစ်အိမ်ထောင်ကိုဘယ်လောက်ဆိုပြီးရပ်ကျေးကသတ်မှတ်တာ၊ မိခင်နဲ့ကလေးက အဲ့လိုတော့ မသတ်မှတ်နဲ့ သဒ္ဓါကြေးဆိုပြီး အလှူခံမယ်ဆိုပြီးအဲ့တာကိုညှိနေကြတာ “ ဟု အသက် ၄၀ အရွယ် မအူပင်ဒေသခံ အမျိုးသမီးတစ်ဦးကရှင်းပြသည်။
စစ်မှုထမ်းသူများအတွက်ဟုဆိုကာ အုပ်ချုပ်ရေးမှူးများ ငွေကြေးကောက်ခံနေမှုများသည် စစ်မှုထမ်းသူများအားထောက်ပံ့ရန်မဟုတ်ဘဲ ၎င်းတို့ကိုယ်ကျိုးအတွက်သာအသုံးချဖို့ကောက်ခံသည်ဟုလည်း ပြည်သူအချို့ကရှုမြင်နေကြသည်။
“ ပြောချင်တာက သူတို့ကတစ်အိမ်ထောင်ဘယ်လောက်ကောက်ပြီးရလာတဲ့ ငွေအပေါ်မှာ သူတို့ဖာသာတွက်ချက်ပြီးတစ်ယောက်ကို ငါးသောင်း၊ တစ်သိန်းထောက်မယ်၊ ကျန်တာသူတို့ယူမယ့်ပုံပေါ့၊ အရင်ကလည်းသူတို့အိတ်ထဲပဲထည့်နေတာပဲ၊ အခုချိန်မှာက စစ်မှုထမ်းဥပဒေနဲ့ပတ်သတ်ပြီးသာယာနေတာပေါ့ မဲနှိုက်လို့ပေါက်လို့မသွားချင်ရင်သူတို့ကဘယ်လောက်ဆိုပြီးတောင်းလို့ရနေတဲ့ အခြေအနေပေါ့” ဟု စစ်မှုထမ်းထောက်ပံ့ကြေးကောက်ခံမှုအပေါ် ပြည်သူတစ်ဦးကသုံးသပ်သည်။
ထိုသို့မြေပြင်တွင်စစ်မှုထမ်းသူများအားထောက်ပံ့ရန် ငွေကောက်ခံနေမှုများနှင့်ပတ်သတ်ပြီး စစ်ကောင်စီဘက်က တရားဝင်ညွှန်ကြားချက်တစုံတရာထုတ်ပြန်ခြင်းမရှိပေ။
ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီကအသက်သွင်းခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်း စစ်မှုထမ်းဆင့်ခေါ်မှုများကို သင်္ကြန်ကာလအပြီးမှသာ လုပ်ဆောင်မည်ဟုစစ်ကောင်စီဖက်က ကနဦးပြောဆိုခဲ့သော်လည်း လက်တွေ့တွင် မတ်လကုန်ပိုင်းမှစတင်ကာ မြေပြင်တွင် စစ်မှုထမ်းလူဦးရေစာရင်းကောက်ယူမှုနှင့် စစ်မှုထမ်းစုဆောင်းခြင်းများကိုလုပ်ဆောင်လာပြီး စစ်ကောင်စီက ထုတ်ပြန်လာသည့်ဓာတ်ပုံများအရ လူငယ်ထောင်နှင့်ချီ တပ်သားသစ်စုဆောင်းရေးစခန်းများတွင်ရောက်ရှိနေကြောင်းတွေ့ရသည်။