အာဏာသိမ်းစစ်ကောင်စီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအပါအဝင် နိုင်ငံရေးပါတီအဖွဲ့ ၄၀ ကို ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ချခြင်းသည် မြန်မာပြည်သူလူထု၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ထပ်မံခြိမ်းခြောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယနေ့တွင် ထုတ်ပြန်ကြေညာထားသည်။
စစ်အာဏာရှင်၏ နိုင်ငံရေးအရ လှုံ့ဆော်သည့် လုပ်ဆောင်ချက်များနှင့် ပြည်သူလူထုကို အကြောက်တရားသွင်း၍ ဆန့်ကျင်မှုများအား ဖိနှိပ်ရန်အတွက် ပိုမိုရက်စက်သော နည်းဗျူဟာများအသုံးပြုခြင်းကို ၎င်းတို့အနေဖြင့် ပြစ်တင်ရှုတ်ချကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ပြီး လေးနက်၍ အားလုံးပါဝင်နိုင်သော အပြန်အလှန်ဆွေးနွေးမှုမျိုးဖန်တီးပေးရန် ယူကေအစိုးရသည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ စစ်အာဏာရှင်အား ဆက်လက်ဖိအားပေးလုပ်ဆောင်သွားမည်ဟုလည်း ဆိုထားသည်။
စစ်ကောင်စီသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် နိုင်ငံရေးပါတီဆက်လက်တည်ထောင် မှတ်ပုံတင်ခွင့်ကို ၅၀ ပါတီလျှောက်ထားကာ နိုင်ငံရေးပါတီစတင်တည်ထောင်ခွင့်ကို ၁၃ ပါတီဝင်ရောက်လျှောက်ထားကြောင်း ပါရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိဟုဆိုကာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့မှစ၍ ဖျက်သိမ်းလိုက်ကြောင်း ကြေညာထားသည်။