စစ်ကောင်စီသည် ပင်လောင်းမြို့နယ်အတွင်း ဘုန်ကြီးနှင့်ပြည်သူများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်ပြခြင်းဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို စိန်ခေါ်လိုက်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးက ဆိုသည်။
ယနေ့(မတ်လ၁၃ရက်)တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကျင်းပလျက်ရှိပြီး စစ်ကောင်စီတပ်က ပင်လောင်းမြို့နယ်၊ နမ်းနှိမ်ကျေးရွာဘုန်းကြီးကျောင်းတွင် ခိုလှုံနေသူ ၂၈ ဦး အား မတ်လ၁၁ရက်နေ့က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။
“လုံခြုံရေးကောင်စီ တံခါးပိတ် အစည်းအဝေး လုပ်မယ်ဆိုတာ သိလျက်နဲ့ အစုလိုက်အပြုံလိုက် သတ် ဖြတ်တာတွေ လုပ်လိုက်တာဆိုတော့ လုံခြုံရေးကောင်စီကို စိန်ခေါ်လိုက်တယ်လို့ နားလည်ရတာပေါ့။ မင်းအောင်လှိုင်က အဲဒီလို လူမိုက်ဆန်ဆန် စိန်ခေါ်တာတွေ လုပ်တတ်တယ်ဆိုတော့”ဟု ၎င်း ကပြောသည်။
ယနေ့တံခါးပိတ်အစည်းအဝေးတွင် ကုလအတွင်းရေးမှူးချုပ်၏ မြန်မာ့အရေး အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာက မြန်မာ့အရေးနှင့်ပတ်သက်ပြီး လုံခြုံရေးကောင်စီထံ အစီရင်ခံသွားမည် ဖြစ်ကာ ယင်းအစီရင်ခံမှုအပေါ် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများက ဆွေးနွေးသွားကြမည် ဖြစ် သည်။
“သန်းရွှေတုန်းက နိုင်ငံတကာဖိအားတွေက အလေးထားပြီးတော့ အဖိအဖေါ့လေးတွေနဲ့ ကစားလေ့ရှိ တယ်။ မင်းအောင်လှိုင်ကတော့ သူပြောတဲ့စကားအတိုင်း မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာကိုပဲ တောက်လျှောက် သက်သေပြနေတယ်။ လုံခြုံရေးကောင်စီလည်း ဂရုမစိုက်ဘူးလို့ အခုလိုလက်တွေ့ သက်သေပြရဲတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
လုံခြုံရေးကောင်စီတံခါးပိတ်အစည်းအဝေးတွင် ၂၀၂၂ခုနှစ်ဒီဇင်ဘာ၂၁ရက်နေ့၊ လုံခြုံရေးကောင်စီက ချမှတ်ခဲ့သည့် မြန်မာ့အရေးဆုံးဖြတ်ချက်-၂၆၆၉ ကို စစ်ကောင်စီက လိုက်နာဆောင်ရွက်မှု ရှိ၊မရှိ သုံးသပ်ကြမည်ဟုလည်း သိရသည်။
လုံခြုံရေးကောင်စီဆုံးဖြတ်ချက်-၂၆၆၉ တွင် အကြမ်းဖက်မှုများချက်ချင်းရပ်ရန် တောင်းဆိုထားပြီး စစ်ကောင်စီတပ်များက ပင်လောင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုမတိုင်ခင်ကလည်း နေ့စဉ် ပြည်သူများအားပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်လျက်ရှိသည်။
မြန်မာ့အရေးလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်များတွင် အကြမ်းဖက်မှုများ ချက်ချင်း ရပ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အား လုံးကိုလွှတ်ပေးရန် ၊အာဆီယံသ ဘော တူညီချက်များကို အကောင်အထည် ဖော်ရန်၊ ၊ စာနာမှုအကူအညီများကို အကန့်အသတ်မရှိ ခွင့်ပြုပေးရန် စသည့်အချက်များပါဝင်ပြီး စစ်ကောင်စီက လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များကို ပယ်ချကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
Photo – Noeleen Heyzer ( wiki )