By MPA
ရခိုင်တွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းများအား စစ်ကောင်စီလက်အောက်ခံအဖွဲ့များက ဇန်နဝါရီလ ၉ ရက်နေ့ နံနက်က စတင်ပြုလုပ်နေပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောင်ခံ ဝန်ထမ်းများနှင့် ဒေသခံများက အတည်ပြုပြောကြားသည်။
အဆိုပါ မြေပြင်တွင် တစ်အိမ်တက်ဆင်းကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့ (Working Group) များ၏ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းများအား ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ဂွ၊ အမ်း၊ စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် ပြုလုပ်နေခြင်းဖြစ်သည်။
ထိုကဲ့သို့ မောင်တောမြို့တွင်ကောက်ယူရာ၌ စစ်ကောင်စီလက်အောက်ခံ မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် ဌာနဆိုင်ရာပေါင်းစုံမှ အဖွဲ့ဝင်များပါဝင်ကြောင်း ဆိုသည်။
” ဒီဟာက တအားအရေးကြီးတယ်လို့ ညွှန်ကြားထားပါတယ်။ ဒါကြောင့် ခယက၊ မယက လူကြီးတွေကိုယ်တိုင် လာရပါတယ်။ အဓိက အပေါ်တင်ပြဖို့ ဓာတ်ပုံရိုက်ဖို့လည်း ပါပါတယ်” ဟု မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ မောင်တောမြို့နယ်အတွင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group) များမှ အိမ်ထောင်စုလူဦးရေ စာရင်းမြေပြင်ကွင်းဆင်းကောက်ယူမှုများကို မြို့ပေါ် ရပ်ကွက်များဖြစ်သည့် မြို့မအရှေ့၊ မြို့မအနောက်၊ မြို့မတောင်၊ မြို့မမြောက်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူမှုများကို ပြုလုပ်မည်ဖြစ်ကြောင်း ဆိုကြသည်။
ထို စာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ ရက်မှ ၃၀ ရက်အထိ အဖွဲ့ ၇၈ ဖွဲ့ဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၆ အုပ်စုတွင် ကောက်ကွက်ပေါင်း ၇၈ ကွက် ကောက်ယူမည်ဖြစ်ကြောင်းလည်း မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အတည်ပြုပြောကြားသည်။
ထိုကဲ့သို့ ကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုးများလည်း ပါဝင်ပြီး ထိုရိုဟင်ဂျာလူမျိုးများအား ဘင်္ဂလီဟုသာ ထည့်သွင်းရေးသားနေသည်ဟုလည်း မောင်တောမြို့နယ်မှ ရိုဟင်ဂျာအချို့က ဆိုကြသည်။
” သူတို့မှာပါလာတဲ့ စာရင်းနဲ့ တိုက်စစ်ပြီး ဒီလူတွေရှိလား။ မရှိဘူးလားမေးပါတယ်။ မရှိရင် ဘယ်သွားတာလဲ။ မလေးရှားကို ခိုးသွားတာလားမေးပါတယ်။ ပြီးရင်ဘင်္ဂလီလို့ ထည့်ရေးပါတယ်” ဟု မောင်တောမြို့နယ်မှ ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်မှာ လာမည့် သြဂုတ်လအတွင်း PR စနစ်ဖြင့် တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တစ်နိုင်ငံလုံးတွင် အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူမှုများ ပြုလုပ်ရန် ကြိုးစားနေသည်။
ထိုကဲ့သို့ တစ်အိမ်တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူရေးကို အကြောင်းပြပြီး လူထု၏ အချက်အလက်များ၊ ပိုင်ဆိုင်မှုများကို ရန်ရှာခြိမ်းခြောက်လာမည့် အရေးအတွက် လူထုတစ် ရပ်လုံးအနေနှင့် တညီတညွတ်တည်း တုံ့ပြန်ရင်ဆိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတပြောကြားသည့် နှစ်သစ်ကူးမိန့်ခွန်းတွင် ဖော်ပြထားသည်။