စမ်းချောင်းတွင် ပုဒ်မ ၁၄၄ မထုတ်ပြန်ထားဘဲ လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ် ၅ ဦးကို အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း စမ်းချောင်းမြို့နယ်၊ မိုးမခလမ်းနေသူတစ်ဦးက ပြောသည်။
“ဒီနေ့ ဒိုးလေးမှာ ဝင်ဖမ်းတာ။ အသက် ၂၀ ဝန်းကျင် လူငယ်တွေစုထိုင်နေတာ။ သုံးယောက်က နေရာမှာတင် ဖမ်းခံရတယ်။ နှစ်ယောက်က အိမ်ပြန်ပြေးတာ။ အိမ်အထိလိုက်ဖမ်းတယ် ” ဟု စမ်းချောင်းမြို့နယ်၊ မိုးမခလမ်းနေသူတစ်ဦးက ပြောသည်။
ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်က စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းမပေါ်ရှိ ဘာဝနာလမ်းထိပ်တွင် ဖွင့်လှစ်ထားသော ဒိုးလေးလက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ် ၅ ဦးကို ရဲ (DC ) ကားတစ်စီးအပါဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ကျွန်းတောလမ်းမပေါ်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
ယင်းနောက် လူငယ် ၂ ဦးမှ ရဲများဝင်ရောက်ဖမ်းဆီးချိန် ရန်ကြီးအောင်လမ်းဘက် ထွက်ပြေးသွားခဲ့သောကြောင့် ဖမ်းဆီးခံရသူ လူငယ်သုံးဦးအား နေအိမ်သို့ လမ်းညွှန်ခိုင်းကာ လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ကျွန်းတောလမ်းမပေါ်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ရဲကားတွေရပ်ပြီး ဆင်းဖမ်းတာ။ ဘာဖြစ်လို့လဲမသိဘူး။ ကောင်လေးနှစ်ယောက်က ရန်ကြီးအောင်လမ်းဘက် ထွက်ပြေးတယ်။ ဖမ်းခံရတဲ့ကလေးတွေကို အိမ်မေးနေတယ်လို့ပြောတယ်။ အိမ်လိုက်သွားတာတော့ တွေ့တယ် ” ဟု ကျွန်းတောလမ်းမပေါ်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
MPA အနေဖြင့် စမ်းချောင်းမြို့မရဲစခန်း (၂၄) သို့ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ လူငယ် ၅ ဦးသည် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရကြောင်း သေချာအတည်ပြုနိုင်ခြင်း မရှိသေးပေ။
လက်ရှိတွင် ဘာဝနာလမ်းထိပ်ရှိ ဒိုးလေး လက်ဖက်ရည်ဆိုင်မှ လူငယ် ၅ ဦးအား စုဝေးသည်ဟုဆိုသော အကြောင်းပြချက်ဖြင့် စမ်းချောင်းမြို့မရဲစခန်း (၂၄) သို့ ခေါ်ဆောင်သွားကာ ဖမ်းဆီးစစ်ဆေးနေကြောင်း MPA မှ စုံစမ်းသိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ ဗဟန်းမြို့နယ်နှင့် လမ်းမတော်မြို့နယ်တို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လူ ၅ ဦး (သို့) ၅ ဦးထက်ပိုသော လူများသည် အများပြည်သူနှင့်ဆိုင်သော နေရာများ၊ လမ်းမများ၊ လမ်းသွယ်များနှင့် လမ်းမကြီးများတွင် စုဝေးခြင်းမပြုရန် ဇူလိုင်လ ၂၂ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်မှ ကြေညာထားသည်။