အာဏာသိမ်းစစ်တပ်၏ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးကို ရက္ခိုင့်တပ်တော်(AA)က ဇူလိုင်လ ၁၇ ရက်နေ့တွင် ကားပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
အဆိုပါ အသက် ၅၀ ကျော်အရွယ်၊ ဦးလှရွှေမှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ဇာတိဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်သို့ မြို့နယ်အုပ်ချုပ်ရေးမှူးရာထူးဖြင့် ယခုနှစ်ဇွန်လတွင် ပြောင်းရွှေ့ရောက်ရှိလာခြင်းဖြစ်သည်။
” သူက ပြောင်းလာတာမကြာသေးတော့ ကျောက်တော်မဟာမြတ်မုနိဘုရားကို သွားဖူးခဲ့တာပါ။ ဘုရားဖူးပြီးအပြန်မှာ အေအေက သတင်းအတိအကျရလို့ လမ်းကနေ ဖမ်းခေါ်သွားတာပါ ” ဟု ထွေအုပ်ဝန်ထမ်းတစ်ဦးက MPA သို့ ပြောသည်။
၎င်းသည် ရန်ကုန်-စစ်တွေ ကားလမ်းမအတိုင်း ကားဖြင့်ပြန်လာစဥ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ အေအေထိန်းချုပ်နယ်မြေအရောက်တွင် အေအေတပ်ဖွဲ့ဝင်များက ကားအား ရပ်တန့်ခိုင်းပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
” သူက ရခိုင်လူမျိုးဖြစ်သလို ဘူးသီးတောင်ဒေသခံလည်းဖြစ်တော့ အေအေအကြောင်းကိုတော့ သိတာပေါ့။ သူ့ကို အေအေဖက်ကဖမ်းမယ်လို့ မထင်ထားတာကြောင့် သွားခဲ့တာထင်ပါတယ်။ မိသားစုနဲ့ပါ။ ကလေးရော ရှိပါတယ် ” ဟု ဘူးသီးတောင်မြို့ခံတစ်ဦးက MPAသို့ ရှင်းပြသည်။
ထိုပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအလွန်မှ ကျောက်တော်မြို့ နယ်၊ ကံဇောက်ကျေးရွာမရောက်ခင်ထိ အေအေထိန်းချုပ်နယ်မြေဖြစ်ပြီး ထိုအနီးအနားသို့ ရဲ၊ စစ်သား စသည့် အကြမ်းဖက်စစ်တပ်၏ လက်နက်ကိုင်တပ်ဖွဲ့ဝင်များပင် မသွားလာရဲကြောင်းလည်း ဒေသခံများက ဆိုသည်။
” သူက ရခိုင်မှာ တိုက်ပွဲတွေဖြစ်နေတုန်းက ဘူးသီးတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ တာဝန်ကျနေခဲ့တာပါ။ ခုက ရာထူးတိုးပြီး ဒီကိုပြောင်းလာတာပါ။ ဒေသအခြေအနေကိုတော့ သူလည်းသိမှာပါပဲ ” ဟု အကြမ်းဖက််စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့်ဇွန်လ ၁၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်၏ စစ်သားတစ်ဦးကို ရက္ခိုင့်တပ်တော်( AA)က ပုဏ္ဏားကျွန်းမြို့ပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ စစ်တွေ စသည့် မြို့နယ်များမှ အကြမ်းဖက်စစ်တပ်၏ ရဲ၊ စစ်သား၊ စရဖ၊ ရေတပ်အရာရှိများအပါအဝင် အနည်းဆုံး ၁၅ ဦးကို အေအေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုအတောအတွင်း အကြမ်းဖက်စစ်တပ်ကလည်း ဒေသခံပြည်သူ တစ်ရာနီးပါးကို ဖမ်းဆီးခဲ့ပြီး ထိုအထဲက ၃၀ ဦးနီးပါးကို အမှုဖွင့် တရားစွဲဆိုထားကြောင်း မိသားစုဝင်များနှင့် ဒေသခံများကဆိုသည်။