အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းကာလအတွင်း သတ်ဖြတ်ခံရသည့် အရပ်သားပြည်သူ နှစ်ထောင်အတွက် ဝမ်းနည်းပူဆွေးရကြောင်း အမေရိကန်သံရုံးနှင့် ပြင်သစ်သံရုံးတို့က ဝမ်းနည်းခြင်း ပြသသည့်အနေဖြင့် ၎င်းတို့၏ Facebook စာမျက်နှာများတွင် အနက်ရောင်ပရိုဖိုင်ကို ယနေ့တွင် ပြောင်းလဲလိုက်သည်။
“စစ်အာဏာရှင်အဖွဲ့အစည်း၏ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုမှစပြီး သတ်ဖြတ်ခံခဲ့ရသည့် အရပ်သားပြည်သူ နှစ်ထောင် အတွက် မိမိတို့ ဝမ်းနည်းပူဆွေးရပါသည်။ နိုင်ငံတစ်ဝှမ်းတွင် မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ်တပ်၏ လူမဆန်သော ကြမ်းကြုတ်ရက်စက်မှုများသည် စစ်တပ်အတွင်းမှ တာဝန်ရှိသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး အပူတပြင်းလိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြနေပါသည် ” ဟု မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးက ထုတ်ပြန်အသိပေးခဲ့သည်။
ထို့ပြင် အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၄င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၄င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့ကြောင်း တပါတည်းထုတ်ပြန်အသိပေးထားသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် မိတ်ဖက်များ၊ မြန်မာပြည်သူများနှင့်အတူ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကို ပံ့ပိုးကူညီခြင်းကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိစေရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်သည်ဟု အသိပေးသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂,၀၀၀) ဦး ရှိခဲ့ပြီဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ထားသည်။