အိန္ဒိယ-မြန်မာ နယ်စပ်၊ ဇိုခေါသာမြို့တွင် အိန္ဒိယရူပီးငွေ ၁ ဒဿမ ၁၆ ကုဋေ တန်ဖိုးရှိ ဘိန်းဖြူများကို မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဇိုခေါသာမြို့တွင် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေစဉ် Land Custom အမည်ရှိ အဆောက်အအုံအနီး ရပ်ထားသည့် ယာဉ်တစ်စီးပေါ်ရှိ နိုင်လွန်အိတ် သုံးအိတ်ထဲက ဘိန်းဖြူ ၃ ဒဿမ ၈၆၆ ကီလိုဂရမ်ကို ရဲတပ်ဖွဲ့ဝင်များက ဇွန်လ ၂၄ ရက်၌ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးမှူး Lalbiakthanga Khiangte က “အထုပ်စုစုပေါင်း ၃၃၀ နဲ့ ဘိန်းဖြူက ၃ ဒဿမ ၈၆၆ ကီလိုဂရမ် သိမ်းဆည်းရမိတယ်။ ခန့်မှန်းတန်ဖိုး ရူပီး ၁ ဒဿမ ၁၆ ကုဋေရှိတယ်။ ပိုင်ရှင်ကိုတော့ ဆက်လက်စုံစမ်းနေတယ်” ဟု ပြောသည်။
ယင်းဘိန်းဖြူသိမ်းဆည်းရမိမှုနှင့်ပတ်သက်ပြီး ဇိုခေါသာရဲစခန်းတွင် အမှုဖွင့်ထားပြီး ဖြစ်နိုင်ခြေရှိသည့် ဆက်နွှယ်မှုများကို ဆက်လက်စုံစမ်းနေကြောင်း ၎င်းက ပြောသည်။