နိုင်ငံတကာ သတင်းဌာနများတွင် ရေးသားဖော်ပြနေသည့် ကမ္ဘာ့ ဘီလီယံနာ နှစ်ဦးဖြစ်သည့် အီလွန်မက်နှင့် ဇူကာဘက်တို့၏ စိန်ခေါ်ထိုးသတ်မည့် သတင်းမှာ ပရိသတ်များအကြား ရေပန်းစားလျက်ရှိသည်။
ဆိုရှယ်မီဒီယာပေါ်တွင် ၎င်းတို့နှစ်ဦး စကားစစ်ထိုးမှုများ ပြုလုပ်ပြီးနောက် သဘောတူလက်ခံလိုက်ခြင်းဖြစ်သည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြထားသည်။ ယုံကြည်စိတ်ချရသည့် သတင်းဌာနများက ၎င်းတို့၏ သတင်းကို ဖော်ပြနေကြသော်လည်း ပွဲအမှန်တကယ်ဖြစ်လာမည်လားဆိုသည့် သံသယမေးခွန်းများလည်း ရှိနေသည်။
Meta ၏ သူဌေး ဇူကာဘက်သည် အဆိုပါ သတင်းများထွက်ပေါ်ပြီးနောက် “အလေးအနက်မဟုတ်”ဟု ပြန်လည် အသိပေးထားသော်လည်း ၎င်းတို့နှစ်ဦး ထိုးသတ်ကြမည့်ပွဲ ဖြစ်စေချင်ကြသည့် ပရိသတ်များလည်း ရှိနေသည်။
ဘီဘီစီသတင်းဌာနက တွစ်တာထံ မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့သော်လည်း ယင်းနှင့် ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
အသက် ၃၉ နှစ်အရွယ် Meta ၏ သူဌေး ဇူကာဘက်သည် MMA တိုက်ခိုက်ရေးကို စိတ်ဝင်စားသည့်သူတစ်ဦးဖြစ်ပြီး မကြာသေးမီကလည်း jiu-jitsu ပြိုင်ပွဲများတွင် အနိုင်ရရှိထားသူဖြစ်သည်။
နာမည်ကြီး အားကစားဂျာနယ်လစ် Nick Peet က သူဌေးနှစ်ဦး ထိုးသတ်ကြမည့်ပွဲသည် ဖြစ်နိုင်ချေရှိသည့်အတွက် UFC ၏ ဥက္ကဋ္ဌ Dana White အနေဖြင့် နှုတ်ခမ်းသပ်နေလိမ့်မည်ဟု မှတ်ချက်ပြုထားသည်။