တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားပိုင် ဒရုန်းငါးစင်း ပိုင်နက်ထဲ ကျူးကျော်ခံရပြီးနောက် ဒရုန်းတွေကို တန်ပြန်ကာကွယ်ရန် အမေရိကန် ဒေါ်လာ ၄၄၀ သန်း အသုံးပြုသွားမည် ဖြစ်သည်ဟု အသိပေးလိုက်သည်။
ထို အသိပေးချက်သည် မြောက်ကိုရီးယားပိုင် ဒရုန်းများ တောင်ကိုရီးယား လေပိုင်နက်ထဲ ဝင်ရောက်ပြီး နှစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ဝေဟင်တွင် သေးငယ်သည့် စက်ပစ္စည်းများ ပျက်ပြယ် သွားစေနိုင်သည့် လေဆာစနစ်ကို ဖြန့်ကျက်အသုံးပြုမည်ဟု သိရှိရသည်။ ယင်းစနစ်သည် လတ်တလောတွင် စမ်းသပ်ဆဲ ရှိနေသေးသည်ဟု ဆိုသည်။
မြောက်ကိုရီးယား ဒရုန်းငါးစင်း ဝင်ရောက်ခံရပြီးနောက် တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က ကာကွယ်ရေးဝန်ကြီး Lee Jong-sup ကို ပြစ်တင်သတိပေးမှုတွေ ပြုလုပ်ထားသလို ငါးနှစ်အတွင်းတွင် သတ်မှတ်ထားသည့် ယင်းငွေကြေးတွေကို သုံးစွဲသွားမည်ဖြစ်သည်ဟု ဆိုသည်။
“မြောက်ကိုရီးယားရဲ့ ရန်စမှုမှန်သမျှကို ဒဏ်ခတ်ပြီး လက်တုံ့ပြန်ရမယ်။ ဒါက ရန်စမှုတွေကို ဟန့်တားဖို့အတွက် အစွမ်းထက်ဆုံး နည်းလမ်းပဲ”ဟု တောင်ကိုရီးယား သမ္မတက ၎င်း၏ လက်ထောက်များနှင့် တွေ့ဆုံမှုတွင် အသိပေး ပြောကြားခဲ့ခြင်းဖြစ်သည်ဟု Aljazeera သတင်းဌာနက ဖော်ပြထားသည်။
ဆက်လက်ပြီး တောင်ကိုရီးယား သမ္မတ Yoon Suk Yeol က မြောက်ကိုရီးယား၏ ကျူးကျော်မှုများအတွက် “မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက်ရှိလို့ ကြောက်လန့်ပြီး တုံ့ဆိုင်း မနေသင့်ပါဘူး”ဟု ဆိုသည့် မှတ်ချက်ကို ပြတ်သားစွာ ချခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သည့် တနင်္လာနေ့က အဖြစ်အပျက်ကြောင့် တောင်ကိုရီးယားနိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးအပေါ် ဝေဖန်မှုတွေရှိလာခဲ့ပြီး နှစ်ရက်အကြာအတွင် ယခုကဲ့သို့ ဒရုန်းရန် ကာကွယ်ရေးအသုံးစရိတ်ကို ချပြလာခြင်းလည်းဖြစ်သည်။ ထိုထဲတွင် တောင်ကိုရီးယား စစ်တပ်တွင် နောက်ထပ် ဒရုန်းတပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းမည့် အစီအစဉ်လည်း ပါဝင်နေသည်ဟု ဆိုသည်။