မြောက်ကိုရီးယားနိုင်ငံသည် နိုင်ငံအတွက် အရေးကြီးသော စစ်ရေးဆောင်ရွက်မှု အစီအစဉ်များကို ယနေ့တွင် ချမှတ်လိုက်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနများက ဖော်ပြသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်သည် နိုင်ငံ၏ ကိုဗစ်အကျပ်အတည်းဖြစ်ပေါ်နေသည့် ကာလအတွင်းမှာပင် စစ်ရေးအတွက် ဖြည့်တင်းမှုများကို မလျှော့ဘဲ ထပ်တိုးလုပ်ဆောင်နေသည်။
နိုင်ငံ၏ နယ်စပ်တစ်လျှောက်ရှိ ရှေ့တန်းတပ်များအတွက် စစ်ရေးအစီအစဉ်သစ်များ ချမှတ်ထားလိုက်ပြီဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနများက ဖော်ပြထားသော်လည်း အသေးစိတ်ကို မဖော်ပြထားပေ။
မြောက်ကိုရီးယားအရေး လေ့လာသူများ၏ သုံးသပ်ချက်များအရ ရှေ့တန်းနေရာများတွင် နျူကလီးယားလက်နက်များ ချမှတ်ရေးများ ပါဝင်နိုင်သည်ဟု သုံးသပ်ထားသည်။
ယင်းသည် ပြိုင်ဘက်နိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံကို ပစ်မှတ်ထားလုပ်ဆောင်သည့် အခြေအနေလည်းဖြစ်ကြောင်း သုံးသပ်ထားကြသည်။
၎င်းတို့၏ အဆိုအရ မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားနိုင်ငံတို့ကို အလွယ်တကူ ပစ်လွှတ်၍ ရနိုင်သည့် နျူကလီးယားလက်နက်များကို ထီထွင်ထုတ်လုပ်နေပြီး နျူလက်နက်ထုတ်လုပ်မှုအနေဖြင့် နှစ်ဆ ရှိနေကြောင်း လေ့လာသူအချို့က ဆိုကြသည်။
ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်စမ်းသပ်မှု အကြိမ်ရေများပြားနေသည့် မြောက်ကိုရီးယားနိုင်ငံကို အမေရိကန်အပါအဝင် မိတ်ဖက်နိုင်ငံတချို့ က စောင့်ကြည့်နေပြီး ယင်းအခြေအနေများအတွက်လည်း ဝေဖန်မှုများပြုလုပ်ထားကြသည်။
သို့သော် မြောက်ကိုရီးယားနိုင်ငံဘက်က စစ်ပွဲများကို တားဆီးရန် တစ်ခုတည်းသော အကြောင်းအရာမှာ နျူကလီးယားလက်နက် အမြောက်အမြားပိုင်ဆိုင်ထားခြင်းသည်သာဖြစ်သည်ဟု ယုံကြည်လျက်ရှိသည်။