ရုရှားသတင်းစာဆရာ ဒီမီထရီမူရာတော့ဗ်က ၎င်း၏ ငြိမ်းချမ်းရေး နိုဘယ်ဆုတံဆိပ်ကို ပေါင် ၈၄ သန်းဖြင့် လေလံတင်ရောင်းချပြီး ရရှိလာသည့် ငွေဖြင့် ယူကရိန်းဒုက္ခသည်များကို ကူညီမည်ဖြစ်သည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
ရုရှားသတင်းစာဆရာသည် ရုရှားတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ခုခံကာကွယ်ခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်တွင် ဖိလစ်ပိုင်သတင်းစာဆရာမ မာရီရာရက်စ်ဆာနှင့်အတူ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပူးတွဲချီးမြှင့်ခြင်း ခံခဲ့ရသူဖြစ်သည်။
၎င်း၏ ဆုတံဆိပ်ကို ယမန်နေ့က လေလံတင် ရောင်းချခဲ့ခြင်းဖြစ်ပြီး ပေါင် ၈၄ သန်းရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ဆုတံဆိပ်ကို လေလံဆွဲခဲ့သူသည် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြမထားပေ။
ရုရှားသတင်းစာဆရာ ဒီမီထရီမူရာတော့ဗ်က “ ဒီနေ့အတွက် အရေးကြီးဆုံး သတင်းစကားကတော့ စစ်ပွဲတွေ ဖြစ်ပွားနေတယ်ဆိုတာကို လူတွေအားလုံး နားလည်သဘောပေါက်ဖို့ဖြစ်ပါတယ်။ ဆင်းရဲဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးဖို့ လိုအပ်ပါတယ်” ဟု ပြောကြားသည်။
ဆက်လက်ပြီး ၎င်းက လေလံတင်ရာမှ ရရှိလာသည့် ငွေကြေးကို ယူကရိန်းစစ်ပွဲတွင် ဒုက္ခရောက်နေသူများကို လှူဒါန်းသွားမည်ဟု ထပ်ဆောင်းပြောကြားခဲ့သည်။
ရုရှားသတင်းစာဆရာ ဒီမီထရီမူရာတော့ဗ်သည် သမ္မတပူတင်နှင့် ပတ်သက်သည့် သတင်းများကို စုံစမ်းရှာဖွေတင်ဆက်ခဲ့ပြီး သမ္မတပူတင်ကို ဒေါသထွက်စေသည့် သတင်းစာဆရာတစ်ဦးအဖြစ် ကျော်ကြားသည်။
ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်တွင်လည်း ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားခဲ့၍ ယခုနှစ်မတ်လတွင် ၎င်းဦးဆောင်သည့် Novaya Gazeta သတင်းစာသည် ရပ်နားခဲ့ရသည်။