လျှော့စျေးဖြင့် ရေနံများကို ရောင်းချနေရသောကြောင့် ရုရှားသည် တရုတ်နိုင်ငံအတွက် အကြီးမားဆုံး ရေနံရောင်းချသူ ဖြစ်လာကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
ယူကရိန်းစစ်ပွဲအပေါ် အရေးယူပိတ်ဆို့များ ရှိနေခြင်းကြောင့် ရုရှားနိုင်ငံအနေဖြင့် ရေနံများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။
သို့သော် ယခင်စျေးထက် နိမ့်သည့် လျှော့စျေးဖြင့် ရုရှားနိုင်ငံက ရောင်းချပေးနေခြင်းကြောင့် တရုတ်နိုင်ငံအနေဖြင့်လည်း ယူကရိန်း-ရုရှား စစ်ပွဲကာလအတွင်း ရုရှားဆီက ရေနံများကို ပိုမိုပြီး ဝယ်ယူနေခြင်းပင်ဖြစ်သည်။
တရုတ်နိုင်ငံထံ အစောပိုင်း တင်ပို့နေသည်ထက် ယခုအခါတွင် ၅၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး ယခင် ဆော်ဒီအာရေဗျနေရာတွင် ရုရှားနိုင်ငံက အစားထိုးပြီး တရုတ်နိုင်ငံအတွက် အကြီးမားဆုံး ရေနံရောင်းချသူ ဖြစ်လာရခြင်းလည်းဖြစ်သည်။
ကိုဗစ်ရောဂါ ကန့်သတ်ချက်ကြောင့် စီးပွားရေး နှေးကွေးနေသော်လည်း တရုတ်နိုင်ငံသည် ရုရှားထံမှ ရေနံဝယ်ယူမှုကို အရှိန်မြှင့်နေခြင်းဖြစ်သည်။
ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း တရုတ်နှင့် ရုရှားတို့၏ ချစ်ကြည်ရင်းနှီးမှုသည် “အကန့်အသတ်မရှိ” ဟု ကြေညာခဲ့သည်။
တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေနံကုမ္ပဏီကြီးနှစ်ခုဖြစ်သည့် Sinopec နှင့် အစိုးရပိုင် Zhenhua ရေနံကုမ္ပဏီတို့သည် ဥရောပနှင့် အမေရိကန်ပြည်ထောင်စုတို့က ရုရှားကို ရှောင်ဖယ်ထားချိန်တွင် ရုရှားထံမှ ရေနံများကို ပိုမိုဝယ်ယူနိုင်ခဲ့သည်။
အရှေ့ဆိုက်ဘေးရီးယား ပစိဖိတ်သမုဒ္ဒရာပိုက်လိုင်းမှ ဖြတ်သန်းသွားသည့် တင်ပို့မှုနှင့် ပင်လယ်ရေကြောင်းမှ တင်ပို့ခဲ့သည့် တန်ချိန်သည် ပြီးခဲ့သည့်လတွင် တန်ချိန် ၈ ဒသမ ၄၂ သန်းနီးပါးရှိကြောင်း တရုတ်အကောက်ခွန် အထွေထွေအုပ်ချုပ်ရေး၏ အချက်အလက်များအရ သိရသည်။
ထို့ကြောင့် ယခင်က တရုတ်၏ အကြီးဆုံး ရေနံအရင်းအမြစ်ဖြစ်သော ဆော်ဒီအာရေဗျသည် တန်ချိန် ၇ ဒသမ ၈၂ သန်းဖြင့် ဒုတိယနေရာသို့ ရောက်ရှိသွားခဲ့ရသည်။
ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်မှုအတွက် ယခုနှစ်မတ်လတွင် အမေရိကန်နှင့် ဗြိတိန်တို့က စီးပွားရေးပိတ်ပင်မှုများပြုလုပ်ခဲ့သလို အနောက်နိုင်ငံများက စီးပွားရေးအရတုံ့ပြန်မှု အရှိန်မြှင့်နေပြီး ဥရောပသမဂ္ဂသည်လည်း ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့အပေါ် မှီခိုအားထားမှုကို အဆုံးသတ်ရန် လုပ်ဆောင်နေသည်။