ကျွန်တော့် ကိုယ်ပိုင်နံပါတ်က xxx ။ ဒုတပ်ကြပ်ပါ။ ကျွန်တော်က xxx တပ်တွေမှာ နေခဲ့တယ်။ အခုနောက်ဆုံးကxxx မှာနေခဲ့တယ်။ ကျွန်တော် စပြီး တပ်ထဲ ဝင်တာက ၂၀၀၂ ခုနှစ် ၁၁လပိုင်း ၂၈ရက် နေ့။ စပြီး ဝင်တဲ့အချိန် xxx ၊ အဲဒီကနေမှ xxx ၊ xxx၊ xxx နယ်စပ်တွေ သွားခဲ့တယ်။ အဲဒီကနေမှ xxx ရောက်ပြီး အခု စစ်သက် နှစ် နှစ်ဆယ်မှာ CDM ဝင်ခဲ့တယ်။
မွေးချင်း ၅ယောက် ရှိတယ်။ ညီအစ်ကိုချည်းပါပဲ၊ မိန်းကလေးမပါဘူး။ ထူးထူးခြားခြားပြောစရာရှိတာက အိမ်မှာ ပရဟိတ ၃ဖွဲ့ ရှိတယ်။ အိမ်က ထူထောင်ထားတာပေါ့ ။
ဇာတိက xxx ဇာတိ။ ကျွန်တော်တို့ကိုယ်တိုင်က လေဆိပ်မှာနေတော့ စစ်သားတွေနဲ့ထိတွေ့တယ်။ မိသားစုက လေတပ်အသိုင်းအဝိုင်းဆိုတော့ တပ်နဲ့ မစိမ်းဘူး။ ပုဂ္ဂိုလ်ရေးအရ တပ်က မိသားစုလိုဖြစ်နေတော့ တပ်အပေါ်မှာ မကောင်းမြင်တဲ့အမြင် မရှိခဲ့ပါဘူး။ အဲဒီအချိန်ကလည်း ရဲဘော်တယောက် လမ်းမှာတွေ့တဲ့အခါ စစ်သားဆိုရင် Respect တခု ရှိတယ်။ ကိုယ်ကိုယ်တိုင်က ပုဂ္ဂိုလ်ရေးအရလည်း နီးစပ်တယ်။ ကျွန်တော်တို့ ငယ်ငယ်က နိုင်ငံခြား စစ်ကားတွေကြည့်ရင် ရမ်ဘိုတို့ အာနိုးတို့ ဗန်ဒိန်းတို့ စစ်ကားဆို အရမ်းcrazy ဖြစ်တယ်။ အဲဒီလိုကားတွေကြည့်ရင်း အရွယ်လေး နည်းနည်းရောက်လာတော့ စစ်သားလုပ်ချင်တယ်။ တိုက်တာခိုက်တာ ဝါသနာပါတယ်။ စစ်တပ်ထဲကို နှစ်ကြိမ်ဝင်ခဲ့ဖူးတယ်။ တကြိမ်က အိမ်က လိုက်ထုတ်တာပေါ့။ သင်တန်းသွားနေတုန်းမှာ ထုတ်လိုက်တယ်။ နောက်နည်းနည်းကြာတော့ အိမ်ကိုလှည့်ပတ်ပြီး ဝင်လိုက်တာ။ အဓိက ကိုယ့်ရဲ့ခံစားချက်ပေါ့။ တိုက်ရခိုက်ရတာ ကြိုက်တယ်။ ပြတ်ပြတ်သားသား လုပ်ရတာကြိုက်တယ် ။
စဝင်ကတည်းက အကုန်လုံးက ပြောင်းပြန်ဖြစ်သွားတာ။ ကျွန်တော့်ရဲ့ တပ်အပေါ် မြင်ထားတဲ့အမြင်က Positive ဆန်တယ်။ ကျွန်တော် ရဲဘော်ဝင်ဖို့ စုဆောင်းရေးကို စရောက်တယ်။ မင်္ဂလာဒုံစုဆောင်းရေး စရောက်တဲ့အချိန်မှာ ဆံပင်ညှပ်တာကစပြီး ကျွန်တော်နဲ့ သဘောမတွေ့တာ။ ခေါင်းကိုမကိုင်ဘူး။ အဲဒီတုန်းက မော်တာတွေမပေါ်သေးဘူး။ လက်ထိုးတွေ။ ဆံပင်တွေက ညှပ်ရင်မပြတ်ဘူး။ ဆောင့်ဆောင့်ဆွဲတော့ အစမှာကတည်းက စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ လေးစားမှုမရှိဘူး။ ကျွန်တော်တို့ကျ လူကိုလူလိုပဲ တန်ဖိုးထားတာ။ သူတို့အထဲမှာကျ အဲဒီလိုမဟုတ်ဘူး။
စဝင်ကတည်းက အဆင်မပြေဘူး။ ဆံပင်ညှပ်တာကစတာ။ နောက်ပိုင်း ဆေးစစ်တဲ့အချိန်မှာလဲ အခက်အခဲတွေ အများကြီးရှိတယ်။ အရစ်ခံရတာပေါ့။ ဒါပေမယ့် သူတို့က ပိုက်ဆံပေးတော့မှ ပြီးသွားတာ။ ကျွန်တော့်ကို လိုက်သွင်းပေးတာ ဆက်သွယ်ရေးတပ်ဖွဲ့ အရာခံဗိုလ်တယောက်၊ သူက နောက်ကနေ တောက်လျှောက်ငွေလိုက်ရှင်းရတာ။ ဆေးစစ်မယ်ဆိုလည်း ငွေရှင်းတယ်။ ပေါင်ချိန်စက်ပေါ်တက်လည်း ငွေရှင်းပေးတယ်၊ နောက်ကနေ ငွေလိုက်ရှင်းပြီး မှောင်ခိုဈေးကွက်တခုလို သွားတာပေါ့။ စဝင်ကတည်းက အဆင်မပြေတာ။
ပြီးရင် ရဲဘော်သစ်သင်တန်းသွားတော့ xxx မှာ စစ်အခြေခံ သင်တန်း သွားတက်ရတယ်။ သင်္ဘောစီးရတယ်။ ကားလမ်းကြောင်းတွေကအဆင်မပြေတော့ သင်္ဘောလမ်းကြောင်းနဲ့ သွားရတယ်။ သင်္ဘောပေါ်မှာဆိုလည်း ကျွန်တော်တို့လာတဲ့အချိန်မှာ ၆၀ကျော်လောက်ရှိတယ်။ စုပြီးလိုက်သွားရတယ်။ ထိုင်ပြီးနေရတာ လှုပ်လို့မရဘူး။ တညလုံး စီးရတာ။ တချို့နောက်ဘက်နဲ့ နီးတဲ့သူကျ ခုန်ချတယ်။ ၄ယောက်လောက် ခုန်ချတာ တွေ့တယ် ။ သူတို့က မကြည့်ခိုင်းဘူး။ လိုအပ်ရင် ခေါင်းငုံ့ခိုင်းထားတယ်။ အဲဒီမှာကတည်းက ကိုယ်ဖြစ်ချင်တဲ့ ခံစားမှုကိုမရဘူး။
ရဲဘော်သစ်သင်တန်းရောက်သွားတော့ သူတို့က အခြေခံပစ္စည်းတွေထုတ်ပေးတယ်။ ခြင်ထောင်တို့၊ ယူနီဖောင်းတို့၊ စစ်ဖိနပ်တို့၊ ခါးပတ်တို့၊ ဦးထုပ်တို့ လို တကိုယ်စာသုံးဖို့ပစ္စည်းတွေ ထုတ်ပေးတယ်။ ပြီးရင် ကိုယ့်ကိုသတ်မှတ်ပေးတဲ့နေရာမှာ ပုံထားပြီး လူတွေက အပြင်ထွက်တန်းစီရတယ်။ တန်းစီရတဲ့အချိန်မှာစပြီး “ xxx တွေတဖက်ထွက်ရပ် “ဆိုပြီးပြောတော့ ထွက်ရပ်တာ xxx ချည်းပဲ အားလုံး ၄၂ ယောက်။ သင်တန်းဆရာက အရင်ဆုံး ပါးတယောက်တချက်စီ လိုက်ရိုက်တယ်။ စိတ်ထဲမှာ နည်းနည်းတော့ လူက မကျေနပ်မှုတွေ ဖြစ်လာပြီး အဆင်မပြေမှုတွေ များလာတယ်။ ဘာလို့ပါးရိုက်တာလဲ ဆိုတော့ xxx တွေက သူတို့ကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး၊ ဒုက္ခပေးတယ်တဲ့။ ရန်ကုန်သားတွေက တယောက်ထဲ ဝင်လာပြီးရင် သုံးလေးငါးယောက်လောက်ခေါ်ပြီး ဖောက်ထွက်ပြေးကြတယ်၊ ဘယ်တော့မှ ကောင်းကျိုးမပေးလို့ရိုက်တာ။ မင်းတို့ ဒုက္ခမပေးခင် ငါက ကြိုပြီးအနိုင်ယူထားတာ ဆိုပြီး သင်တန်းဆရာကြီးက ပြောတယ်။
စကတည်းက တော်တော်လေး အဆင်မပြေတာ။ သင်တန်းတောက်လျှောက်မှာလဲ ရေမချိုးရဘူး။ တစ်ပတ်တကြိမ်ပဲ ချိုးရတယ်။ တောက်လျှောက်မှာ တနေကုန် run နေပြီး တစ်ပတ်တကြိမ်ပဲ ရေချိုးရတော့ အိပ်မပျော်ဘူး။ လူကမရွှင်လန်းဘူး။ နေရထိုင်ရတာ အဆင်မပြေဘူး ။ ညပိုင်း သင်တန်းရဲ့ စည်းကမ်းအတိုင်း အပေါ့အပါးသွားတယ်ဆိုရင်တောင် အိမ်သာတက်တစ်ယောက် အပေါ့သွားမယ်ဆိုတစ်ယောက် လက်ထောင်ပြီး သွားရတယ်။ သွားရင် အဝတ်အစားတွေ အကုန်ချွတ်ထားခဲ့ရတယ်။ အဝတ်အစားယူသွားရင် ထွက်ပြေးလို့တဲ့။ အလုပ်လုပ်တယ်ဆိုတဲ့နေရာမှာ ကိုယ်ကိုတိုင် ယုံကြည်လို့ ဝင်တာ။ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ်ဝင်တာဆိုတော့ အဲဒီလိုဆက်ဆံတာ အဆင်မပြေဘူး။ ကျွန်တော်တို့ခေတ်ကကျတော့ အခုလို ပေါ်တာတွေ မဟုတ်သေးဘူး။ အဲဒီနောက်ပိုင်းကျမှ ၂၀၀၅ တို့ ၂၀၀၇ တို့ အရေးအခင်းတွေနဲ့ကြုံပြီး တဖြေးဖြေး ပေါ်တာဆွဲတဲ့ အလေ့အကျင့်တွေဖြစ်ပြီး ပိုပြီးတော့ဆိုးလာတာ ။
ပြောရရင်တော့ စစ်ထဲစသွားခဲ့ချိန် စုဆောင်းရေးမှာထဲမှာကတည်းက အခက်အခဲတွေ အများကြီးဖြစ်ပြီး စိတ်အနှောင့်အယှက် ဖြစ်တာပါ။နေထိုင်ကြီးပြင်းတာကတော့ လေတပ်အသိုင်းအဝိုင်းထဲမှာ။ ဝင်တော့ ရေတပ်ထဲသွားဝင်တာ။ ရည်ရွယ်တာတော့မဟုတ်ဘူး အလုပ်ရပြီးရော သွားတာ။ စရောက်သွားတဲ့နေ့က သောကြာနေ့ဆိုတော့ ရုံးပိတ်ရက်ဖြစ်နေလို့ဆိုပြီး လက်မခံကြဘူး။ အဲဒါနဲ့ ကျွန်တော် ကာကွယ်ရေးဌာနကတယောက်နဲ့ သူတို့ကာကွယ်ရေးဌာနကို ပါသွားပြီး အဲဒီမှာ ခဏစောင့်ခိုင်းထားတယ်။ အဲဒီတုန်းက တပ်မ xx က လူသစ်တွေ လိုက်ရှာတာ ဝယ်တာတွေရှိတယ်။ တပ်ထဲမှာက ဈေးကွက်တခုရှိတယ်။ တပ်ရင်းမှုးတွေဆို ရာထူးတိုးဖို့က လူသစ်တွေဝယ်ရတယ်။ ပြောရရင် ကျွန်တော့်ကို ရောင်းလိုက်တဲ့ပုံစံပေါ့။ သူတို့ နောက်ကြောင်းမှာ ငွေအကြောင်းတွေရှိမှာပေါ့။ ကျွန်တော့်ကို xxxတပ်ကို ထည့်လိုက်တယ်။ တပ်မ xxx ကို ရောက်သွားတယ်။ ကိုယ်စားလှယ်ဆီ ရောက်သွားတာ။ အဲဒီကနေမှ စုဆောင်းရေးကို ခေါ်လာတယ်။ ကြားထဲမှာ ဆက်သွယ်ရေးကတယောက်ကနေမှ ဖြတ်ဝယ်လိုက်တော့ ဆက်သွယ်ရေးကို ပါသွားတာပေါ့။ တကယ်ဝင်တာက တိုက်ခိုက်ရေးတပ်။ ဒါပေမယ့် လိုက်ဝင်တော့ ရေတပ်၊ ရေတပ်ကနေ ရောင်းစားခံရရင်းနဲ့ ဆက်သွယ်ရေးတပ် ရောက်သွားတယ် ။
သင်တန်းစာမေးပွဲဖြေနေတဲ့အချိန် နှစ်ကုန်ပိုင်းမှာ အာဏာသိမ်းမှုကြီး ဖြစ်လာတာ။ကျွန်တော်တို့ဆီမှာ ကြိုပြီးတော့ စာမေးပွဲဖြေလိုက်တယ်။ ဖြေပြီးသွားရင် အရပ်ဘက်က တက္ကသိုလ်ဝန်ထမ်းတွေ ခေါ်ပြီဆို ကျွန်တော်က ပြင်ပကနေ ဝင်ဖြေရတယ်။ အဲဒီလိုမဖြစ်ခင်မှာ အာဏာသိမ်းမှု ဖြစ်တော့ CDM ဆိုပြီး ထွက်လိုက်တာ။
ကျွန်တော်က ပရိုဂျူဆာ အော်ပရေတာ။ အော်ပရေတာဆိုတာ ဝါယာလက်စက်တွေကိုင်ပြီးတော့ စစ်ကြောင်းတွေလိုက်ရတယ်။ ဆက်သွယ်ရေး စက်တွေနဲ့ စစ်ကြောင်းကို အထက်ဌာနတွေက ဘယ်ကိုသွားပါ ဘာလုပ်ပါဆိုပြီး ဆက်သွယ်ရေးလမ်းကြောင်းကနေ ညွှန်ကြားချက်ရတယ်။ စစ်ကြောင်းကို အဲဒါနဲ့ လိုက်တွဲရတာ။ အဲဒီနောက်ပိုင်း တပ်ပေါ်မှာ ညွှန်ကြားချက်တခု ဖြစ်သွားတယ်။ ဆက်သွယ်ရေးကို အများဆုံး တိုက်ခိုက်ခံရတယ်။ တစ်ဖက်ကတိုက်ရင် ဆက်သွယ်ရေးနဲ့ စစ်ကြောင်းတစ်ခုကိုပဲ တိုက်ခိုက်တယ်။ အဲဒီ ၂ခုက ထိခိုက်သွားရင် အဲ့ဒီ စစ်ကြောင်းက အသေဖြစ်သွားတယ်။ ဆက်သွယ်ရေးက ပိုထိရောက် တယ်။ ဆက်သွယ်မှု ပြတ်သွားရင် စစ်ကြောင်းရေးမှူး က ဘာမှ မလုပ်တတ်တော့ဘူး။ ဘယ်မှမသွားရဲတော့ဘူး။ သွားရင် ကိုယ်တပ်နဲ့ ကိုယ့်အချင်းချင်း ပြန်မှားနိုင်တယ်။
ကျွန်တော်တို့က ရှေ့တန်းထွက်ရင် အနိမ့်ဆုံးက ဗျူဟာမှူးတွေနဲ့ လိုက်ရတယ်။ သူ့အောက်မှာ တပ်ရင်း၊ တပ်ရင်းတွေနဲ့ကျ တွဲစရာမလိုဘူး။ ကျွန်တော် တို့က ကွပ်ကဲရေးဌာနနဲ့တွဲရတော့ ဗျူဟာနဲ့ တွဲရတယ်။ ဗျူဟာမှုးတွေကို တပ်မကနေညွှန်ကြားတာ၊ တိုင်းတွေကညွှန်ကြားတာ။ ဗျူဟာမှုးက သူ့တပ်တွေကို ပြန်ခိုင်းတယ်။ ခိုင်းတာတွေကို ကျွန်တော်တို့က communication ပြန်လုပ်ပေးရတယ်။ တပ်တွေမှာ ခြေလျင်ဆက်သွယ်ရေးတွေ တပ်စုတွေ ပေးပြီး တပ်တွေမှာ ခြေလျင်ဆက်သွယ်ရေးတွေ ရှိတယ်။ သူတို့ကိုညွှန်ကြားတာတွေ ခိုင်းတာတွေကို communicate ပြန်လုပ်ပေးရတယ်။ ကျနော့်ရဲ့ အဓိကတာဝန်က ရေဒီယိုအော်ပရေတာဆိုတော့ ဆက်သွယ်ရေး တခုပဲ။ ကျွန်တော်တို့က ဘယ်သူပဲ ဘယ်ပဲသွားသွား အဖွဲ့တခုမှာ ဆက်သွယ်ရေးက ရှိနေတော့ လိုက်ရတယ်။ ဗျူဟာမှူးက စစ်ဆင်ရေးတာဝန်ပဲဖြစ်ဖြစ် တခြား လုံခြုံရေးတာဝန်ပဲဖြစ်ဖြစ် သွားတဲ့အခါ လိုက်သွားပေးရတယ်။
ကျွန်တော်က ဖုန်းကိုင်ထားတော့ ပုံမှန် ဆိုရှယ်မီဒီယာတွေ သုံးနေတယ်။ အဲဒီအချိန်မှာ ပြင်ပက ဖြစ်နေတာတွေ အကုန်လုံးသိနေတယ်။ ကျန်တဲ့သူတွေ က မသိဘူး။ ဒီတော့ တန်းစီတဲ့အချိန်မှာ ကျွန်တော်ကသတိပေးတယ်။ တပ်ကတော့ အာဏာသိမ်းမယ့် လက္ခဏာပေါ်နေပြီ။ ဘာပဲဖြစ်ဖြစ် အဲ့ဒီအပေါ်မှာ မင်းတို့စီးမျောဖို့မလိုဘူး မစီးမျောနဲ့။ အဖွဲ့တွေ အပြင်မသွားနဲ့၊ ဘယ်လိုမလုပ်နဲ့ ကျောင်းက စည်းကမ်းထုတ်ပေးထားတာတွေ ချပြရတယ်။ ၁၀ရက် လောက်ကတည်းက ကျနော့်အသိတပည့်တွေက အသင့်ပြင်ထားတယ်။ နောက်ပြီး ဒီဘက်မှာ နိုင်ငံရေးသတင်းနားထောင်တော့ အာဏာသိမ်းနိုင်တယ် ဆိုတဲ့ လက္ခဏာရှိနေတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ ပြောနေတဲ့စကားရှိတယ်၊ တပ်က အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ဘူးတဲ့။ အဲ့ဒီလို စကားတွေရယ်၊ ရွေးကောက်ပွဲကိစ္စတွေ အကြီးအကျယ် ကန့်ကွက်တာတွေ ပြောတာတွေရယ်။ ကိုယ့်လူတွေ ကြည့်တော့လဲ Stand by ဖြစ်နေကြတယ်။ အထူးသဖြင့် သန်လျင်တပ်ကို Stand by လုပ်ထားတယ်။
အာဏာသိမ်းတောက်လျှောက် သံလျင်တပ်တွေကို သုံးသွားတာ။ xxx တပ်မှာက အသိတွေ တပည့်တွေရှိနေတော့ “ ဆရာ ကျွန်တော်တို့ကိုတော့ အသင့်လုပ်ခိုင်းထားတယ်၊ ဘာလဲမသိဘူး “ ဆိုတာမျိုး ကြားရတယ်။ ကျွန်တော်က ဆက်သွယ်ရေးမှာ လုပ်သက်လဲရှိတယ် ကျွန်တော်နဲ့ အသိတွေက တိုင်းတွေ ဌာနတွေမှာရှိတော့ တခုခုသိချင် ကျွန်တော့်ကိုမေးကြတယ်။ ကျွန်တော်ကလည်း အသိမိတ်ဆွေတွေ လိုက်ချိတ်ကြည့်တော့ ပြောလို့မရဘူးတဲ့ အရေးကြီးတယ်တဲ့။ ဒါပေမယ့် တပ်က လုပ်စရာရှိတာလုပ်နေတယ် ဆိုတဲ့ message ကို ရတယ်။ သိပ်တော့ မသေချာသေးဘူး။ ဒါပေမယ့် ကျွန်တော့် အယူအဆအရ တပ်ကတခုခုလုပ်တော့မယ်၊ အာဏာသိမ်းတာဖြစ်စေ ဒါမှမဟုတ် သူတို့ အကြမ်းဖက်တဲ့နည်း တခုခုလုပ်တော့မယ်လို့ နားလည်တယ်။ နောက်ဆုံးတော့ အာဏာသိမ်းဖို့ တပတ်လောက်မှာ ကျွန်တော် ကောင်းကောင်းသိသွားတယ်။
ဆိုတော့ xxx မှာ တပ်တွေဖြန့်ဖို့အတွက် xxx တပ်တွေကို စပြီးတော့လွှတ်နေတယ်။ ဒီလို နေရာတွေ စယူနေပြီဆိုတော့ အဲ့ဒီမှာ သိသွားပြီ။ သာမာန်အရပ်သားရှိတဲ့နေရာကို တပ်သွားချတယ်၊ နောက်တော့ လက်နက်တွေအစ စီမံလာပြီဆိုကတည်းက အဓိကရုဏ်းတွေ နှိမ်နင်းဖို့ပဲ။ တချို့ ရဲဘော်အသစ်တွေဆို သူတို့ မမြင်ဖူးဘူးတဲ့ သေနတ်တွေပါ ပါတယ်။ စထုတ်ပေးတုန်းကတော့ အရပ်သားကို တုန့်ပြန်တဲ့ လက်နက်တွေ၊ လူသေစေတဲ့ လက်နက်တွေ မဟုတ်ဘူး။
အဖွဲ့လိုက်ကို ၁လက်၂လက်စသဖြင့် ဖွဲ့စည်းပုံတွေနဲ့ ထုတ်ပေးလာတယ်။ ပြီးရင် အမြဲတမ်း ကားပေါ်မှာ ရိက္ခာအသင့်ပြင်ထားတယ်။ ကားပေါ်မှာပဲ အိပ်ရတယ်။ လူပျိုတွေဆို လူပျိုအိပ်ဆောင်မှာ စုထားလိုက်တယ်။ အိမ်ထောင်သည်တွေကျတော့ ကရိကထများလို့ ကားပေါ်မှာထားတယ်။ အိမ်ပေးမပြန်ဘူး။ အဲ့ဒီတော့ ခြုံကြည့်လိုက်ရင် အာဏာသိမ်းတော့မယ်ဆိုတာ လုံးဝ နားလည်သွားတယ်။ လက်နက်တွေ ဖြန့်တယ်၊ လူတွေ ဖြန့်ခွဲပြီးတပ်တွေ နေရာချတယ်ဆိုတာ မြို့ကိုထိန်းဖို့ လုပ်တာပဲ။ မြို့အဝင်အထွက်တွေ ကြိုပြီးချိတ်ဆက် ထားတာ။
အဲဒီ အချိန်ထဲက သိနေပြီ။ ပထမဆုံး ဆိုးဆိုးဝါးဝါး သတင်းတွေထဲမှာ ကြားတာကတော့ မမြသွဲ့သွဲ့ခိုင် အပစ်ခံရတဲ့ ကိစ္စပဲ။ ကျွန်တော်လဲ စိတ်မထိန်း နိုင်ဘူး။ သင်တန်းမှာဆို ပေါ်တင်ပြောတာ တကယ်လို့ အာဏာသိမ်းတယ်တို့ ဘာတို့ဆိုရင် မင်းတို့ ကိုယ်ဉာဏ်နဲ့ကိုယ်ဆုံးဖြတ်။ ပြည်သူကို ထိခိုက်မယ်ဆို ငါ့အမြင်ကတော့ လက်မခံဘူး။ အဲဒီမှာ တော်တော်များများ ကျနော့်ကို negative ဆန်တဲ့ မှတ်ချက်တွေပေးကြတယ်။ သူတို့အချင်းချင်း ကွယ်ရာမှာ ပြောကြတာပါ။ ကျွန်တော်က တပ်ခွဲမှူး ဆိုတော့ မပြောရဲဘူး။ ကျွန်တော်ဝင်သွားရင် ကြားတယ်။ အဲ့ဒီအခါကျ သူတို့ပြောတာ ရပ်လိုက်ကြတယ်။ အဲ့ဒီလိုပေါ့ အများစုကတော့ သိမ်းတာကြိုက်ကြတာပေါ့။ အထူးသဖြင့် စစ်တပ်က ဝါဒမှိုင်းမိနေကြသူတွေပေါ့။ သူတို့က negative ဖြစ်တယ် NLD ကို မကြိုက်ကြဘူး။ NLD ဆိုတာ ဘာလဲတောင် ကောင်းကောင်း မသိကြဘူး။
ကျွန်တော်က အပြင်မထွက်ရတော့ ဆန္ဒပြပွဲနှိမ်နင်းရတဲ့ အတွေ့အကြုံမရှိဘူး။ ကျွန်တော်သိတာတခုက အဓိကရုဏ်းနှိမ်နင်းရေးတွေကို လုပ်နေတဲ့ xxx က တပ်ဖွဲ့တွေနဲ့ ကျွန်တော်က အဆက်အသွယ်တော့ ရှိတယ်။ အစပိုင်း တပတ်လောက်က ငြိမ်နေတော့ အဆင်ပြေသွားမယ်လို့ ယူဆကြသေးတယ်။ နောက်ပိုင်းမှာ ဆေးကျောင်းအဖွဲ့တွေ ထွက်လာတယ်။ ဆန္ဒပြတယ်။ တဖြည်းဖြည်းနဲ့ ထိန်းမရတော့ဘူး။ လူတွေက များလာတယ်။ တခါတလေ သူတို့ နဲ့ ဖုန်းမပြောနိုင်ဘူး။ နောက်ပိုင်း သူတို့နဲ့ ကျွန်တော် ဖုန်းကောင်းကောင်းမပြောဖြစ်တော့ဘူး။ အဆက်အသွယ်လုပ်လို့မရတော့ဘူး။ တပ်ရဲ့သဘော သဘာဝအရ နေ့နေ့ ညည ဟိုလှည့်ဒီလှည့်နဲ့ ဖြစ်လာတော့ ကျွန်တော်နဲ့ အဆက်အသွယ်နည်းလာတယ်။ ဒါပေမယ့် စပြီးလုပ်တဲ့ တလျှောက်လုံးမှာတော့ တပည့်တွေနဲ့ အဆက်အသွယ်ရတယ်။ ဘယ်နေရာမှာတော့ သွားပြီး ပိတ်ထားရတယ်၊ ရေသန့်ဘူးတွေနဲ့ထုလို့၊ ဘာတွေနဲ့ထုလို့ ကျွန်တော်တို့လဲ ပြေးရတယ်ဆိုပြီး ပြောလာကြတယ်။ နောက်ပိုင်း တလလောက်ကြာတော့ မမြသွဲ့သွဲ့ခိုင်ပစ်ခံရတဲ့အချိန်မှာ ကျွန်တော်နဲ့ အဲ့ဒီအဖွဲ့တွေနဲ့ အဆက်အသွယ် မရှိ သလောက် ဖြစ်သွားတယ်။ အဲ့ဒီနောက်ပိုင်း ကျွန်တော်လဲ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးအရ ဆက်ပြီးမသိချင်တော့ဘူး။ ကျွန်တော့်စိတ်ထဲမှာ စစ်တပ်အဖွဲ့အစည်းထဲက ဘယ်သူနဲ့မှ စကားမပြောချင်သလို ဖြစ်လာတယ် ။
တပ်ရဲ့ သဘောသဘာဝအရ ပြည်သူတွေကို အခွင့်အရေးချိုးဖောက်တာမျိုးက ရှိတယ် အများကြီးပဲ။ ဒါပေမယ့် ကျွန်တော်တို့ တိုက်ရိုက်ကြုံတာ နည်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့တပ်ဖွဲ့သဘောအရ ဆက်သွယ်ရေးဆိုတော့ တပ်ဖွဲ့တဖွဲ့မှာဆို အလုံခြုံဆုံးနေရာမှာ လူကြီးနဲ့အတူ နေရတယ်။ တော်ရုံဆို ကျွန်တော်တို့က လက်အောက်ကို တခုခုလုပ်လိုက်ပါဆို အောက်က တပ်စုတွေ၊ တပ်စိတ်တွေက ထွက်ပြီးလုပ်ကြတာ။ ဥပမာ တပ်က ရွေးကောက်ပွဲ ကိစ္စမျိုးပေါ့။
ရွေးကောက်ပွဲကိစ္စတုန်းကဆို ကျွန်တော်က xxx မှာ ရှိတယ်။ အဲ့မှာ ရွာတွေကို စစ်ကြောင်းတွေ လွှတ်ရတယ်။ စီမံချက်တွေ တင်ရတယ်။ ကိုယ့်ရဲ့ စစ်ဆင်ရေး ကွပ်ကဲနှိမ်နင်းရေးတွေ ရှိတယ်။ နယ်မြေတွေ ခွဲပေးထားတယ်။ ကိုယ့်တပ်ရင်း၊ ကိုယ့်စစ်ကြောင်း လှုပ်ရှားမယ့် နယ်မြေမှာရှိတဲ့ရွာ ဘယ်နှစ်ရွာ၊ အဲ့ဒီရွာရဲ့ လူဦးရေ အချက်အလက်တွေယူ။ ရွာတွေတက်ပြီး မဲကိစ္စတွေ စည်းရုံးခိုင်းတယ်။ ပထမတကျော့ စည်းရုံးရေးကာလပြီးတော့ စည်းရုံးရေး နယ်မြေတွေ စည်းရုံးထားပြီးပြီဆိုတဲ့ဖြစ်စဉ်တွေ အထက်ဌာနကို တင်ပြရတယ်။ နောက်ပြီးတော့ ကြိုတင်မဲလုပ်ပါ ဆိုပြီး ကြိုတင်မဲတွေ လိုက်လုပ်တယ်။ မရှိရှိတဲ့ နာမည်တွေနဲ့ လုပ်တာပဲ။ မပါတဲ့နေရာ တခုမှမရှိဘူး။ ပြောရရင် အရင် list တွေကိုပဲ ကြည့်ပြီး လုပ်တာ။ တချို့ဆို စာရင်းပေးထားတဲ့ လူတွေက သေပြီးသားလူတွေ။ ပြီးရင် ကျွန်တော်တို့ကိုယ်တိုင်လဲ မဲပေးရမယ် ဆိုတာဖြစ်လာတော့ ရှေ့တန်းစခန်းမှာပဲ မဲပေးရမယ်ဆိုပြီး တကယ်တမ်းကျ မပေးခဲ့ရဘူး။
မဲပေးဖို့ စစ်ပုံစံဝတ်စုံတွေအပြည့်နဲ့ အသင့်တန်းစီရတယ်။ တယောက်ချင်း မဲပေးရမယ်၊ မဲရုံပုံစံမျိုးလုပ်တယ်၊ မဲပုံးထားတယ်။ တပ်မမှူးရော ဗျူဟာမှူး ပါလာထိုင်တဲ့အပြင် ဒုစစ်ဦးစီးမှူး(G2) ပါပါတယ်။ မဲထည့်စထည့်ခိုင်းတဲ့ အချိန်မှာ ရဲဘော်တွေက တသက်လုံး ဘောပင်နဲ့ ရင်းနှီးနေတဲ့သူတွေ မဟုတ်တော့ အမှတ်တောင် သေချာမခြစ်တတ်ဘူး။ နောက်တခုက တပ်ထဲမှာ တပ်ရဲ့သဘောသဘာဝအရ လူကြီးရှေ့ရောက်ရင် အလိုလို ကြောက်သလို ဖြစ်တတ်ကြတယ်။ အဲ့ဒီမှာ ရဲဘော်လေးတွေက မှားပြီးခြစ်တယ်။ တချို့ကျ ရွဲ့ပြီး NLD ခြစ်တာမျိုး လုပ်တယ်။ အဲ့ဒါနဲ့ အကုန်လုံးကို မောင်းထုတ်ပြီး ကိုယ့်အလုပ်ကိုယ်ပြန်တာဝန်ယူခိုင်းတယ်။ မဲတွေကို G2 က ဒိုင်ခံ ထိုင်ခြစ်ပစ်တယ်။ အုပ်ချုပ်မှုရုံးနဲ့ ကျွန်တော့်ဆက်သွယ်ရေး အခန်းနဲ့က ကပ်နေတာဆိုတော့ ကျွန်တော်က ရုံးထဲမှာ ဖြစ်နေတာကို သိတာ။
ကျွန်တော်က xxx မှာ တပ်မ xx နဲ့ စစ်ဆင်ရေးခွဲမှူး တာဝန်ယူနေတာဆိုတော့ နယ်စပ်တခွင်လုံး xxx နဲ့ တိုက်ပွဲတွေဖြစ်ဖို့ ဆိုင်နေတဲ့ကာလတလျောက်လုံး အဲ့လိုတွေ လုပ်ပစ်တာ။ စစ်ရှေ့တန်းစခန်းဆိုရင် လူစေ့အကုန်လာပြီး မဲခြစ်ပါလို့ပြောပေမယ့် နောက်ကျ “ ရဲဘော်တွေ ရူးကြောင်မူးကြောင်နဲ့ လျှေက်ခြစ်နေရင် မဲစာရွက်တွေလဲ အလကားဖြစ်တယ် မင်းတို့ဟာမင်းတို့ ကြီးကြပ်ပြီးတော့သာ သေချာသပ်သပ်ရပ်ရပ်လုပ် “ ဆိုပြီး လူကြီးဆီပြန်ပို့ အစီအမံတွေပြန်လုပ်ခိုင်းတာ။ အားလုံးက ကြံ့ခိုင်ရေးပါတီပဲထည့်ရတယ်။ ကျန်တဲ့ပါတီမထည့်ရဘူး။
၂၀၂၁ခု ၃လပိုင်း ၁ရက်နေ့ အာဏာသိမ်းပြီး တလပြည့်တဲ့နေ့မှာ CDM လုပ်တာ။ တပ်ထဲမှာ မသိမသာတမျိုး သိသိသာသာတမျိုး လူမျိုးရေးအရ ဖိနှိပ်ခံရတာ၊ ခွဲခြားဆက်ဆံခံရတဲ့အချက်က အဆိုးဆုံးပဲ။ ဒါက ကျွန်တော် CDM လုပ်လာရတဲ့အချက်ထဲမှာ အဓိကကျတဲ့အချက်ပဲ။ ဥပမာ ကျွန်တော်က လုပ်သက်အကြာကြီးရှိလာပေမယ့် ကျွန်တော်နဲ့အဆင့်တူတွေ ရာထူးတိုးလည်း ကျွန်တော်မတိုးဘူး။ စည်းကမ်းနဲ့အလုပ်တွေမှာ ပြစ်ဒဏ်တခါမှမရှိဘူး။ ဒါပေမယ့် ရာထူးတိုးမပေးဘူး။ ပိုဆိုးတာက အန္တရာယ်ရှိမယ့်နေရာ အနေအစားဆင်းရဲမယ့်နေရာ အဲဒီနေရာမျိုးဆိုရင် သူများထက် ကျွန်တော့်ကိုပိုခိုင်းတာ ပိုပို့တာပဲ။ အဲဒီ pressure ပိုကြီးတယ်။ ပုံမှန် မဟုတ်ဘူး။
သာမန်အရပ်သားဘဝကတည်းက မြန်မာနိုင်ငံရဲ့ ဓလေ့အရ ကလေးလေးကအစ တွေ့ရင် ကျွန်တော့်ကိုဆို ကုလားလေးပဲခေါ်တာ။ ကျောင်းတွေမှာ အရမ်းခွဲခြားဆက်ဆံခံရတယ်။ ဆရာ၊ ဆရာမတွေစာမေးရင် ရှေ့တန်းမှာနေတဲ့ တခြားကလေးတွေဆိုရင် လှိုက်လှိုက်လှဲလှဲ ရှိတယ်။ ကျွန်တော်တို့ကိုဆို သိပ်ဟက်ဟက်ပက်ပက် မလုပ်ဘူး။ ဒါက ငယ်ငယ်ထဲက ဖြတ်သန်းလာရတဲ့ မတူညီတဲ့ အသွင်သဏ္ဍာန်ပေါ့။ တပ်ထဲရောက်တော့လဲ အဲ့ဒီအချက် အလက်က ပိုပြီးတော့ဆိုးတယ်။ တပ်မှာကျတော့ အရွယ်ရောက်ပြီးသား လူတွေလေ။ ကလေးတွေလို မဟုတ်ဘူး။ သူတို့ မှတ်ထားတာကို ပြန်ပြင်ဖို့ ခက်တဲ့ အရွယ်တွေ။ ကျွန်တော်တို့ကျ ဆက်ဆံရတာ မတူဘူး။ အခွင့်ထူးခံ ကိစ္စဆို ကျွန်တော်တို့မှာမရှိဘူး။ အဲ့ဒီ အကျိုးဆက်ကလည်း ကျွန်တော် ရာထူးမတက်ရတဲ့ အကြောင်းတွေမှာပါတယ်။ ခိုင်းစရာရှိ ခိုင်းလိုက်တယ်။ အခွင့်အရေးကျ မပေးဘူး။
စစ်တပ်ရဲ့ သဘောသဘာဝအရ တပ်ခွဲမှာ သူတို့ရဲ့အကြီးဖြစ်လို့ ကျွန်တော့်ကို မပြောရဲဘူး၊ ကွယ်ရာကျလို့ ရှိရင် ဘယ်တော့မှ နာမည်နဲ့ အဆင့်နဲ့ မပြောတော့ဘူး။ ဆရာကုလားပဲခေါ်တာ၊ စာရေးတွေ ရုံးကိစ္စတွေလုပ်ရင်လည်း ဟိုကုလားလုပ်ရမယ့်ကိစ္စ၊ ဒီကုလားကိစ္စ အဲ့လိုမျိုး။ သူတို့မှာ တော်တော်နဲ့ ဖျောက်လို့မလွယ်တဲ့ ပုံစံတခုရှိတယ်။ မကြားချင်လဲ ကြားနေရတယ်။ ကိုယ့်အတွက် အဆင်မပြေဘူး။ ကျွန်တော်တို့က မိသားစုလိုက် လူမှုရေးလုပ်တာ။ ဘာသာရေးမခွဲခြားဘူး။ ပရဟိတအသင်း သုံးခု ရှိတယ်။ ဒါပေမယ့် တပ်ထဲမှာ ဗုဒ္ဓဘာသာဝင်ချင်းတူတာတောင်မှ ကျွန်တော်က ဟိန္ဒူလူမျိုးဖြစ်နေလို့ ကုလားဆိုပြီး အမြဲတမ်း ချိုးနှိမ်ဆက်ဆံတယ်။ အဲဒါ ကျွန်တော်အခံရအခက်ဆုံးပဲ။ တခြားအချက်တွေအရ CDM လုပ်ဖို့ စဥ်းစားခဲ့ပေမယ့် အဲဒီလူမျိုးခွဲခြားဆက်ဆံခံရတဲ့အချက်က ထိပ်ဆုံးကဖြစ်မယ်ထင်ပါတယ်။ (ဟိန္ဒူလူမျိုး၊ ကုလားဟူသော ဝေါဟာရများမှာ မူရင်း ပြောကြားချက် အတိုင်းဖြစ်ပါသည်။)
ကျွန်တော်က အစထဲကလဲ တပ်မှာ ရေရှည်ဆက်မနေချင်တော့ဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဥပဒေဘောင်မှာနေတဲ့ အဖွဲ့အစည်းတွေ။ ကျွန်တော်တို့အိမ်မှာလဲ အဖွဲ့အစည်းတွေ ပရဟိတတွေလုပ်ကြတော့ ကျွန်တော်လုပ်သမျှက သူတို့ဆီမှာ image က ရှိတယ်။ သူတို့ကို မထိခိုက်စေချင်ဘူး။ သူတို့ကျ အစိုးရ ဘောင်ထဲမှာ အလုပ်လုပ်နေတာ ကိုယ်တိုင်ကလဲ ဝန်ထမ်းဆိုတော့ အိမ်ကို သွားပြီး သက်ရောက်မှု မရှိစေချင်ဘူး။ တရားဝင် ထွက်ခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ ထွက်ခွင့်မပေးဘူး။ အာဏာသိမ်းတော့မယ်ဆိုကတည်းက တပ်ကထွက်ဖို့ ပြင်ဆင်နေတာ ကျွန်တော့်ဘက်က ရယ်ဒီဖြစ်နေပြီ။ ဒါပေမယ့် ကျွန်တော့်ရဲ့ပါတနာတချို့က ခဏစောင့်ကြည့်ပါဦး ငြိမ်သွားမှာပါ ဆိုပြီး တပတ်စောင့်ကြည့်လိုက်၊ နှစ်ပတ်စောင့်ကြည့်လိုက်နဲ့ တလ ပြည့်လာတယ်။ တဖြည်းဖြည်း သည်းမခံနိုင်တော့ဘူး။ အထူးသဖြင့် မမြသွဲ့သွဲ့ခိုင်ကို ပစ်သတ်တဲ့ ကျည်ဆံ ခေါင်းထဲရောက်အောင်ပစ်တဲ့သတင်း နေ့တိုင်း ကြားနေရတဲ့အချိန်မှာ ဆုံးဖြတ်ချက်က ခိုင်မာသွားတယ်။ မရရတဲ့နည်းနဲ့ သင်တန်းကနေ ထွက်လာတာ။
တပ်ရင်းတပ်ဖွဲ့ ကနေ လာတာမဟုတ်တဲ့အတွက် ဘာပစ္စည်းမှမပါဘူး။ ကျွန်တော်က မြို့ပေါ်မှာပဲ xxဘက် မှာ အရင်သွားနေတယ်။ ဧည့်စာရင်း တွေဘာတွေဝင်စစ်ရင် အဖမ်းခံရနိုင်တယ်ဆိုပြီး ကိုယ့်အတွက် safe ဖြစ်မယ့် နေရာရွှေ့လိုက်တယ်။ စိုက်ပျိုးရေး လုပ်စားတယ်။ ကျနော့်ဘာသာ တောရှင်းပြီး စိုက်ပျိုးရေးလုပ်တယ်။ ချဉ်ပေါင်တွေ၊ ကန်စွန်းတွေ၊ အသီးအနှံတွေစိုက်ရောင်းပြီး ဝမ်းစာရှာစားနေတယ်။ နေရင်းနဲ့ ကျွန်တော် UG တချို့ကို သတင်းအချက်အလက် နဲ့ သယ်ယူပို့ဆောင်ရေး ထောက်ပံ့ပေး တယ်။ xxx မှာ UG တချို့ နဲ့ အလုပ်လုပ်နေတာဆိုတော့ ဆက်သွယ်မှု အခက်အခဲကို နားလည်သွားတယ်။ တခုခု ဖြစ်ရင် ဖုန်းပိတ်လိုက်တယ်၊ အင်တာနက်ကို speed ချလိုက်တယ်။ ကျွန်တော်တို့ဖုန်းနဲ့ ဆက်သွယ်ဖို့အဆင်မပြေတော့ဘူး။ အင်တာနက် speed ချလိုက်တော့ ကျွန်တော်တို့ ဗီဒီယိုဖိုင်တွေ ပို့လို့မရတော့ဘူး။ Live တို့ meetingတို့တွေလည်း လုပ်လို့မရဘူး။ အဲ့လို အခက်အခဲ တွေ ဖြစ်လာတယ်။ ဆက်သွယ်မှု အခက်အခဲတွေတွေ့လာတော့ ကျွန်တော်က ဆက်သွယ်ရေးကမို့ ကျွန်တော်နားလည်တဲ့အပိုင်းတွေကို ဒီဘက်က အဖွဲ့အစည်းတွေဆီ sharing လုပ်ခဲ့သေးတယ်။ နောက်တော့ အခြေအနေအရ လွတ်မြောက်နယ်မြေကို ကူးလာခဲ့တာပါ။