ကျွန်တော့်နာမည်က xxx ပါ။ ရာထူးကရဲဘော်ပါ တပ်သားအဆင့်ပေါ့။ xxxတိုင်း တပ်ထဲကပါပဲ။ တပ်ထဲကို စပြီးဝင်ဖြစ်ရတဲ့အကြောင်းရင်းက ရိုးရိုးလေးပါ။ ကျွန်တော့်အဖေက စစ်မှုထမ်းဟောင်းတယောက်မို့ ဝန်ထမ်းသားသမီးက ဝန်ထမ်းလောကထဲဝင်တဲ့ ထုံးစံပါပဲ။
ကျွန်တော် တပ်ထဲဝင်မယ်ဆို တော့ ကျွန်တော့်အဖေနဲ့ကျွန်တော် စကားအချေအတင်များတာမျိုးရှိတယ်။ “ သား မင်း တပ်ထဲမှာဆို သေသွားလိမ့်မယ် “ လို့ ပြောတယ်။ ကျွန်တော်က အပြင်မှာပဲအနေကြာခဲ့ရတော့ တပ်အကြောင်း မသိဘူးလေ။ ကျွန်တော်သိတာက တပ်က လူတွေကိုကူညီတာလောက်ပဲသိတယ်ဆိုတော့ ကျွန်တော့်စိတ်ရင်းအမှန် လူတွေကို ကူညီချင်တဲ့စိတ်နဲ့ပဲ စစ်တပ်ထဲဝင်ဖြစ်သွားတယ် ။
တပ်ထဲရောက်တော့ တခြားကမ္ဘာကို ရောက်သွားသလိုပဲ။ စ ရောက်သွားတော့ ပုံစံပေးခံရတယ်။ ကျွန်တော်တို့က တိုင်းရင်းသားဆိုတော့ ကျွန်တော်တို့ဘက်မှာ တောင်ယာတို့ လယ်တို့ကထွက်တဲ့ စပါးတော့ စားနိုင်တယ်။ အဲ့ဒီမှာ ထမင်းစားတဲ့အခါမှာကျတော့ ဗမာဆန်လို့ ခေါ်မလား အဲ့လိုဟာ စစားရတော့ လည်ချောင်းမှာ မြိုတောင်မရတာ ကြုံခဲ့ရတယ်။ ဝက်သားဟင်းနေ့ဆိုလည်း ခက်ရင်းနဲ့ ထိုးလို့မရဘူး။ တော်တော်ခက်ခက်ခဲခဲတွေ ကြုံခဲ့ရတယ်။ ဒါ စုဆောင်းရေးတပ်ပဲ ရှိသေးတယ်။ xxx စုဆောင်းရေးမှာ နေရတယ်။ နောက် သင်တန်းကွင်းကို ရောက်သွားတယ်။ ပထမဆုံး ဖုန်းတွေအကုန်သိမ်းတယ်။ ပုံစံမျိုးစုံနဲ့ ဆဲတယ်။ မင်းတို့ တပ်ထဲစဝင်တာ နဲ့ မင်းတို့ အစ်မတွေ၊ နှမတွေ၊ အမေတွေကို ဂိတ်ပေါက်ဝမှာ ထားခဲ့၊ ဒီထဲရောက်ရင် ဒီပုံစံပဲဆိုပြီး သင်တန်းထဲရောက်သွားပြီး ထိုးတယ်၊ ကြိတ်တယ်၊ ကန်တယ် အဲဒီကနေ စတယ်ပေါ့။ အကြောက်တရားနဲ့ စပြီးအုပ်ချုပ်တယ်၊ ပုံစံသွင်းတယ်။ ဆံပင်ဆို ခေါင်းပေါ်မှာ လက်တဝါးစာလောက်လေးပဲ ကျန်တယ်။ အဲ့ဒီနေ့စပြီးတော့ ပုံစံအမျိုးမျိုး သွင်းခံရတယ်။
မှတ်မှတ်ရရ တစ်ခါတုန်းကဆို သင်တန်းမှာ သူက(သင်တန်းနည်းပြ) ဝါးလုံးကို ထောင်ပြတယ်။ ဒါ ဝါးခြမ်းပါ ဆိုပြီး သူကပြောတယ်။ အဲဒီအချိန်မှာ အကုန်လုံးကို ဝါးခြမ်းပါလို့ ပြောခိုင်းနေတဲ့အချိန် ကျွန်တော်က ဝါးလုံးပါလို့ပြောတော့ အရိုက်ခံရသေးတယ်။ “ ဒါ ဝါးလုံးလေ ငါ မြင်တာလဲ ဝါးလုံးပဲ ” လို့ ပြောတော့ ‘’ ဝါးခြမ်းဆို ခြမ်းလိုက် ဝါးလုံးဆို လုံးလိုက်ပေါ့ “ တဲ့။ သင်တန်းက အရမ်းကြမ်းတော့ တချို့ထွက်ပြေးတဲ့ကောင်လေးတွေရှိတယ်။ အဲ့လိုထွက်ပြေးတဲ့ ကောင်လေးတွေ ပြန်မိလို့ရှိရင် ပိုးစိုးပက်စက်လုပ်တာ။ ခွေးရိုက်နွားရိုက်၊ တိရိစ္ဆာန်တကောင်လိုကို ရိုက်တာ။ သူတို့ရိုက်လို့ဝပြီဆိုရင် ရှိတဲ့သူ သင်တန်းသားတယောက်ချင်းစီက သုံးလေးချက်လောက်စီ ထပ်ပြီးရိုက်ရတယ်။ အဲဒီလိုမျိုးတွေလည်း ခက်ခက်ခဲခဲတွေ ကျော်ဖြတ်ခဲ့ရတယ် ။
သင်တန်းကို ၄လခွဲလောက် တက်ခဲ့ရတယ်။ ၄လခွဲအတွင်းမှာလည်း လူကနေ နွားလုံးလုံးဖြစ်အောင် ပုံစံပေးတဲ့ သင်တန်းတွေပေါ့။ အဲဒီကနေမှ xxxတိုင်းကို တာဝန်ကျတယ် ။တာဝန်စကျတော့ ဌာနဆိုင်ရာတခုကိုရောက်တယ်။ ရောက်တော့ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် စစ်သားအလုပ်ပဲ လုပ်ရတာပေါ့။ မနက်ဆိုရင် ၅နာရီ လောက်ထ၊ တန်းစီ၊ စစ်ရေးပြလေ့ကျင့်တာတွေ စာကျက်ရတာတွေလုပ်ရတယ်။ ကျွန်တော်ရောက်တဲ့ဌာနက လူကြီး အစစ်ဆေးခံရတဲ့ ဌာနကိုရောက်သွားတာ။ ပြောရမယ်ဆို တပ်မျက်နှာဖုံး၊ ဗဟိုကင်းပေါ့။ အဲဒီမှာဆိုရင် သူများထက် နှစ်ဆ စည်းကမ်းပိုအကျပ်ခံရတယ်။ သူများထက် ၂ဆ အလုပ်ပိုလုပ်ရတယ်။ အဲလိုနေရာကို ရောက်သွားတာ ။ တပ်ထဲ စဝင်တာ ၂၀၁၆ အကုန် ၂၀၁၇ ။ လုပ်သက်က ၅နှစ် ၊ ၆နှစ် ဝန်းကျင်လောက်ပေါ့ ။
ကျွန်တော်ကိုယ်တွေ့ကြုံခဲ့ရတာ အရာရှိတယောက်က ကျွန်တော့်ရဲ့နားချိန်မှာ ရာထူးအဆင့်အတန်းခွဲပြီး အနိုင်ကျင့်တာခံရတာ။ ကျွန်တော်က အိပ်နေတာ ည၁နာရီလောက်ရှိပြီ။ အိပ်နေတဲ့အချိန်မှာ အရာရှိတယောက်က မူးမူးနဲ့ပြန်လာတယ်။ ကျွန်တော်အိပ်ပျော်နေတဲ့အချိန် သူကလာနှိုးတယ်။ ညဘက်နားတဲ့အချိန်တွေဆိုတော့ ဒါ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ပဲ ပြောရမှာပေါ့။ ကျွန်တော့်ရဲ့ Duty off လေ။ ကျွန်တော့်ရဲ့နားချိန် ဖြစ်သွားပြီ။ နှိုးပြီးတော့ဆဲတယ်။ ငါနဲ့ ကိုင်တုတ်တယ်၊ “ မင်းစစ်သား မဟုတ်ဘူးလား “ ဘာညာနဲ့ ပြောတယ်။ “ ငါဘာကောင်လဲ သိလား “ ဆိုပြီး လည်းပြောတယ်။ ကျွန်တော်ကလဲ ဘာမှလုပ်လို့မရဘူး၊ သတိဆွဲထားရတယ်။ ကျွန်တော့်ကို ညကြီးမင်းကြီး ဘယ်ညာလျှောက်ခိုင်းတယ်။ ပြီးရင် ခြေထောက်မြှောက်ပြီးလုပ်ရတဲ့ ချိန်မှတ်တယ်ဆိုတာမျိုးတွေကအစ ကျွန်တော့်ကို အကုန်လုပ်ခိုင်းတယ်။ ။ ရာထူးကတော့ဗိုလ်ကြီးပဲ။ ဗိုလ်ကြီးသူရိန်ထွန်း။ နောက်ဆုံး သူ့ရဲ့ အထက်အရာရှိတယောက်က ဆင်းတားတော့မှ ရပ်သွားတဲ့အထိ ကြုံခဲ့ရတယ်။
နောက်တခုက တပ်ထဲမှာ ဝါဒမှိုင်းတွေက ရှယ်တိုက်ခံထားရတာ။ ကျွန်တော်တို့က သီးသန့်ကမ္ဘာတခု ဖြစ်သွားတယ်။ ကျွန်တော်တို့ ရဲဘော်တွေက နိုင်ငံရေးကို ဘာမှမသိဘူး။ တကယ် ဘာမှကိုမသိဘူး။ လုံးဝအမှောင်ကြီး။ ကျွန်တော်တို့ရဲဘော်အဆင့်မှမဟုတ်ဘူး တခြားအဆင့် အကုန်လုံးပဲ။ တချို့အရာရှိတွေတောင် ပါကောင်းပါလိမ့်မယ်။ တချို့ မဟုတ်ဘူး တော်တော်များများ ပါလိမ့်မယ်။ လုံးဝ မှိုင်းအသွင်းခံထားရတာ။ မျက်စိပိတ် နားပိတ်ပေါ့။ လောကကြီးနဲ့ အဆက်အသွယ်ပြတ်နေတဲ့သူတွေများတယ်။ ကျွန်တော်တို့ကျ အခွင့်ထူးခံ လူတန်းစားထဲပါသွားမယ်။ တပ် မျက်နှာဖုံးဆိုတော့ စမတ်ကျကျနေရတယ်၊ ဥပဒေအပိုင်းတွေလဲ နားလည်ထားရတယ်။ သူတို့လာစစ်တဲ့အချိန်မှာ လုံးဝထောင့်စေ့အောင် နေပြရတယ်။ စစ်ရေးပြနဲ့ပတ်သက်လို့ လုံးဝ သူများထက်သာနေအောင် လုပ်ပြရတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့က နည်းနည်းအခွင့်ထူးခံထဲမှာ ပါတယ်။
နားရက် တချို့တလေဆို အပြင်ထွက်ခွင့်ရတယ် ။ အပြင်ထွက်တဲ့အချိန်မှာလည်း ဘယ်အချိန်သွား ဘယ်အချိန်ပြန် လက်မှတ်ထိုးပြီး ထွက်ရတယ်။ အပြင် လေး နည်းနည်းရောက်တော့ အပြင်ကသူငယ်ချင်းတွေနဲ့ခင်ပြီး နိုင်ငံရေးကလွဲလို့ တခြားအပိုင်းတွေကို ကျွန်တော်တို့ နည်းနည်းပါးပါး သိလာရတယ်။ ကျွန်တော်တို့က သီးသန့်ကမ္ဘာလေးတခုလို ဖြစ်နေရတာ။ “ အပြင်ကအရပ်သား နဲ့ မင်းတို့နဲ့က မတူဘူး။ မင်းတို့ကအရပ်သားမဟုတ်ဘူး မတူပါဘူး “ ဆိုတာမျိုး ခဏခဏ ပြောခံရတော့၊ ဆပ်ပြာခွက်ကို ပင်လယ်ကြီး ထင်နေခဲ့တဲ့ အချိန်တွေပေါ့။
နိုင်ငံရေးနဲ့ပတ်သက်လို့ သူတို့က မြဝတီသတင်းစာထဲမှာ အချက် ၅ချက် နဲ့ကို ထည့်ထားရေးပေးထားတယ်။ မှတ်မှတ်ရရ ၅ချက် မှာ အမျိုး ဘာသာ သာသနာ ကို စောင့်ရှောက်တဲ့အဖွဲ့အစည်း၊ တပ်မတော်နဲ့ လက်တွဲနိုင်တဲ့ အဖွဲ့အစည်း၊ ၂ချက် လောက်ပဲ မှတ်မိတော့တယ်။ ကျန်တဲ့ ၃ချက်ကတော့ မြဝတီသတင်းစာထဲမှာ ရှာကြည့်ရင် ပြန်တွေ့လိမ့်မယ် ။ မြဝတီသတင်းစာ အပေါ်ဆုံးမှာ ။
တာဝန်ရှိတဲ့သူတွေလူလာပြီဆိုရင် တကူးတက မှိုင်းသီးသန့် ပြောတာလိုမဟုတ်ဘဲ ဆရာတပည့်ဆုံးမတဲ့ ပုံစံမျိုးတွေပြောပြီး ဝါဒဖြန့်မှိုင်းတိုက်တာ။ ဥပမာ – ကုလားမယားတို့၊ အမျိုးဖျက်နေတယ်တို့။ သူကအမျိုးယုတ်တို့ မင်းတို့သဘောကျလို့လားတို့ အဲဒီလိုတွေ အမြဲပြောတယ်။ အဲဒါ ဒေါ် အောင်ဆန်းစုကြည်ကို ပြောနေတာပါပဲ။ ကျွန်တော်ပြောတာမယုံရင် စီဒီအမ်လုပ်လာတဲ့ ကြိုက်တဲ့ရဲဘော် သွားမေးကြည့်လို့ရတယ်။ ရဲဘော်တွေကတော့ ပြန်လဲပြောခွင့်မှမရှိတာ၊ မှားတယ်၊ မှန်တယ်လည်း ပြောလို့မှမရတာ ခေါင်းပဲငြိမ့်နေရတာပေါ့။ ဒါကြီးကို မှန်ပါတယ် တရားသေပြောခံနေရတာ ကြာတော့ ဒါကြီးကိုအမှန်ထင်သွားပြီး ဒီဘဝထဲမှာ မရုန်းထွက်နိုင်တဲ့ ရဲဘော်တွေဖြစ်ကုန်တာပေါ့။
မဲထည့်တဲ့နေ့မှာ တပ်ရင်းတိုင်း မဲရုံရှေ့မှာ အရပ်ဝတ်နဲ့ သွားစောင့်နေရတယ်။ နောက်ပြီးတော့ ကျွန်တော်တို့စောင့်ခဲ့ရတဲ့မဲရုံမှာ အထဲကို ဝင်ခွင့်မရှိဘူး။ အပြင်မှာ အိမ်ဘေးနားလေးမှာ ခိုးကြောင်ခိုးဝှက်နေပြီး မဲလာထည့်တဲ့လူတွေရဲ့ အရေအတွက်ကို ကျွန်တော်တို့က တာလီချိုးခဲ့ရတယ်။ မဲစာရင်း ထွက်ပြီး ည ၁၂နာရီ ၁နာရီ လောက်မှ ကျွန်တော်တို့ ပြန်ခဲ့ရတယ်။ မဲစာရင်းက မဲလာထည့်တဲ့သူပေါ့ ။ ခိုးကြောင်ခိုးဝှက်လုပ်ရတယ်ဆိုတာ မဲရုံတရုံမှာ မဲလာထည့်တဲ့ လူအရေအတွက်ကို အပြင်ကနေ ခိုးပြီးတော့ ရေနေရတာ ။
ရွေးကောက်ပွဲကာလမတိုင်ခင်ကတော့ ဘယ်ကို မဲထည့်သင့်တယ်၊ ဘယ်ဟာ ဘယ်လိုလုပ်သင့်တယ် အဲဒီ စာ ၅ကြောင်း အလွတ်ကျက်ခိုင်းတယ်၊ ပြီးရင် သူတို့ကိုယ်တိုင်လာစစ်တယ်၊ ပြီးရင် အဲ့ဒီ ၅ကြောင်းကို အပြန်အလှန် ဆွေးနွေးခိုင်းတာမျိုးတွေရှိတယ်။ ဘယ်လိုထည့်သင့်တယ် ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုးတွေတော့ အမြဲတမ်းပြောခံရတာပေါ့။ ပြီးရင် စကားဝိုင်းတွေ ဘာတွေလုပ်ရင်လည်း ဒီကိစ္စတွေပဲ ပြောတယ်။ ကျွန်တော်တောင် နားယောင်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောပြတာ။ ကျွန်တော် USDP ကို မဲထည့်ခဲ့တယ်။ ၂၀၁၅ မှာတုန်းကတော့ ကျွန်တော် NLD ကို မဲထည့်ခဲ့တယ်။ ၂၀၂၀ မှာတော့ USDP ကို မဲထည့်ခဲ့တယ် ။ ကျွန်တော့်တပတ်စဉ်ထဲ သူငယ်ချင်း ၂ယောက်က ရှေ့တန်းထွက်ရတော့ ကြိုတင်မဲအနေနဲ့ ထည့်ခဲ့ရတယ်လို့ပြောတယ် ။ တကယ်လို့ ဖုန်းဆက်ပြီး မင်းဘယ်ထဲမဲထည့်ချင်လဲမေးရင်တောင်မှ သူတို့လက်ထဲမှာပဲရှိတယ်။ ကိုယ်တိုင် ထည့်ခွင့်မှ မရတာ ။
အာဏာသိမ်းတုန်းက ယူနီဖောင်းချိန်းပြီး ရဲဖြစ်သွားတယ်။ ကျွန်တော် ရှက်လဲရှက်တယ်ဗျာ။ အာဏာသိမ်းလို့သိမ်းမှန်းတောင် မသိလိုက်ရတဲ့ဘဝ ။ သိရတာတော့ အာဏာသိမ်းမယ်ပေါ့။ မနက်ဖြန်လိုအာဏာသိမ်းမယ်ဆို ဒီညမှာ ယူနီဖောင်းအပြည့်အစုံတွေနဲ့ xxx ကိုသွား၊ ရောက်တော့ စစ်ယူနီဖောင်းတွေအကုန်ချွတ်၊ ပြီးရင် ရဲယူနီဖောင်းတွေထုတ်ပေးတာ အကုန်ဝတ်ရတယ်။ ဘောင်းဘီရော အင်္ကျီပါ မတော်တာတွေ ဝတ်ပြီးတော့ လုံခြုံရေး ယူရတယ် ။ သူပြောတာတော့ ဆန္ဒပြတဲ့သူတွေကို တားမယ်။ လုံခြုံရေးယူနေတဲ့ ရဲတွေနေရာ အစားထိုးချိန်းပေးတာပေါ့။ ကျွန်တော့် အထက်အရာရှိကလဲ တခါမှ မရှင်းပြဖူးဘူး။ အာဏာသိမ်းပြီး တလလောက်ကြာတဲ့အထိ လုံခြုံရေး ယူရတယ်။ ဆန္ဒတွေပြတယ်။ ဘာတွေဖြစ်နေလဲ မသိဘူး။ လိုင်းတွေလဲ ဖြတ်ထားတော့ သတင်းတွေလဲ ဘာမှမသိရတာ။ ဈေးသွားဝယ်တဲ့ရဲဘော်လေးတွေဆို ကတုံးတွေတုံး၊ မျက်ခုံးမွှေးတွေရိတ်ပြီး နဖူးမှာ နွေဦးတော်လှန်ရေးလို့ ရေးထားခံရတာတွေ့တော့ ဘာလုပ်တာလဲ ဘာတော်လှန်ရေးတွေလဲဆိုပြီး ဘာမှမသိခဲ့ဘူး။ အဲဒီကနေမှ ကျွန်တော်တို့ ဂျူတီ ပြန်ချိန်းပေးလို့ တပ်ရင်း ပြန်ရောက်တော့မှ အာဏာသိမ်းသွားတာမှန်း သိလိုက်ရတာ။ အာဏာထိန်းသွားတယ်ဆိုပြီး စကား အလှလေး သုံးသွားတာပေါ့ ။
အဲဒီအချိန်တုန်းက ကျွန်တော့်သူငယ်ချင်းနဲ့တောင် အာဏာသိမ်းတာနဲ့ အာဏာထိန်းတာ ဆိုတာနဲ့ပတ်သတ်ပြီး စကားတွေ အချေအတင် ပြောခဲ့ဖူးတယ်။ ငါကတော့ ဒါဟာလိမ်တာ အာဏာသိမ်း သိမ်းတယ်ပေါ့ဆိုပြီး ပြောဖြစ်တာ။ အဲဒီကတည်းက ကျွန်တော်ကမကြိုက်ဘူး။ အဏာသိမ်းတာကိုလည်းမကြိုက်ဘူး။ လိမ်ညာတာ မလိမ့်တပတ်လုပ်တာကိုလည်းမကြိုက်ဘူး။ နောက်ပိုင်းမှ အာဏာသိမ်းတဲ့ပုံစံမျိုး သေချာသိလာတော့ ကျွန်တော်က ချက်ခြင်းပဲ CDM လုပ်လာတယ် ။
လုံခြုံရေးပတ်တဲ့အချိန်တော့ လိုက်ခဲ့ဖူးတယ်။ အဲဒီအချိန်ဆိုရင် အပြင်မှာဆို ရပ်ကွက်တွေထဲဖြတ်ရင် တုတ်တွေ၊ လေးခွတွေ၊ ဓားတွေကိုင်ပြီး ရပ်ကွက်ထဲကလူတွေက ထွက်ကြည့်နေတာ။ အဲဒီအချိန်ထိ ဘာဖြစ်လို့ဖြစ်နေမှန်း မသိသေးတာ။ ဓားတွေတုတ်တွေနဲ့ အပြင်က အဖွဲ့တွေ့ ထွက်ကြည့်နေတာမျိုးတွေ၊ ရွာထဲဝင်လာမယ်ဆိုလည်း ရွာလမ်းထဲတွေမှာ အများကြီးပဲ။ အဲ့လိုမျိုးတွေတော့ ကြုံခဲ့တယ်။ ဒါပေမယ့် ဘာမှတော့ မလုပ်ခဲ့ဖူးဘူး ။
နောက်တော့ လူတွေ အရပ်သားတွေနဲ့ အထိကရုဏ်းနှိမ်နင်းတာတွေဖြစ်လာတယ်။ ဒါပေမယ့် ကျွန်တော်က အဲဒါတွေမဖြစ်ခင်မှာကို အာဏာသိမ်းတာကိုမကြိုက်လို့ အစောကြီး CDM လုပ်လာခဲ့တာ။ အဲ့ဒီအခြေအနေတောင် မရောက်လိုက်ဘူး။ CDM တန်း ထွက်လာခဲ့တာ။ ၃လပိုင်းလောက်ပေါ့။ သီးသန့် ခက်ခက်ခဲခဲတော့ မရှိဘူး။ ကျွန်တော်က နယ်ဘက်မှာနေခဲ့ရတဲ့သူဆိုတော့ နယ်ကအဒေါ်ကို ဖုန်းဆက်တယ်။ အဲဒီအချိန်မှာ CDM ဆိုတာ ဘာမှန်း မသိသေးဘူး။ ကျွန်တော်ထွက်ပြေးချင်လို့ ကူညီပါလားဆိုတော့ “ အေး အဲ့ဒီ အဲ့ဒီကိုသွားလိုက် “ လို့ သူက ပြောတာနဲ့ အဲ့ဒီအတိုင်း ထွက်လာခဲ့တာ။ ထွက်လာတော့လဲ ဘောင်းဘီတိုနဲ့ စွပ်ကျယ်နဲ့ပဲ။ ကျွန်တော့်အိမ်က ကျတော့ တပ်နဲ့ဆိုရင် နာရီဝက်လောက်သွားရတယ်။ အိမ်ခဏပြန်မယ်ဆိုပြီး ဒီအတိုင်း ထွက်လာလိုက်တာ။ ကားငှားတယ်။ ကျွန်တော့်ကို လာကြိုတဲ့သူဆီသွားတယ်။ ပြီးတော့ အဲ့ဒီမှာတင် တစ်ပတ်လောက် နေလိုက်ရသေးတယ်။ ပြီးတော့ နယ်ဘက်ကို တန်းထွက်လာတာပေါ့ ။
အိမ်က သဘောထားက မလုပ်မှာတောင် စိုးရိမ်နေတာ။ ကျွန်တော့်အဖေက မူလတန်းကျောင်းအုပ်ဆရာ။ သူရဲ့ အဖြစ်အပျက်ကလည်း စိတ်နာချင်စရာပေါ့။ စိတ်နာနာနဲ့ပဲ တပ်ထဲရောက်သွားတာ။ ရုပ်ရှင်ကို ရွာလေးမှာ ပိတ်ကား ဘာညာ နဲ့ ပြတဲ့ခေတ်ပေါ့။ ဘယ်လိုပုံစံနဲ့ပြလဲတော့ သေချာမသိဘူး ။ရုပ်ရှင်သွားကြည့်ပြီး ပြန်လာတော့ ညဉ့်နက်နေပြီ။ သူငယ်ချင်းတသိုက် ည ၁၁ ၊ ၁၂လောက် မှာ ပေါ်တာဆွဲခံရတာ။ ငါ ကျောင်းဆရာပါ ဆိုပြီး ကဒ်ကိုထုတ်ပေးတာတောင် လက်မခံဘူး။ ပေါ်တာ ဆွဲသွားတယ်။ အဲဒါ စိတ်နာနာနဲ့ အဲ့လောက်တောင်ဆိုးလားဆိုပြီး စစ်တပ်ထဲဝင်သွားတာ။
တကယ်တော့ စစ်သားဆိုတာ ပြည်သူအပေါ် သိတတ်ရမယ့်ကျင့်ဝတ် ၁၀ပါး ရှိတယ်။ ပြည်သူအပေါ် စော်ကား၊ မောက်မာ၊ ရိုင်းပျမှုကို ရှောင်ရတယ်။ ကျွန်တော်က တကယ်တော့ စစ်တပ်ကိုမမုန်းဘူး။ ပွင့်ပွင့်လင်းလင်းပြောပြရရင် ဖွဲ့စည်းပုံတွေ၊ နေထိုင်ရမယ့်အရာတွေ၊ ဗိုလ်ချုပ်အောင်ဆန်း ဆွဲခဲ့တဲ့ဟာ စည်းကမ်းတွေ၊ စည်းစနစ်တွေ ကျွန်တော် အရမ်းသဘောကျတယ်။ အရမ်းကြိုက်တယ်။ လူတယောက်ကိုပြောင်းလဲသွားအောင် လုပ်နိုင်တယ်။ သန့်ရှင်းသပ်ရပ်ပြီးတော့ လုံးဝဖြောင့်မတ်သွားအောင် လုပ်နိုင်တယ်။ အဲဒီအတိုင်းမဟုတ်ဘဲ တလွဲအသုံးချနေတဲ့လူတွေကို မုန်းတာ။
ကျွန်တော် လက်ရှိ ကရင်နီဒေသထဲက တပ်ရင်းတခုမှာ တာဝန်ထမ်းဆောင်နေတယ်။ တပ်ရင်းထဲမှာလဲ ကျွန်တော် ထရိန်နာတယောက်အနေနဲ့ နေတယ်။ တပ်ခွဲတခွဲရဲ့ ဘဏ္ဍာရေး တာဝန်ခံအနေနဲ့လဲ နေပေးတယ်။ ပြီးရင် တိုက်ပွဲတွေကိုလဲ ကိုယ်တိုင်ကိုယ်ကျ ဖော်ဆောင်တယ်။ တိုက်ခိုက်ရေးပိုင်းမှာလဲ ကိုယ်တိုင်ဦးဆောင်တာမျိုးတွေ ကိုယ်တိုင်ကိုယ်ကျ ကျွန်တော့်ရဲဘော်တွေရဲ့ရှေ့ကနေ မားမားမတ်မတ် ရပ်တည်တယ်။ ဒီကလေးတွေထက် ကျွန်တော်က သေနတ်အရင်ကိုင်ထားတာ၊ ဒီကလေးတွေထက် ကျွန်တော်က စစ်ပညာအရင်သင်တာဖြစ်တဲ့အတွက် ကျွန်တော့်အတွက်က အင်္ကျီပဲ ချိန်းသွားတာ။ ကျွန်တော့်စိတ်ဓာတ်က ပြောင်းမသွားပါဘူး။ ဒီအတိုင်းပါပဲ။ အရင်ကလဲ ဒီစိတ်ဓာတ်ပဲ။ အခုလဲ ဒီ စိတ်ဓာတ်ပါပဲ။ ပြည်သူ့အတွက်ပဲ ဦးစားပေးတဲ့စိတ်နဲ့ တပ်ထဲဝင်ခဲ့တယ်။ ပြည်သူ့အတွက်ကြောင့်ပဲ။ ဒါက ကျွန်တော်စကားအကြီးကြီးပြောတယ်လို့ ထင်ကောင်းထင်မယ်။ ကျွန်တော့်ရဲ့ စိတ်ရင်းခံစားချက်ကတော့ အမှန်အတိုင်း ပြည်သူ့အတွက်ကို တကယ်ကို အလုပ်လုပ်ပေးခဲ့တဲ့ လူတယောက်ဖြစ်တယ်။ ဒီအချိန်မှာလဲ ပြည်သူ့ ဘက်ကပဲ ရပ်တည်ပါတယ် ။
တကယ်တော့ ကျွန်တော်က ပညာရေးတပ်လို့ ပြောလို့ရတဲ့နေရာကလာတာ။ စမတ်ကျကျနေခဲ့ရတယ်။ တပ်ဝင်းထဲပဲနေခဲ့ရတော့ တခြားမလုပ်ဖူးဘူး။ CDM လုပ်လာမှ ကျွန်တော် နွားချေးကျုံးရတယ်။ နွားမောင်းရတယ်။ ပြီးရင် ဝက်တွေ အစာကျွေးရတယ်။ ဘဲတွေ အစာကျွေးရတယ်။ မွေးမြူရေးနဲ့ ပတ်သက်တာ တခါမှမလုပ်ခဲ့ဖူးဘူး။ တော်တော်ခက်ခဲခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောပြတာ။ ဒီနေရာမှာလဲ တော်တော် ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ ထောက်ပံ့ရေးဆိုတာ ဘာမှန်းမသိဘူး။ ကျွန်တော် CDM လုပ်တာ ၃လပိုင်းထဲမှာ။ ဒီနှစ် ၅လပိုင်းလား ၆လ ပိုင်းလား မသိဘူး အဲ့ဒီကျမှ ကျွန်တော် CDM ကုဒ် ကျတာ။ ကျတော့လဲ ကျတာပေါ့။ တကယ်တမ်း ပြောရရင် ပြည်သူ့ဘက်က ရပ်တည်လာတယ်။ ပြည်သူကျွေးတဲ့ ထမင်းပဲ စားလာတယ်။ ဒီအတိုင်းလေးပဲ သွားခဲ့တယ်။ အဲဒါကို တချက်အနေနဲ့ ထည့်ပြောပြတာပါ ။
ကျွန်တော် တော်လှန်ရေးကိုပြီးအောင်တိုက်မယ်။ ပြန်လည်ထူထောင်ရေးမှာ ကျွန်တော့်ထက် တတ်ကျွမ်းနားလည်တဲ့ ညီလေးတွေရှိတယ်။ အကိုကြီးတွေရှိတယ်။ အဖွဲ့အစည်းတခုကို control ပေးနိုင်တဲ့လူတွေကို ကျွန်တော်တို့ မြေတောင်မြှောက်မယ်။ သူတို့ကို ဖွဲ့စည်းထိန်းသိမ်းတဲ့ပုံစံ လမ်းကြောင်းတွေကို ပြပေးခဲ့မယ်။ ပြီးတာနဲ့ ကျွန်တော်လက်နက်ကို ပြန်အပ်မယ်။ ကျွန်တော့်မှာ တောင်ယာလေးရှိတယ်။ ကျွန်တော့်တောင်ယာ ကျွန်တော်စိုက်မယ် မိန်းမယူမယ်ပေါ့။ အေးအေးချမ်းချမ်းလေး ကျွန်တော့်ဘဝလေးကို နေသွားမယ် ။
တရားမျှတမှုဆိုတဲ့ စကားလုံးအပေါ်မှာတော့ ကျွန်တော့်အမြင်က ရှင်းပါတယ်။ အရမ်းကြီးလည်း နက်နက်ရှိုင်းရှိုင်းမရှိဘူး။ ရိုးရိုးတန်းတန်းပါပဲ။ လူကို လူလို တွေးတတ်ဖို့ပါပဲ။