By Kaung Mart Naing / MPA
လင်ပျောက်သောက
တစ်နှစ်ကျော်ကလေးလေးကို ရင်ခွင်ပိုက်ရင်း ကလေးတစ်သိုက်နှင့် အသက်လုထွက်ပြေးလာချိန် ကုလားတန်မြစ်ကမ်းတစ်နေရာသို့အရောက် မီးတောင်အစစ်ပေါက်ကွဲနေသလိုမျိုး မီးတောက်မီးလျှံတွေကို အဝေးကြီးကလှမ်းမြင်လိုက်ရသည်။
၄င်းကဲ့သို့ ပေါက်ကွဲတောက်လောင်နေသည်မှာ ကုလားတန်မြစ်ဖျားပိုင်းနားမှာရှိသည့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာဖြစ်သည်။
အဆိုပါရွာနားက တောင်ရှည်တောင်တွင် လင်ယောကျ်ားကို စစ်တပ်ကဖမ်းထားခြင်းနှင့် ကလေးတွေအသက်ရှင်ဖို့အရေး အသက်လုထွက်ပြေးနေသူ အမျိုးသမီးကြီးတစ်ဦး၏ သောကအပူများကို ရွာလုံးကျွတ်တောက်လောင်နေသောမီးတွေက မီမယ်မထင်ဘူး ဟု သူမက ပြောသည်။
” အိမ်ကိုလာခေါ်ပြီးတော့ ရွာထဲက အိမ်တစ်အိမ်မှာစုပါတယ်။ အိမ်ရှေ့ကအိမ်မှာစုပြီးတော့ လူခုနှစ်ယောက်၊ ရှစ်ယောက်လောက်ကို ဖမ်းပြီးတော့ နောက်ပြန်ကြိုးတုတ်ပြီး ရွာကိုပတ်တယ် ” ဟု သူမယောကျ်ားကို နေအိမ်မှ စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားပုံကို ပြောပြသည်။
သူမမှာ ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာမှဖြစ်ပြီး ၂၀၂၀ပြည့်နှစ်၊ မတ်လ ၁၆ရက်နေ့က အသက် ၄၇ နှစ်အရွယ် သူမယောကျ်ား မောင်ဝင်းချေကို တပ်မ ၅၅ ကဖမ်းဆီးသွားပုံကို ပြန်ပြောပြနေသူ အသက် ၄၃ နှစ်အရွယ် ဒေါ်သိန်းတင်ဖြစ်သည်။
ထိုနေ့ ညနေ ၅ နာရီကျော်ခန့်တွင် တင်းမကြီးကျေးရွာ၏ ရွာဦးဘက်မှ သေနတ်သံများကြားလိုက်ရပြီး ဒေါ်သိန်းတင်တို့နေအိမ်အား စစ်သားများဝင်ရောက်လာပြီး နေအိမ်ပေါ်တက်ရှာကြသည် ဟု ဆိုသည်။
” လူတွေက လာခေါ်ကြတယ်။ မလိုက်ရဲလေ။ ကျမလင်မှာမှတ်ပုံတင်မရှိလို့ အေအေလို့ ထင်မှာကိုစိုးရိမ်လို့ သားသမီးတွေကိုလည်းပြမယ်လို့ နေတာ။ အဲဒီအချိန်မှာ ရွာမှာတစ်ယောက်မှမရှိတော့ဘူး။ သွားတော့ သွားတော့ဆိုပြီး အဖိုးအိုတစ်ယောက်ကခေါ်လို့လာကြတာ ‘’ ဟု သူမက စီးကျလာသည့် မျက်ရည်များကို လက်ဖမိုးနှင့်သုတ်ရင်း ရင်နင့်ကြေကွဲစွာ ပြောသည်။
သူမယောကျ်ားအား အိမ်ထဲသို့ လာရောက်ဖမ်းသွားခြင်းကြောင့် စစ်ဆေးပြီးပြန်လွှတ်ပေးလာမလားဟူသည့် မျှော်လင့်ချက်ဖြင့် သူမတို့မိသားစုစောင့်မျှော်နေခဲ့သော်လည်း ရွာတွင် လူသူကင်းမဲ့နေပြီဖြစ်သည်ကို သူမတို့သတိမထားမိခဲ့ဘူး ဟု ဆိုသည်။
သုဿန်တစပြင်ကဲ့သို့ ဖြစ်နေပြီဖြစ်သော သူမတို့ရွာတွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသူများ၏ မိသားစုဝင်တချို့နှင့် သွားလာရခက်သည့် သက်ကြီးရွယ်အိုအနည်းငယ်သာ ကျန်ခဲ့ချိန် သူမတို့အိမ်နားက အဖိုးအိုတစ်ဦးက သူမတို့မိသားစုကိုလည်း သူတို့နှင့်အတူ ထွက်ပြေးကြရန် လာရောက်သတိပေးပြောကြားလာခြင်းဖြစ်သည် ဟု သူမက ရှင်းပြသည်။
” အဲဒါကြောင့် ညတွင်းချင်းလူတွေက ပြေးကြတယ်။ ကျမက ကိုယ့်လင်သားပြန်လွတ်လာမှာလားလို့ စောင့်နေခဲ့သေးတယ်။ ပြေးလို့လည်းမရဘူး။ ဒါပေမဲ့ ကိုယ့်လင်ဘယ်မှာရှိတယ်ဆိုတာ အစအနကိုမကြားရဘူး။ တောင်မှာရှိလားဆိုတာကိုလည်း မသိဘူး။ ကျမတို့ပြေးလာတဲ့နေ့က ရွာမီးလောင်သွားပြီ ’’ ဟု သူမက ကြေကွဲနာကျင်စွာ မျက်ရည်စက်များနှင့် ဆိုသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ဖျားပိုင်းရှိ ချင်းပြည်နယ်၊ ပလက်ဝဖက်သို့ သွားရာလမ်းကြောင်းပေါ်ရှိ တင်းမကြီးကျေးရွာကို မြန်မာစစ်တပ်၏ တပ်မ ၅၅ က၂၀၂၀ပြည့်နှစ်မတ်လ ၂၂ ရက်နေ့က မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။
ရခိုင်စစ်ပွဲ
ရခိုင်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား စစ်ပွဲကာလအတွင်း ဒေသခံအပြစ်မဲ့ပြည်သူနှစ်သိန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေခဲ့ကြရသလို ရခိုင်ပြည်အနှံ့က ရွာပေါင်းများစွာသည်လည်း မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ကြရသည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အစပ် ကုလားတန်မြစ်ကြောင်းအနီးရှိ မီးဝဗျူဟာကုန်းကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလဆန်းမှစတင်ကာ ရက္ခိုင့်တပ်တော်က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရန် ကြိုး စားခဲ့သည်။
ထိုအချိန်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်များကို ခုခံကာကွယ်ပေးရန် ဟော်လန်သို့ ရောက်ရှိနေခိုက် ရခိုင်လက်နက်ကိုင်အဖွဲ့သည် ယခင်ကရခိုင်ဘုရင့်နိုင်ငံတော်အိပ်မက်အတွက် အင်အားအများအပြားနှင့် မီးဝဗျူဟာကုန်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေသည်ဟု နိုင်ငံတကာသို့ပြောဆိုခဲ့သည်။
အဆိုပါဗျူဟာကုန်းတိုက်ပွဲသို့ စစ်ကူလာသော မြန်မာ့တပ်မတော်သားများသည် အေအေနှင့် တင်းမရွာအနီးရှိ တောင်ရှည်တောင်အနီးဝန်းကျင်တဝိုက် တောင်တန်း၊ တောင်ကုန်းများတွင် မတ်လဆန်းပိုင်းတည်းကပင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
၄င်းတိုက်ပွဲသို့စစ်ကူလာသော ပဲခူးတိုင်းအခြေစိုက်၊ တပ်မ ၇၇ လက်အောက်ခံ ၊ ခမရ (၇)မှ တပ်ရင်းမှူးအပါအဝင် အရာရှိ၊ စစ်သည်အယောက် ၂၀ကို ဖမ်းဆီးနိုင်ခဲ့ခြင်းအပြင် လက်နက်ခဲယမ်းအမြောက်အမြားကိုလည်း သိမ်းဆည်းခဲ့သည် ဟု အေအေက မတ်လ ၁၁ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ရက္ခိုင့်တပ်တော်(အေအေ)ဖက်ကမူ မိမိကံကြမ္မာကို မိမိဖန်တီးခွင့်ရရန်တိုက်ပွဲဝင်နေခြင်းဖြစ်ပြီး ” ဝ” ထက်မနိမ့်သော ကွန်ဖယ်ဒရိတ်လိုချင်သည် ဟု တရားဝင်ပြောဆိုထားသည်။
ရခိုင်စစ်ပွဲထဲကတင်းမ
ရက္ခိုင့်တပ်တော်(အေအေ)နှင့် မြန်မာစစ်တပ်တို့ကြား နှစ်နှစ်ကျော်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲများထဲတွင် မီးဝဗျူဟာကုန်းတိုက်ပွဲသည် အချိန်အကြာဆုံး၊ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်သည်။ အဆိုပါ မီးဝတိုက်ပွဲသည် ရက္ခိုင့်တပ်တော်နှင့် မြန်မာ့စစ်တပ်တို့ကြား ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက် ၁၁ နာရီခန့်မှစတင်ပြီး မတ်လကုန်နီးပါးထိ ဖြစ်ပွားခဲ့သည်။
မီးဝဗျူဟာကုန်းသည် ပလက်ဝ–ကျော က်တော်လမ်းကြောင်းနှင့် မီးစာ–မတူပီ လမ်းကြောင်းဆုံရာနေရာတွင် တည်ရှိပြီး ဒေသတွင်းစစ်ရေးအရ အချက်အခြာကျ အရေးကြီးသော နေရာလည်းဖြစ်သည်။ ၄င်းနေရာသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မြောက်ဖက်၊ ကုလားတန်မြစ်၏ အရှေ့ဖက်၊ မီးချောင်းနှင့် ကုလားတန်မြစ်တို့ဆုံရာ မီးချောင်းဝတောင်ဖက်ကမ်းခြေရှိ တောင်ပေါ်တွင် မြန်မာစစ်တပ်က အခြေပြုဗျူဟာတည်ဆောက်ထားခြင်းဖြစ်သည်။
ဗျူဟာတောင်ကုန်းအနောက်ဖက်ရှိ ကုလားတန်မြစ်၊ အနောက်ဖက်ခြမ်းတွင် မီးဝကျေးရွာတည်ရှိပြီး မီးချောင်းသည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နှင့် ချင်းပြည်နယ်၊ပလက်ဝမြို့နယ်တို့ကို ခွဲခြားထားသည့် ပြည်နယ်ခြားမျဉ်းလည်းဖြစ်သည်။
” နောက်ထပ်လူတစ်ရာကျော်လောက်ကိုတော့ ကြိုးမတုတ်ဘူး။ သူတို့ကိုတောင်ပေါ်တင်သွားပြီး လူတစ်ရာလောက်ကိုပြန်လွှတ်လိုက်ပါတယ်။ ဆယ်ယောက်ကို ဖမ်းထားလိုက်တယ်။နောက်တစ်ရက်မှာ လူကြီးတွေနဲ့စုပြီးသွားမယ်ဆိုတော့ လူကြီးတွေကို အားလုံးနောက်ပြန်ကြိုးတုတ်ပြီး သေနတ်တွေပစ်ဖောက်တယ်” ဟု လင်ယောကျ်ားဖမ်းဆီးခံထားရသူ ဒေါ်သိန်းတင်က ဆိုသည်။
” တင်းမကိစ္စ ကိုယ်သိသလောက်က တော့…တင်းမရွာမကြီးဘေးနားလေးက တောင်ကုန်းပေါ် ကိုယ့်တပ်ကရောက်ပြီးတဲ့အချိန်ထိ တင်းမမှာ ရွာသားတွေရှိသေးတယ်။
” ဘယ်အချိန်မှာ တစ်ရွာလုံးပျောက်သွားလည်းဆိုတော့…စစ်ကူလိုက်ရင်း over run ဖြစ်သွားတဲ့ တပ်ရင်းက စစ်သည် ၃ ယောက်က တင်းမနားကကုန်းပေါ်မှာ တပ်တွေရောက်နေတာတွေ့တဲ့အတွက် အဲ့ကုန်းဆီလာပူးပေါင်းဖို့အလာ တင်းမရွာထဲကို ဝင်မိတယ်လို့သိရတယ် အဲဒီမှာ ရွာထဲကအဖွဲ့တွေက ဓားနဲ့ဝိုင်းလိုက်ကြတယ်လို့ ကြားတယ်။ အဲဒီအထဲက စစ်သည်တယောက်ဟာ ကံကောင်းထောက်မပြီး တင်းမဗျူဟာကုန်းပေါ် အရောက်ပြေးလာနိုင်ခဲ့တယ်တဲ့ အဲ့နောက်တစ်နေ့မှာတော့ တင်းမတစ်ရွာလုံး ပျောက်ချင်းမလှ ပျောက်သွားပါလေရော။ ဆရာကြီးစတိုင်နဲ့ မြေလျှိုးသွားလား၊ မိုးပျံသွားလား လာမပြောနဲ့။ တင်းမနဲ့ မြစ်လေးခြားပြီး အောရမ၊ လောင်းရှည် ၊ သို့မဟုတ် ကုလားတန်မြစ်အနောက်ဘက်ကမ်းကို ကူးလိုက်ယုံပဲ ’’ ဟု တပ်မ ၅၅ မှ အရာရှိစစ်သည်တစ်ဦးက Saw Nyan Phyo Khaine အမည်ရှိ သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ၂၀၂၀ ပြည့်နှစ်က ရေးသားဖော်ပြခဲ့ဖူးသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများ
မြန်မာစစ်တပ်သည် ရခိုင်စစ်ပွဲအတွင်းတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူလွန်ခဲ့သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ဆိုသည်။
” မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တိုက်ပွဲဖြစ်တဲ့ကြားထဲမှာ မြန်မာ့တပ်မတော်က ပြည်သူတွေကို အေအေဆိုပြီးဖမ်းဆီးနှိပ်စက်တယ်။ တရားစွဲတယ်။ နောက်တစ်ခါ ရွာတွေကို မီးတိုက်တယ်။ နောက်ပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ အဲဒါတွေလုပ်တာရှိပါတယ် ‘’ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့မှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးမြတ်ထွန်းက ဆိုသည်။
မြန်မာစစ်တပ်သည် ၂၀၂၀ပြည့်နှစ်၊ မတ် လ ၁၃ ရက်နေ့က တင်းမ(သစ်)ကျေးရွာမှ ဦးမောင်စိတ်ကြီး(၇၁ နှစ်)၊ ဦးကျော်ဝင်းမောင်(၃၆ နှစ်)၊ ဦးလှကျော်ကြီး (၇၀ နှစ်)၊ ဦးမောင်သန်းစိုး (၃၄ နှစ်)၊ ဦးစောရွှေသန်း (၄၅ နှစ်)၊ ဦးစံသာမောင် (၅၂ နှစ်)၊ ဦးမောင်မြင့်အေး (၄၉ နှစ်)၊ ဦးမောင်ထွန်းစိန်( ၆၂ နှစ်) တို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည် ဟု မိသားစုဝင်များက ပြောသည်။
” သူတို့ဖမ်းသွားတာ သုံးလပိုင်း ၁၆ ရက်နေ့က၊ ညနေပိုင်း ၅ နာရီလောက်မှာ သူတို့က သေနတ်ပစ်ပြီး ရွာထဲကိုဝင်ပါတယ်။ သေနတ်ပစ်လို့ ဝင်လာတဲ့အချိန်မှာ ကျမသားလေးရော၊ကျမပါ၊ အဘောင်မ ပါ အိမ်ထဲမှာရှိပါတယ်။ စစ်သားသုံးယောက်က ကျမတို့အိမ်ထဲကို ဝင်လာတယ်။ ကျမသားလေးက ထမင်းစားပြီးလို့ အဘောင်မနဲ့ အိမ်အောက်မှာထိုင်နေတာ။သူတို့က ကျမသားလေးကို ခင်ဗျားထွက်ပြေးတာမဟုတ်လား စွပ်စွဲပြီးတော့ အပြင်ကိုခေါ်ထုတ်ပါတယ် ” ဟု အသက် ၁၄ နှစ်အရွယ်၊ ရှစ်တန်းကျောင်းသားလေးအား ဖမ်းဆီးခေါ်ဆောင်သွားပုံကို မိခင်ဖြစ်သူ ဒေါ်က ပြန်ပြောပြသည်။
တင်းမကြီးကျေးရွာမှ မောင်ထွန်းထွန်းဝေ၊ ဦးထွန်းမောင်ဝင်း၊ ဦးအောင်ညွန့်၊ ဦးကြည်လင်း၊ မောင်ဝင်းစိန်၊ မောင်ဝင်းကြီး၊ မောင်ဝင်းချေ၊ ဦးသန်းမောင်ထွန်း၊ ဦးယဉ်မောင်၊ ကိုနေလင်းဦးတို့လည်း ပါသွားသည်ဟု မိသားစုဝင်များက ပြောသည်။
အဆိုပါ တင်းမကျေးရွာနှစ်ရွာက ရွာသားများကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားသည်။
သို့သော် ထိုရက်များတွင် တင်းမကျေးရွာ၏ အရှေ့မြောက်ဘက်၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဝန်ခံထားသလို တပ်မ ၅၅ မှ အရာရှိတစ်ဦးကလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် တင်းမရွာအား မီးရှို့ဖျက်ဆီးခဲ့သည်ကို ဝန်ခံရေးသားထားသည်။
” ဆိုတော့…စစ်ကူသွားတဲ့တပ်ရင်းဟာ မုန်သန်းပြင်ရွာနဲ့ ကျောက်တန်းရွာနားမှာ သတင်းပျောက်သွားတယ်။“
” အဲဒီရွာသားတွေရဲ့ (သူပုန်ရွာလို့မပြောသေးဘူးနော်) ပယောဂ ကင်းပါတယ်လို့ အာမခံနိုင်လား။”
‘လွတ်မြောက်လာတဲ့ စစ်သည် ၃ ယောက်ဟာ တင်းမကိုအဖြတ်မှာ တစ်ယောက်ပဲ အသက်ရှင်လျက်လွတ်လာတယ်။ အဲဒီရွာသားတွေရဲ့ ပယောဂမပါပါဘူးလို့ အာမခံနိုင်ပြီလား။” ဟု ထိုအချိန်က တင်းမရွာနားသို့ စစ်ဆင်ရေးရောက်ရှိနေသော တပ်မ ၅၅ ၏ အရာရှိက ဆက်လက်ရေးသားထားသည်။
မြန်မာစစ်တပ်မှ ဖမ်းဆီးခေါ်ဆောင် သွားသူ ၁၈ ဦးထဲတွင် တင်းမကျေးရွာ အုပ်ချုပ်ရေးမှူး၏ မွေးရာပါစကားမပြောတတ်သော အသက် ၂၅ နှစ်အရွယ် သားတစ်ယောက်၊ အသက် ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသား၊ အသက်၇၂ နှစ်အရွယ် သက်ကြီးရွယ်အိုအပါအဝင် အစိုးရဝန်ထမ်းများလည်း ပါဝင်သွားသည် ဟု မိသားစုဝင်များက ပြောသည်။
မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသူများ၏ မိသားစုဝင်များ၊ နေအိမ်ပစ္စည်းများ မီးတိုက်ဖျက်ဆီးခံခဲ့ရသူများကမူ လူ့အခွင့်အရေးချိုးဖောက်မှုများအဖြစ် အရေးယူပေးဖို့နှင့် တရားမျှတမှုရရှိဖို့ လိုလားမျှော်လင့်နေကြသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၃၂၅(UNSCR 1325)
မြန်မာအစိုးရသည် ကမ္ဘာ့ကုလသမဂ္ဂတွင် အမျိုးသမီးများအရေး သဘောတူညီချက်အချို့ကို လက်မှတ်ရေးထိုးထားသော်လည်း အကောင်အထည်ဖော်လုပ်ဆောင်ပေးမှုမရှိခြင်းကြောင့် အမျိုးသမီးများသည် အကူအညီ၊ အကာအကွယ်မရဘဲ ဒုက္ခပေါင်းစုံကို ကြုံတွေ့ခံစားနေကြရသည်။
” အစိုးရတာဝန်ရှိတဲ့သူတွေလည်း ကျမတို့ကို ကူညီပါ။ ထောက်မပါ။ ကျမလင်မရှိလို့ ဒုက္ခခံနေရတယ်။ ကိုယ့်လင်ရှိတာနဲ့ မရှိတာမတူဘူးလေ ” ဟု ဒေါ်သိန်းတင်က ပါးနှစ်ဖက်ကစီးကျလာနေသော မျက်ရည်စများကို လက်ဖမိုးလေးနှင့်သုတ်ရင်း ငိုရှိုက်သံများနှင့် ပြောသည်။
ကမ္ဘာအရပ်ရပ်ရှိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့်ဘေးကင်းလုံခြုံရေးကို အထူးအလေးထားသော ဆုံးဖြတ်ချက်တစ်ခုရှိသည်။အဆိုပါ ဆုံးဖြတ်ချက်ကို အမျိုးသမီးများအတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ၂၀၀၀ ပြည့်နှစ်၊ အောက်တိုဘာ လ ၃၁ ရက်နေ့တွင် ပထမဆုံးအတည် ပြုဆုံးဖြတ်ခဲ့ကြသည်။
၄င်းကမ္ဘာ့ကုလဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325)တွင် ငြိမ်းချမ်းရေးနှင့်လုံခြုံရေး၌ အမျိုးသမီးများ၏ ကိုယ်စားပြုပါဝင်မှု(Particip ation)၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို အကာအကွယ်ပေးခြင်း (Protection) ၊ ကြိုတင်တားဆီးခြင်း (Prevention) ၊ ကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေး(Relief and Rec overy)စသည့်အချက်များပါဝင်ပါသည်။ ထိုအချက်များကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံကလည်း လိုက်နာအကောင်အထည်ဖော်ရန် တာဝန်ရှိသည်။
” အဲလိုဖမ်းသွားကတည်းက ဘယ်မှာရှိနေတယ်ဆိုတာကိုလည်းမသိရဘူး။ သားသမီးရှစ်ယောက်နဲ့ ဒုက္ခသည်စခန်းမှာ အကျပ်အတည်းတွေနဲ့ ဆင်းရဲဒုက္ခခံနေရတယ် ” ဟု ဒေါ်သိန်းတင်က သူမကြုံတွေ့ရင်ဆိုင်နေရသော အခက်အခဲဒုက္ခများကို ပြောပြသည်။
မြန်မာတစ်နိုင်ငံလုံးမှ အမျိုးသမီးများ ဘေးကင်းလုံခြုံရေးအတွက် အစိုးရဖက်က ဥပဒေအရ အကာအကွယ်ပေးရမည့် တာဝန်ရှိနေသော်လည်း ယနေ့အချိန်ထိ ပျက်ကွက်နေဆဲပဲ ဟု အမျိုးသမီးအရေးလှုပ်ရှားသူများက ဝေဖန်ထောက်ပြကြသည်။
တင်းမကျေးရွာသားများသည် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးဘဲ ကျောက်တော်မြို့နယ်က စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေကြရဆဲဖြစ်သည်။
အဆိုပါ ကျေးရွာသား ၁၈ ဦး ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပျောက်ဆုံးနေမှုအတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူ့အခွင့် အရေးကော်မရှင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးဌာနရုံးတို့အထိ ၂၀၂၀ ပြည့်နှစ်၊မတ်လတည်းက မိသားစုဝင်များက တင်ပြတောင်းဆိုခဲ့ကြသော်လည််း ယခုချိန်ထိဘာမျှ ထူးခြားမလာသေးဘူး ဟု မိသားစုဝင်များက ဆိုသည်။
ငြိမ်းချမ်းရေးဖီးနစ်ငှက်များ
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံအတွင်း ကိုဗစ်– ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ရည်ရွယ်သည်ဟု ဆိုကာ ၅ လကြာ အပစ်ရပ်ဆိုင်းကြောင်း ထုတ်ပြန်ထားသည် ။အဆိုပါ ကြေညာချက်တွင် အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ ၅ လကြာ အပစ်ရပ်ဆိုင်းပေးပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဒီမိုကရေစီအစိုးရထက်လက် ၂၀၂၀အထွေထွေရွေးကောက်ပွဲ မကျင်းပမီကတည်းက ရခိုင်တွင် တိုက်ပွဲများ ရပ်တန့်နေသလို ဖမ်းဆီးတရားစွဲဆိုခံထားရသူအချို့ ပြန်လွတ်လာနေသည်။ သို့သော် တင်းမကျေးရွာသား ၁၈ ဦး ပျောက်ဆုံးနေမှုကမူ ဘာသတင်းအစအနမှ မကြားရသေးဘူးဟု မိသားစုဝင်များက ဆိုသည်။
” တာဝန်ရှိလူကြီးတွေကို ဖမ်းဆီးခံရတဲ့ တင်းမကြီးက လူဆယ်ယောက်၊ တင်းမသစ်က ရှစ်ယောက်မှာ ကျမ ယောက္ခမလည်းပါသွားတယ်။ ကျမမောင်လည်းပါသွားတယ်။ ကျောင်းအထွေထွေအလုပ်သမား၊ အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ ဘယ်နေရာမှာပဲရှိရှိ ရှိတဲ့နေရာကနေ အမြန်ဆုံးလွှတ်ပေးပါလို့ ကျမ အနေနဲ့တောင်းဆိုချင်ပါတယ် ဟု အသက် ၄၃ နှစ်အရွယ် ဒေါ်အေးရီက တောင်းဆိုထားသည်။
တင်းမကျေးရွာသား ၁၈ ဦးကိစ္စအား မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားထားပြီး အကြောင်းတစ်စုံတစ်ရာထူးခြားမှုမရှိသော်လည်း မိသားစုဝင်အားလုံးကမူ ပြန်လွတ်လာဖို့ မျှော်လင့်နေကြဆဲဖြစ်သည်။
” ဘယ်လိုဖြစ်ချင်မလဲ ကျမလင်ကို ရှိတဲ့နေရာက အမြန်ဆုံးပို့ပေးပါ။ အမြန်ရောက်စေချင်တယ်။ ဘယ်နေရာမှာဘဲရှိရှိ အမြန်ပြန်ပို့ပေးပါလို့ တောင်းပန်ချင်တယ်။ မေတ္တာရပ်ခံချင်ပါတယ် ” ဟု ဒေါ်သိန်းတင်က တောင်းဆိုမေတ္တာရပ်ခံထားသည် ။
စစ်အာဏာသိမ်းမှုနောက်ပိုင်း ကိုဗစ်တတိယလှိုင်းတွင် တခြားစစ်ဘေးရှောင်များနည်းတူ ဒေါ်သိန်းတင်တို့သည်လည်း အခက်အခဲများကို ကြုံတွေ့ခဲ့ရပြီး လင်ယောကျ်ားရှိလျှင် ဤမျှထိဒုက္ခခံရမည် မဟုတ်ဘူး ဟုလည်း သူမကဆိုသည်။
ရခိုင်ပြည်နယ်စစ်ကောင်စီသည် အမျိုးသမီးများအတွက် သီးသန့်လုပ်ဆောင်ပေးနိုင်တာမရှိဘူးဟု ဆိုသည်။
” အစိုးရအနေနဲ့တော့ အမျိုးသမီး၊ အမျိုးသားရယ်လို့ ခွဲခြားလို့တော့မရှိဘူး။ စစ်ဘေးရှောင်ဆိုရင် ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးတယ်။စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအတွက် အမြဲတမ်းလုပ်ပေးနေတယ်။ နောက်ပြီးပွင့်လင်းရာသီရောက်တဲ့အခါ ပြန်ပို့ဖို့လုပ်ပေးနေတယ်။ အစိုးရအဖွဲ့အစည်းရံပုံငွေနဲ့လုပ်ပေးနေတယ် ” ဟု ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးသန်းထွန်းက ပြောသည်။
ရခိုင် စစ်ဘေးရှောင်စခန်းများမှ ကလေးများနှင့် အားကိုးရာလင်ယောကျ်ား ဖမ်းဆီး၊ ပျောက်ဆုံးနေကြသော အိမ်ထောင်သည်အမျိုးသမီးများသည် မိသားစုအရေးအားလုံးကို ဦးဆောင်ကာ အိမ်ထောင်ဦးစီးတစ်ယောက်ကဲ့သို့ ဒုက္ခပေါင်းစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းနေရသည်ဟုလည်း ဆိုကြသည်။
” အခုအချိန်မှာ ပေးမှစားရတာ မပေးရင်မစားရဘူး၊ ငတ်နေရတာ သားသမီးတွေနဲ့။ ခိုကိုးရာမဲ့ပြီးတော့ လုပ်စားလို့မရ ၊ စစ်သားကိုဘဲကြောက်ရမလား။ အေအေကို ကြောက်ရမှာလား။ လုပ်ဖို့မရ လားဖို့မရ။ အရင်လတွေကဆိုရင် ဆန်သုံးလမရောက် ပိုက်ဆံသုံးလမရောက် ဘယ်လောက်ဒုက္ခခံကြရလဲ အငတ်ငတ်၊ အမွတ်မွတ်ကို ” ဟု အသက် ၄၅နှစ်အရွယ် ဒေါ်သိန်းတင်က မျက်ရည်တွေဝဲကာ ပြောသည်။
ဒေါ်သိန်းတင်တို့အိမ်အပါအဝင် သူမတို့ကျေးရွာတစ်ရွာလုံး မီးတောင်အစစ်ပေါက်ကွဲသကဲ့သို့ မီးတောက်မီးလျှံတွေကြား ပြာကျသွားခဲ့ရသလို သူမတို့မိသားစုကမ္ဘာဟာလည်း တစစီပြိုလဲပျက်စီးခဲ့ရသော်လည်း ငြိမ်းချမ်းသွားချိန် သူမတို့ရွာသို့ပြန်ပြီး လင်ယောကျ်ားပြန်အလာကိုစောင့်မျှော်ရင်း အသစ်ကနေ ပြန်လည်တည်ဆောက်သွားမယ်ဟု ဆိုကာ သူမသည် မျက်ရည်များကြားမှ အားတင်းလျက်ရှိနေပါသည်။