By Wazza / MPA Fact Check (ဆောင်းပါး)
လူသားတွေဟာ မွေးဖွားပြီးထဲက သေဆုံးတဲ့အချိန်ထိ သတင်းအချက်အလက်တွေကို ရရှိနေကြတယ်။ နေ့စဉ်လူမှု ဘဝမှာလည်း သတင်းအချက်အလက်တွေကို အမြဲလိုလို လက်ခံရရှိနေကြပါတယ်။ ဥပမာ-ကလေးငယ်တစ်ယောက်ကို လူကြီးမိဘတွေက “ရေနွေးအိုးမကိုင်နဲ့ အပူ လောင်တတ်တယ်”လို့ စိုးရိမ်ပူပန်စွာပြောတဲ့ စကားဟာလည်း သတင်းအချက်အလက်ပါပဲ။ ရေနွေးအိုးဆိုတာ ပူတတ်ကြောင်း သတင်းစကား ပါးလိုက်တာမျိုးပေါ့။
တစ်ခါတလေ မရည်ရွယ်ဘဲဖြစ်ဖြစ် ရည်ရွယ်ချက်ရှိပြီး ဖြစ်ဖြစ် သတင်းအချက်အလက် အမှားတွေကိုလည်း ပေးမိတတ်ကြပါတယ်။ ဥပမာ- “ငိုယို ဂျီကျနေတဲ့ ကလေးငယ် အငိုတိတ်အောင် ဒေဝေါကြီးလာနေပြီ။ ငိုတဲ့ကလေးတွေကို လိုက်ဖမ်းနေတယ်။ ရှူးတိုးတိုးနေ”လို့ ကလေးအငိုတိတ်အောင် ပြောတတ်ကြပါတယ်။ ဒေဝေါကြီးဆိုတာ တကယ်မရှိသလို ကလေးလိုက်ဖမ်းနေတာလည်း မရှိပါဘူး။ ဒါဟာ ရည်ရွယ်ချက် ရှိရှိနဲ့ မှားယွင်းတဲ့ အချက်အလက်ပေးလိုက်တာလို့ သတ်မှတ်လို့ရပါတယ်။
နေ့စဉ်ဘဝမှာ ရရှိနေတဲ့ သတင်းအချက်အလက်တွေထဲမှာ အမှန်တွေ ပါသလို အမှားတွေလည်း ပါလာတတ်တယ်။ ဒါကြောင့် သင်ဟာ တစ်သက်မှာ တစ်ကြိမ်ထက်မက မှားယွင်းတဲ့ အချက်အလက်ကို အမှန်လို့ လက်ခံယုံကြည့်ဖူးပါလိမ့်မယ်။ သတင်းအချက်အလက်တွေကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်စာတမ်း၊ ရေဒီယို၊ တီဗွီ၊ အင်တာနက် စတာတွေကနေ ရရှိနေပါတယ်။ လူတိုင်းကိုယ်စီ လက်ဝယ်ကိုင်ထားတဲ့ စမတ်ဖုန်းတွေကတော့ သတင်းအချက်အလက်တွေ အများဆုံး ရရှိနေတဲ့ နေရာပဲပေါ့။
၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ၈ ဘီလီယံကျော်ရှိပြီး စမတ်ဖုန်းသုံးစွဲတဲ့ဦးရေဟာ ၇ ဘီလီယံကျော်ရှိပါတယ်။ မွေးကင်းစကလေးငယ်တွေနဲ့ အသက် ၅ နှစ်အောက် ကလေးအရေအတွက်ကို ဖယ်ထုတ်လိုက်မယ်ဆိုရင် ကိန်းဂဏန်းတွေအရ လူတိုင်းနီးပါးမှာ စမတ်ဖုန်းတွေ ရှိနေပါပြီ။ ဒီစမတ်ဖုန်းထဲက ဆိုရှယ်မီဒီယာတွေမှာဆိုရင် အချက်အလက်အမှားတွေကို နေ့စဉ် တွေ့နေ၊ မြင်နေ၊ ကြားနေရ ပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာအသုံးပြုသူ ကိန်းဂဏန်းအရေအတွက်
၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း အသုံးပြု ၆၄ သန်းကျော် ရှိပါတယ်။ နိုင်ငံ့လူဦးရေ ၅၄ သန်းကျော်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် လူဦးရေထက် ဖုန်းအရေအတွက်က ၁၀ သန်းကျော် ပိုများနေပါတယ်။
အင်တာနက်အသုံးပြုသူ ၂၄ သန်းကျော် ရှိတယ်လို့ Digital Portal ဝက်ဘ်ဆိုက်ရဲ့ အချက်အလက် တွေအရ သိရတယ်။ ဒီအင်တာနက် အသုံးပြုသူတွေဟာ ဆိုရှယ်မီဒီယာ ပလက်ဖောင်း တစ်ခုမဟုတ်တစ်ခုကို သုံးစွဲနေကြပါတယ်။ Napoleon.Cat က ၂၀၂၄ ခုနှစ် မေလမှာ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ Facebook ဟာ မြန်မာနိုင်ငံမှာ သုံးစွဲမှုအများဆုံး ပလက်ဖောင်းဖြစ်ပြီး အသုံးပြုသူ သန်း ၂၀ ကျော် ရှိပါတယ်။ Facebook အသုံးပြုသူဟာ နိုင်ငံလူဦးရေရဲ့ သုံးပုံ ပုံ တစ်ပုံမက ရှိနေပါပြီ။
Tiktok ဟာ Facebook ပြီးရင် သုံးစွဲသူ ဒုတိယအများဆုံး ပလက်ဖောင်းဖြစ်နေပါပြီ။ နှစ်ကာလအနည်းငယ်အတွင်း သုံးစွဲသူများပြားလာတာဖြစ်ပြီး လက်ရှိမှာ သုံးစွဲသူ ၁၆သန်းကျော်အထိရှိပါတယ်။ Youtube အသုံးပြုသူ ၁၂ သန်းကျော်ရှိပြီး တတိယသုံးစွဲမှု အများဆုံးလည်း ဖြစ်ပါတယ်။
မက်ဆေ့အဓိကထားပေးပို့ရတဲ့ Telegram ကို သုံးစွဲသူဦးရေ ခြောက်သန်းကျော်ရှိပါတယ်။ Instagram အသုံးပြုသူ ၁.၅ သန်း၊ LinkedIn အသုံးပြုသူ ၉ သိန်းကျော် ရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံက ဆိုရှယ်မီဒီယာအသုံးပြုသူတွေဟာ ဒီပလက်ဖောင်းတွေအပြင် တခြားသော ပလက်ဖောင်းတွေကလည်း သတင်းအတု၊ သတင်းအမှားတွေကို လက်ခံရရှိနေကြပါတယ်။
သတင်းအတု သတင်းအမှားဆိုတာ ဘာလဲ?
လူတစ်ယောက်ဟာ တစ်သက်မှာ အနည်းဆုံး တစ်ကြိမ်မက မှားယွင်းတဲ့သတင်းအချက်အလက်ကို အမှန်လို့ ယုံကြည်လက်ခံခဲ့ကြဖူးတယ်။ ဒါဟာ ငြင်းမရတဲ့ အမှန်တရားတစ်ခုလည်း ဖြစ်ပါတယ်။ သတင်းအတု၊ သတင်းအမှားတွေဟာ “သိုးရေ ခြုံထားတဲ့ ဝံပုလွေ”လို ဟန်ဆောင်ကောင်းကောင်းနဲ့ လူထုကြားထဲ စိမ့်ဝင် ပျံ့နှံ့နေလေ့ရှိပါတယ်။
သတင်းအတု သတင်းအမှားလို့ ပြောလိုက်တာ Misinformation (သတင်းအမှား)၊ Disinformation (လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား) နဲ့ Malinformation (မသမာသော နည်းလမ်းဖြင့်သတင်းအမှားပေးခြင်း) တို့ကို သိရှိနားလည်ထားဖို့ လိုပါတယ်။
Misinformation (သတင်းအမှား)ဆိုတာဟာ ရည်ရွယ်ချက်မရှိပေမဲ့ မှားယွင်းတဲ့အချက်အလက်ကို ဖြန့်ဝေမိ လိုက်တာမျိုးဖြစ်ပါတယ်။ ဥပမာ-သင့်အိမ်က မီတာစာရွက်ဘေလ်မှာ ၁၀,၀၀၀ကျပ် ရေးထားတာကို အကြည့်မှား ပြီး “ဒီလမီတာခ ၁၀၀,၀၀၀ ကျတယ်ဟေ့”လို့ မိသားစုကို အော်ပြောမိလိုက်တာမျိုးပါ။
သင်က တမင် ရည်ရွယ်ပြီး အမှား ပြောလိုက်တာမျိုး မဟုတ်ပေမဲ့ မှားယွင်းနေတဲ့ အကြောင်းအရာကို မျှဝေလိုက်တာမျိုး ဖြစ်သွားပါတယ်။။ ဒါပေမဲ့ ဒီလို မရည်ရွယ်ဘဲ မှားယွင်းနေတာကို မျှဝေမိလိုက်တာဟာ တခါတလေမှာ ထိခိုက်ဆုံးရှုံးမှု များပြားသွားတဲ့အထိ ဖြစ်စေတတ်ပါတယ်။
Disinformation (လုပ်ကြံ/ဖန်တီးထားသောသတင်းအမှား)ဆိုတာဟာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေးစတဲ့ အ ကြောင်းအရာတစ်ခုခုအပေါ် ကြိုးကိုင်ခြယ်လှယ်ပြီး ရည်ရွယ်ချက်ရှိရှိ သတင်းအမှား ဖြန့်ဝေတာကို ဆိုလိုပါ တယ်။ ဥပမာ- ရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ ပါတီကို ပြိုင်ဘက်ပါတီက မကျေနပ်လို့ “သူတို့ ပါတီက မဲစာရွက် ၁၀သန်းလောက် မဲလိမ်၊ မဲခိုးလို့ အနိုင်ရသွားတာ” ဆိုပြီး သတင်းအမှားဖြန့်တာမျိုးပေါ့။ ဒီလို ရည်ရွယ် ချက်ရှိရှိတဲ့ ဖြန့်ဝေတဲ့သတင်းအမှားတွေဟာ ပြည်သူတွေအတွက် အဆိပ်အတောက်အဖြစ်ဆုံးနဲ့ ထိခိုက်မှု အများဆုံးလည်း ဖြစ်ပါတယ်။
Malinformation (မသမာ သတင်းပေးခြင်း) ဆိုတာ မှန်ကန်တဲ့သတင်းအချက်အလက်တွေကို အခြေခံပြီးတော့ လူတစ်ဦး၊ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် နိုင်ငံတစ်ခုကို ထိခိုက်နာနာစေဖို့ ရည်ရွယ်ပြီး ဖော်ပြတာမျိုး ဖြစ်ပါ တယ်။ ဥပမာ- ပါတီခေါင်းဆောင်တစ်ဦးဟာ လူမျိုးခြားနဲ့ လက်ထက်ပေါင်းသင်းခဲ့တယ်။ ရွေးကောက်ပွဲမှာ ဒီပါတီခေါင်းဆောင်ဦးဆောင်တဲ့ပါတီသာ အနိုင်ရသွားမယ်ဆိုရင် လူမျိုးခြားနိုင်ငံကြီးဖြစ်သွားလိမ့်မယ်ဆိုပြီး အတိုက်ခံပါတီဘက်က သတင်းထုတ်လွှင့်တာမျိုးပါ။ ရွေးကောက်ပွဲအနိုင်ရအောင်လို့ သတင်းအချက်အလက် အမှန်ကို အခြေခံပြီး ပြိုင်ဘက်ကို ထိခိုက်အောင် လုပ်လိုက်တာမျိုးဖြစ်ပါတယ်။
သတင်းအမှားတွေ ဘယ်ပလက်ဖောင်းတွေမှာ ပျံ့နှံ့နေသလဲ?
အရင်ခေတ်ကတော့ “တဆင့်စကား တဆင့်နားနဲ့” ကောလာဟလတွေ၊ မှားယွင်းတဲ့ အကြောင်းအရာတွေ၊ သတင်းအမှားတွေဟာ ပြည်သူတွေကြားထဲ စိမ့်ဝင်ပျံ့နှံ့ခဲ့ဖူးတယ်။ ဒီနေ့ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာတော့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကတဆင့် မှားယွင်းတဲ့ အကြောင်းအရာတွေ၊ သတင်းအမှားတွေကို နေ့စဉ် မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း လက်ခံရရှိနေပါတယ်။ မြန်မာပြည်သူတွေ အသုံးများတဲ့ Facebook,Tiktok, Youtube, Telegram စတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းအချက်အလက် အမှန်တွေနဲ့ အမှားတွေ ရောပြွမ်းနေပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ရက်ပိုင်းအတွင်း Facebook သုံးစွဲခွင့် ပိတ်ပင်ခဲ့တယ်။ ဒီလို ပိတ်ပင်ခဲ့ပေမဲ့ ပြည်သူတွေဟာ VPN အသုံးပြုပြီး Facebook သုံးစွဲနေတုန်းပါပဲ။ Facebook ဟာ သုံးစွဲသူ များတာနဲ့အညီ သတင်းအမှားနဲ့ အန္တရာယ်ရှိစေတဲ့ အကြောင်းအရာတွေ ပျံ့နှံ့မှု အများဆုံး ပလက်ဖောင်းလည်း ဖြစ်နေတယ်။
အခုနောက်ပိုင်း မြန်မာပြည်သူတွေ အသုံးပြုမှု များပြားလာတဲ့ Telegram မှာလည်း သတင်းအမှားတွေကို ချန်နယ် ဖွင့်ပြီး ဖြန့်ဝေနေကြပါပြီ။ တယ်လီဂရမ်မှာ လူ နှစ်သိန်းအထိ ပါဝင်တဲ့ ချန်နယ်ဖွင့်လို့ ရတာကြောင့် ဒီချန်နယ်တွေကတဆင့် သတင်းအမှားတွေဖြန့်ဝေနေကြတယ်။
Tiktokပေါ်မှာ အမုန်းစကားပွားစေနိုင်တဲ့ သတင်းအတု သတင်းအမှားတွေနဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာဟာ ဗီဒီယိုဖိုင်အတို လေးတွေနဲ့ ပျံ့နှံ့လျက်ရှိပါတယ်။ Youtube မှာလည်း ဗီဒီယိုဖိုင်တွေနဲ့ သတင်းအမှားတွေ ပျံ့နေတာကို လေ့လာတွေ့ရှိရပါတယ်။ Youtube မှာ သတင်း အကြောင်းအရာ ဆွေးနွေးတဲ့ ပုံစံမျိုးနဲ့ သတင်းအမှားတွေ ဖြန့်ဝေနေတာ တွေ့ရများလာပါတယ်။
သတင်းအမှားတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်မှု အခြေအနေ
မြန်မာနိုင်ငံမှာ သတင်းအမှားတွေကို ဖန်တီးဖြန့်ဝေနေသူတွေ အများကြီးရှိပါတယ်။ သိသာထင်ရှားတဲ့ သတင်းအတု၊ သတင်းအမှား ဖန်တီးသူတွေကို လက်ညှိုးထိုးပြရမယ်ဆိုရင် စစ်ကောင်စီ လော်ဘီတွေကို ပြသရလိမ့်မယ်။ စစ်ကောင်စီလော်ဘီတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အစိုးရအဖွဲ့တာဝန် ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ (EAOs) နဲ့ ခေါင်းဆောင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ပစ်မှတ်ထားတာ တွေ့ရတယ်။ ဒီလိုပစ်မှတ်ထားတိုက်ခိုက်ဖို့အတွက် ဆိုရှယ်မီဒီယာ ပလက်ဖောင်းမျိုးစုံကို အသုံးပြုပြီး သတင်းအတု၊ သတင်းအမှားတွေကို လုပ်ကြံဖန်းတီးနေတာ တွေ့ရပါတယ်။
လုပ်ဇာတ်ခင်းဖန်တီးထားတဲ့ သတင်းအမှားတွေ၊ ပြုပြင်ဖန်တီးထားတဲ့သတင်းအမှားတွေ၊ အယောင်ဆောင်ထားတဲ့ သတင်းအမှားတွေ၊ မှန်ကန်တဲ့အကြောင်းအရာကို မှားယွင်းတဲ့ အချက်အလက်တွေနဲ့ ပြုလုပ်ထားတဲ့ သတင်း အမှားတွေ စတာတွေကို စစ်ကောင်စီလော်ဘီတွေက ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာ တွေ့ရပါတယ်။
ထင်ရှားတဲ့ သာဓက တစ်ခုကို ပြရမယ်ဆိုရင် ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်က မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ပန်းချီကမ္မလမ်းမှာ ပဲခူးမြို့ဝင်းနိမ္မိတာရုံ ကျောင်းတိုက် ဆရာတော်ကြီး လိုက်ပါစီးနင်းလာတဲ့ကားကို စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ဆရာတော် ပျံလွန်ခဲ့တယ်။ ဒါကို စစ်ကောင်စီလော်ဘီတွေက “NUG/PDF တို့ရဲ့ လုပ်ကြံမှုကြောင့် နိုင်ငံတော်သံဃာ့နာယက အဖွဲ့ဝင်ဆရာတော်ပျံလွန်တော်မူ”ဆိုပြီး သတင်းအမှားတွေ ဖြန့်ဝေခဲ့ကြတယ်။ ဒီ သတင်း အမှားကို ဆိုရှယ်မီဒီယာ ပလက်ဖောင်းမျိုးစုံမှာ စစ်ကောင်စီလော်ဘီတွေအချင်းချင်း ကူးယူဖြန့်ဝေခဲ့လို ပျံ့နှံ့မှု အလွန်များပြားခဲ့ပါတယ်။
ဇွန် ၁၉ ရက်ညမှာလည်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ MRTV သတင်းမှာလည်း ပြည်သူတွေကို လိမ်ညာပြီး သတင်းကြေညာခဲ့တယ်။ စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခဲ့လို့ ဆရာတော်ကြီး ပျံလွန်တာဖြစ်တယ်ဆိုတာ သတင်းမီဒီယာတွေနဲ့ သတင်း အချက်အလက်စစ်ဆေးရေးအဖွဲ့တွေ ဖော်ထုတ်နိုင်ခဲ့ကြပါတယ်။
နောက်ဆုံး ပစ်ခတ်ခံရတဲ့ ကားပေါ်မှာ ပါဝင်ပြီး အသက်ရှင်ကျန်ရစ်ခဲ့တဲ့ မင်္ဂလာဒုံမြို့နယ် ကန်သုံးဆင့်ဆရာတော်က အဖြစ်မှန်ကို ပြောထားတဲ့ ဗီဒီယိုဖိုင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တယ်။ ဒီဗီဒီယိုဖိုင်ပေါ်ထွက်လာလို့ သတင်းအမှားကို ဖုံးဖိလို့ မရတော့တာဘဲ ဖြစ်စဉ်အမှန်ကို စိစစ်ဖော်ထုတ်ပြီး လိုအပ်တဲ့ အရေးယူမှုတွေ လုပ်နေတယ်လို့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းကနေ ထုတ်ပြန်လာပါတယ်။
ဒီဖြစ်စဉ်အပြင် တခြားသတင်းအမှားတွေကိုလည်း စစ်ကောင်စီရဲ့ နိုင်ငံပိုင်သတင်းမီဒီယာတွေနဲ့ လော်ဘီတွေက ဖြန့်ဝေနေကြပါတယ်။ စစ်ကောင်စီလော်ဘီတွေဟာ Facebook, Tiktok, Youtube, Tiktok နဲ့ တခြား ဆိုရှယ်မီဒီယာတွေမှာ အစုအဖွဲ့နဲ့ သတင်းအမှားတွေဖြန့်ဝေလေ့ရှိပါတယ်။ လော်ဘီတစ်ယောက်တင်ထားတဲ့ သတင်းအမှားကို တခြားလော်ဘီ တစ်ယောက်က ကူးယူဖော်ပြတာမျိုး လုပ်လေ့ရှိတယ်။ ဒါကြောင့် ဆိုရှယ်မီဒီယာတွေမှာ သတင်းအမှား ပျံ့နှံ့မှုက ပိုများလာတာ တွေ့ရ ပါတယ်။
သတင်းအမှန် အမှား ဘယ်လို ခွဲခြားကြမလဲ
လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော် ၁၉၁၉ ခုနှစ်က ကျော်ကြားတဲ့ ဟာသဆရာ Mark Twain က “အမှန်တရားက ဖိနပ်စီးနေချိန်မှာ မုသားက ကမ္ဘာပတ်နေပြီ”လို့ ပြောခဲ့ဖူးတယ်။ ဒီစကားလိုပဲ သတင်းအမှားတွေက ပြည်သူတွေ ကြားထဲ စိမ့်ဝင်ပျံ့နှံ့နေချိန်မှာ မှန်ကန်တဲ့သတင်းအချက်အလက်ကတော့ ဖိနပ်စီးနေတုန်းပဲ ရှိပါသေးတယ်။ သတင်းအမှားတွေဟာ ဆိုရှယ်မီဒီယာတွေမှာ လျင်မြန်စွာပျံ့နှံ့နေပေမဲ့ မှန်ကန်တဲ့ သတင်းတွေကတော့ အမြဲ နောက်ကျနေလေ့ရှိပါတယ်။
ဒါကြောင့် ဆိုရှယ်မီဒီယာတွေမှာ သတင်းအကြောင်းအရာတစ်ခုကို တွေ့မြင်လိုက်တဲ့အခါ အလျင်စလို မယုံကြည်လိုက်ဖို့ လိုပါတယ်။ သတင်းရေးတင်တဲ့သူက ဘယ်သူလဲဆိုတာ ဦးစွာ ဆန်းစစ်ကြည့်ရမယ်။ သူရဲ့ ပရိုဖိုင်ထဲကို ဝင်ကြည့်ပြီး ဘယ်လိုအချက်အလက်တွေ မျှဝေလေ့ရှိလဲဆိုတာ ကြည့်ရှုသင့်တယ်။ သတင်းအကြောင်းအရာကို ရေးတင်တဲ့သူဟာ ဒီသတင်းကို ဘယ်ကနေသိရတာလဲဆိုတာ စစ်ဆေးကြည့်ရပါမယ်။ ရက်စွဲ မှန်ကန်မှုရှိ မရှိကြည့်ရပါမယ်။
ပျံ့နှံ့နေတဲ့ သတင်းကို သတင်းမီဒီယာကျင့်ဝတ်လိုက်နာအတိုင်း အဆင့်ဆင့် အတည်ပြု ရေးသားဖော်ပြနေတဲ့သတင်းဌာနတွေ မှာ ဖော်ပြထားတာ ရှိ/မရှိ တိုက်ဆိုင်စစ်ဆေး သင့်ပါတယ်။ စာသားနဲ့ ရေးသားဖော်ပြထားတဲ့ သတင်းတွေဆိုရင် သတင်းမှာပါဝင်တဲ့အကြောင်းအရာကို Google မှာ Keyword နဲ့ ရှာဖွေလို့ ရပါတယ်။
သတင်းမှာပါဝင်တဲ့ ဓာတ်ပုံက Photoshop နဲ့ ပြုပြင်ဖန်တီးထားတာမျိုး ရှိ/မရှိ ကြည့်ရှုပါ။ Google Reverse Image Search သုံးပြီး ဓာတ်ပုံတွေကို စစ်ဆေးလို့ရပါတယ်။ ဗီဒီယို၊ အသံဖိုင် စတာတွေကို Google မှာ ရှာဖွေစစ်ဆေးလို့ရပါတယ်။
သတင်း မှန်/မမှန် ကိုယ်တိုင်မစစ်ဆေးတတ်ရင် သတင်းအမှားတွေကို လေ့လာစောင့်ကြည့်ပြီး အချက်အလက် စစ်ဆေးသတင်းရေးသားနေတဲ့ Fact Check သတင်းတွေကို ရှာဖွေကြည့်လို့ရပါတယ်။
ဆိုရှယ်မီဒီယာတွေမှာ သတင်းအမှားတွေဟာ အရင်ကလည်း ရှိခဲ့ဖူးတယ်။ အခုလည်း ရှိနေတုန်းပါပဲ။ နောက်လည်း ရှိနေဦးမှာပါ။ အဓိက ဒီသတင်းအမှားတွေကို ကိုယ်တိုင် ယုံကြည်လက်ခံလိုက်တာမျိုး မဖြစ်ဖို့က အရေးကြီးဆုံးပါပဲ….။ ။