မြန်မာစစ်တပ်သည် ခေတ်ဆက်ဆက် ပြောခဲ့သည့် “ဖက်ဒရယ်”ဆိုသည့် အသုံးကို ယခုနွေဦးတော်လှန်ရေး ကာလတွင်လည်း ကျယ်ကျယ်လောင်လောင် ပြောဆိုလာပြီး နည်းလမ်းဟောင်းများကို ပြန်လည်အသုံးချရန် ကြိုးပမ်းလာကြသည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဆိုသည့် ဝေါဟာရအား ကြားဖူးနေသည်မှာ အချိန်ကာလများစွာ ရှိနေပြီဖြစ်သော်လည်း အာဏာရှင်အဆက်ဆက် ကိုယ်တိုင်က ဖက်ဒရယ်ကို ၎င်းတို့၏ လက်နက်သဖွယ်သာ အသုံးပြုခဲ့သဖြင့် အနှစ်သာရ အမှန်ကို မြည်းစမ်းခွင့် မရခဲ့ပေ။
ဖက်ဒရယ်သည် မည်သူတစ်ဦးတစ်ယောက်ကမှ ပိုင်ဆိုင်ထားရမည့် စနစ်မျိုးမဟုတ်ဆိုသည်ကို ဖက်ဒရယ်စနစ်အားကောင်းသည့် နိုင်ငံများကို ကြည့်လျှင် သိနိုင်မည်။ လက်ရှိ မြန်မာစစ်အာဏာရှင်တို့ ယူဆ လက်ကိုင်ထားသည့် ပုံစံမျိုးမဟုတ်ပေ။
ဖက်ဒရယ် စေတနာ မမှန်ခဲ့သည့် မြန်မာစစ်တပ်
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် တိုင်းပြုပြည်ပြု လွတ်တော်ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့သည်။ လွှတ်တော်မှတဆင့် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွက်လာခဲ့သည်။
၁၉၄၇ အခြေခံဥပဒေသည် ဗဟိုနှင့် ပြည်နယ်များအကြား အာဏာခွဲဝေမှုတချို့ရှိခဲ့သော်လည်း ဗမာကြီးစိုးသည့် တစ်ပြည်ထောင်စနစ်ဖြစ်နေသည့်အတွက် ၁၉၆၁-၆၂ ခုနှစ်များတွင် တိုင်းရင်းသားများအနေဖြင့် လူမျိုးစုများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ်စနစ် စစ်စစ်ဖြစ်အောင် ပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြသည်။
ယင်းသို့ ကြိုးပမ်းမှုများကို အကြောင်းပြုပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းလိုက်သည်။ မြန်မာစစ်တပ်သည် ဖက်ဒရယ်စစ်စစ် ရရှိရန် ကြိုးပမ်းသူများအပေါ် အခွင့်အရေးမပေးခဲ့ဘဲ အစုအဖွဲ့ တစ်ခု အားကောင်းမောင်းသန်ရေးကိုသာ ရှေးရှုခဲ့ပြီး ဖက်ဒရယ်လှုပ်ရှားမှုကို ဖြိုခွင်းခဲ့သည်။ ထိုစဉ်က ဖက်ဒရယ် ကြိုးပမ်းမှုများသည် တိုင်းပြည်ပြိုကွဲသွားရေးသာ ဖြစ်သည်ဆိုသည့် စဉ်းစားချက်များဖြင့် ဗိုလ်ချုပ်နေဝင်းက အကြောင်းပြခဲ့သည်။
ဦးသိန်းစိန် လက်ထက်တွင် ဖက်ဒရယ်နှင့် ပတ်သက်၍ ပြန်လည် အားကောင်းလာသည့် ဟန်ရှိခဲ့သည်။ ထိုစဉ်က သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဥရောပနိုင်ငံများသို့ လှည့်လည်ပြီး ဖက်ဒရယ်အကြောင်း လေ့လာမှုများပြုလုပ်ခဲ့သည်။
”ဖက်ဒရယ်ပြည်ထောင်စု စနစ်ကို တည်ဆောက်ရာမှာ အချိန်ယူပြီး အခက်အခဲတွေကို အများကြီးကျော်ဖြတ်ပြီး တည်ဆောက်ခဲ့ရတဲ့အကြောင်း၊ ဖက်ဒရယ် ဆိုရာမှာလည်း ပူးပေါင်း လုပ်ဆောင်ကြတာ ဖြစ်ပြီး၊ ကွန်ဖရက်ဒေးရှင်းလို့ခေါ်တဲ့ ကိုယ့်ဟာကိုယ် သီးခြားနေတဲ့ ပုံစံမျိုး မဟုတ်ကြောင်း၊ ဖက်ဒရယ်စနစ်တွေမှာ နိုင်ငံအားလုံးပုံစံတူ လုပ်ကြတာမဟုတ်ဘဲ အာဏာခွဲဝေမှု၊ သယံဇာတ ခွဲဝေမှုတွေ ပါဝင်ပြီး ကိုယ့်နိုင်ငံ အခြေအနေနဲ့ ကိုက်ညီအောင် ပြုလုပ် ကျင့်သုံးကြတာ ဖြစ်တာကို ဆွေးနွေးခဲ့ကြတယ်”ဟု ၂၀၁၄ ခုနှစ် စက်တင်ဘာလ၊ ဖက်ဒရယ်လေ့လာရေး ခရီးစဉ်တွင် ပါဝင်ခဲ့သည့် ပြန်ထောင်စု ဝန်ကြီး ဦးရဲထွဋ်က ဘီဘီစီသတင်းဌာနကို ဖြေကြားဖူးသည်။
တစ်ဆက်တည်း ကြည့်ရလျှင် ဖက်ဒရယ်အကြောင်း အသံကုန်ဟစ်ခဲ့သည့် သမ္မတ ဦးသိန်းစိန် လက်ထက်နှင့် ပြည်သူများ ရွေးချယ်တင်မြှောက်ခဲ့သည့် NLD အစိုးရလက်တွင်ပင် ဖက်ဒရယ်၏ အနှစ် သာရကို မတွေ့ရှိခဲ့ရပေ။ လူမျိုးစု ခေါင်းဆောင်တချို့ကို အစိုးရအဖွဲ့တွင် ရာထူးကြီး ပေးသည်ကလွဲ၍ ထူးခြားမှု မရှိခဲ့။ မြန်မာစစ်တပ်အနေဖြင့် ခေတ်အဆက်ဆက်မှ လက်ရှိအထိ ဖက်ဒရယ်ဆိုသောအရာကို ၎င်းတို့ပေးမှ ရမည်ဆိုသည့် အခံဖြင့် စဉ်းစားနေခြင်းသာဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ပြောသည့် ဖက်ဒရယ်သည် ယခု နွေဦး တော်လှန်ရေးကာလတွင်လည်း ကျဆုံးလျက်ရှိသည်။ စေတနာမမှန်ခြင်း၊ အာဏာကို လက်ထဲတွင် အလုံးစုံ ထိန်းထားချင်ခြင်းနှင့် အကျိုးစီးပွားကို ရှေးရှုခြင်း စသည့် စရိုက်လက္ခဏာများကြောင့် ပိုမိုပြီးသာ အယုံအကြည်မရှိ ဖြစ်ခဲ့ကြသည်။
မင်းအောင်လှိုင်ပြောသည့် ဖက်ဒရယ်သည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကင်းကွာ
မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နယ်မြေဒေသကို အခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ယခုနှစ် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံမှုတွင် ကြားခဲ့သည်။
ဖက်ဒရယ်စနစ်နှင့် ပတ်သက်၍ စစ်ခေါင်းဆောင်တို့၏ စဉ်းစားချက်တွင် ၎င်းတို့ဘာသာ စိုးရိမ်ချက်များဖြင့် တစ်ဖက်သက်တွေးတော စဉ်းစားခဲ့သည်များကိုသာ တွေ့မြင်ရသည်။ ဖက်ဒရယ်စနစ်သည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာအလိုက် ကွဲများမှုများရှိသော်လည်း အနှစ်သာရအားဖြင့် ကိုယ်ပိုင်အုပ်ခွင့်အပြင် တစိတ်တစ်ဒေသ အတူတကွ ပူးပေါင်းအုပ်ချုပ်ခြင်းများနှင့် ပိုမိုသက်ဆိုင်လှပါသည်။
ဖက်ဒရယ်နိုင်ငံများ၏ အာဏာခွဲဝေမှုဆိုင်ရာ အရေးကြီးအချက်များတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများသည် အစဉ်လိုက် ပါဝင်နေသည်။ ထိုမှတဆင့် အဆင့်ဆင့် ခွဲဝေ အသုံးပြုရပြီး ဗဟိုအစိုးရအနေဖြင့်လည်း အာဏာကို အလုံးစုံ အသုံးချ၍ မရပေ။
ယခင်ကတည်းက ဖက်ဒရယ်နှင့် ပတ်သက်၍ မြန်မာစစ်တပ်ဘက်က ထုတ်ဖော်ပြောကြားချက်များ ရှိခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ထိုစဉ်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အကောင်အထည်ဖော်မှု ကော်မတီ (UPDJC) ၏ အတွင်းရေးမှူးလည်းဖြစ်၊ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ် စိုးနိုင်ဦး၏ ပြောကြားချက်အရ
“ဖက်ဒရယ်သည် ခွဲထွက်ခွင့်မဟုတ်ပါဘူး။ မိမိနိုင်ငံ မိမိလူမျိုး ပထမဝီဝင် အနေအထားအရ သင့်တော်တဲ့ ပုံစံမျိုးနဲ့ ရေးဆွဲဆောင်ရွက်ရမယ်။ မိမိနိုင်ငံ အမျိုးသား အကျိုးစီးပွား နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ မထိခိုက်စေဘဲနဲ့ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့အကြားမှာ အာဏာကို ခွဲဝေကျင့်သုံးဖို့ဖြစ်ပါတယ်”ဟု ထုတ်ဖော် ပြောကြားဖူးသည်။
ထိုစဉ်က ၎င်းသည် အာဏာခွဲဝေမှု အကြောင်းကို မီးမောင်းထိုး ပြောကြားခဲ့ပြီး ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအပြင် ပြည်နယ်အစိုးရ အချင်းချင်း ကြားတွင်လည်း အာဏာကို သဟဇာတဖြစ်အောင် ခွဲဝေသုံးစွဲရမည်ဟု နားလည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ စာရွက်ပေါ်၊ လေလှိုင်းပေါ်တွင် ပြောကြားချက်များကို အယုံအကြည်မရှိခဲ့ကြဘဲ ဝေဖန်မှုများနှင့်သာ ကြုံတွေ့ခဲ့သည်။
ယခုလက်ရှိအခြေအနေသည် မြန်မာစစ်တပ်ဘက်မှ ပြောဆိုနေသည့် ဖက်ဒရယ်ဆိုသည့် ကိစ္စရပ်ထက် အာဏာသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် အာဏာရှင်ဖြုတ်ချရေး တော်လှန်ရေး ကာလသို့ ရောက်ရှိနေခြင်းဖြစ်သည်။ အာဏာရှင်ကို ကနဦး ဖြုတ်ချရေးက ပိုမိုအရေးကြီးနေပြီး စစ်တပ်က ပြောဆိုနေသည့် ဖက်ဒရယ်ကို မည်သူမှ နှစ်လိုမှု မရှိကြချေ။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဘက်မှ ဒေသကို အခြေခံသည့် ဖက်ဒရယ်ကိုပဲ ဦးတည် ဦးတည်၊ လူမျိုးကို အခြေခံသည့် ဖက်ဒရယ်ကိုပဲ ဦးတည် ဦးတည်၊ ထိုသို့ ပြောဆိုလာခြင်းသည် မြန်မာစစ်တပ်အနေဖြင့် လက်ရှိ ၎င်းတို့ ကြုံတွေ့နေရသည့် အကျပ်အတည်းကို ခဏတာ ဖြေရှင်းရန်သာ အသုံးချခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်ကြသည်။
“၁၉၄၈ ကစပြီး မြန်မာခေါင်းဆောင်အဆက်ဆက်ဟာ ပြည်သူလူထုအကျိုးကို အမှန်တကယ် မဆောင်ကြဉ်းပေးခဲ့ကြပါဘူး။ အင်္ဂလိပ်နဲ့ ဂျပန်တို့လည်း မြန်မာပြည်သူလူထုရဲ့ အကျိုးကို လုံးဝဖော်ဆောင်ခဲ့ကြတာ မဟုတ်ပါဘူး”ဟု အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ် အာရှရေးရာ အငြိမ်းစား ညွှန်ကြားရေးမှူး၊ ပါမောက္ခ John Badgley က ၎င်း မကွယ်လွန်ခင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက VOA ကို ပြောကြားခဲ့ဖူးသည်။
မြန်မာ့အရေးကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည့် John Badgley အနေဖြင့် ထိုစဉ်ကတည်းက မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဖယ်ဒရယ်ပြည်ထောင်စုကို မဖော်ဆောင်နိုင်လျှင် အခြေအနေ ပိုမိုဆိုးဝါးလာနိုင်ကြောင်း ဟောကိန်းထုတ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း ဖက်ဒရယ်လှုပ်ရှားမှုများ
ဖက်ဒရယ်နှင့် သက်ဆိုင်သည့် သမိုင်းဆိုင်ရာ ခုနှစ်များအဖြစ် ၁၉၄၇ ခုနှစ်မှ ၁၉၆၂ ခုနှစ် ကာလများသည် ဖက်ဒရယ် ထူထောင်ရေး ကာလများအဖြစ် သတ်မှတ်ထားသည်။ ၁၉၄၇ ခုနှစ်တွင် ပြည်မနှင့် ချင်းတောင်တန်း၊ ကချင်တောင်တန်း၊ ရှမ်းပြည်နယ်မှ ခေါင်းဆောင်များ တက်ရောက်ကြသော ပင်လုံအစည်းအဝေး၌ ရှမ်း၊ ကချင်နှင့် ချင်းတို့သည် ပြည်မနှင့်အတူ လွတ်လပ်ရေးကို လျင်မြန်စွာရရှိလိမ့်မည်ဟု ယူဆကာ ပင်လုံစာချုပ်ကို သဘောတူခဲ့ကြသည်။
ထိုစဉ်က ပင်လုံစာချုပ်ကို မြန်မာကိုယ်စားလှယ် ၁ ဦး၊ ရှမ်းကိုယ်စားလှယ် ၁၄ ဦး၊ ကချင်ကိုယ်စားလှယ် ၅ ဦး၊ ချင်းကိုယ်စားလှယ် ၃ ဦး စုစုပေါင်း ၂၃ ဦး တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြသည်ဟု မှတ်တမ်းများအရ သိရှိရသည်။
ပင်လုံစာချုပ် အပိုဒ် (၅) တွင်လည်း ”တောင်တန်းဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ယခု ရရှိခံစားလျက်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ရေး ဆုံးပါးရန် မည်သည့်ဒေသတွင်မဆို လုံးဝပြုမူလိမ့်မည် မဟုတ်။ တောင်တန်း ဒေသများ၏ နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိကြောင်း မူအရလက်ခံသည်”ဟု ဖော်ပြထားသည်။ ထို့အတွက် ပင်လုံစာချုပ်သည် တိုင်းရင်းသားဒေသများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိမှတ်ပြု သဘောတူထားသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။
ထို့နောက် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့တွင် ရှမ်းပြည်နယ် ပြည်လုံးကျွတ် ညီလာခံကြီးကို ကျင်းပပြီးနောက် ၁၉၆၁ ခုနှစ် ဇွန်လ (၈) ရက်မှ (၁၆) ရက်အထိ ကျင်းပခဲ့သော “ပြည်နယ်ပေါင်းစုံညီလာခံကြီး” (ခေါ်) “တောင်ကြီးညီလာခံ”ဟု သမိုင်းတွင်စေခဲ့သည်။ ယင်း ညီလာခံ၏ အဓိကရည်ရွယ်ချက်သည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ကျင်းပခြင်းဖြစ်သည်။
၁၉၄၇ ဖွဲ့စည်းပုံသည် ပြည်ထောင်စုအတွင်း ပါဝင်သော တိုင်းရင်းသား လူမျိုးများအနေဖြင့် ဗမာလူမျိုးများနှင့် တန်းတူအခွင့်အရေးမရှိခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်မူ (၇) ချက်အတိုင်း စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး မဖြစ်ပေါ်လာခြင်းတို့အပြင် ၁၉၄၇ ဖွဲ့စည်းပုံအရ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ရေးဆိုင်ရာနှင့် အစိုးရဖွဲ့စည်းမှုပုံသဏ္ဍာန်များသည် အားနည်းချက်များ အဖြစ် ဖြစ်ပေါ်စေခဲ့သည့်အတွက် မူလ ရည်ရွယ်ချက် မအောင်မြင်ခဲ့ရပေ။ ထိုစဉ်က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုကို ရှမ်းပြည်နယ်မှ စတင်၍ ဦးဆောင်ဦးရွက်ပြုခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။
ပင်လုံမှ အစပြုလိုက်သည့် ဖက်ဒရယ် ခရီးရှည်တွင် မြန်မာပြည်ကြီးသည် လက်ရှိအထိ အားသွန်ခွန်စိုက် ကြိုးပမ်းကာ ပြေးလွှားနေရသည်။ အစကောင်းခဲ့သော်လည်း စစ်အာဏာရှင်တို့၏ လိုရာဆွဲကပ်သည့် အစီအမံများကြောင့် အနှောင်း မသေချာဖြစ်ခဲ့ရပြီး ၁၉၄၇ ခုနှစ်၊ ၁၉၇၄ ခုနှစ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေများသည် ဗမာကြီးစိုးသည့် ဥပဒေများအဖြစ် ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။
ထို ဥပဒေများသည် တပြည်ထောင် စနစ်နှင့် ဗဟိုအစိုးရ အာဏာ အားကောင်းရေးဘက်ကို သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၇၅ နှစ်တာ ခရီးရှည် ဖြတ်သန်းမှုတလျှောက်တွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီ အသံများ ဟစ်အောင်ရင်း ဆိုင်းဘုတ်ကိုင် လမ်းလျှောက်ခဲ့ကြသည်မှာ လက်ရှိအထိ ဖြစ်သည်။
နွေဦးတော်လှန်ရေးအတွင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကောင်းလာသည့် ဖက်ဒရယ် ရုပ်လုံး
လက်ရှိ အာဏာရှင်ဖြုတ်ချရေး တော်လှန်ရေးကာလတွင် ဖက်ဒရယ်နှင့် ပတ်သက်၍ တဖန် ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့သည်။ ယခုတစ်ကြိမ်သည် ယခင်ကာလများထက် ပိုမိုအားကောင်းသလို ခေတ်အဆက်ဆက် မြန်မာစစ်တပ်က ရိုက်သွင်းခဲ့သည့် ဖက်ဒရယ်အပေါ် အတွေးအခေါ်အယူအဆများပါ ပြောင်းလဲခဲ့ကြသည်။
လူငယ်၊ လူလတ်ပိုင်းနှင့် လူကြီး အစရှိသည့် အသက်အရွယ်အပိုင်းအခြားအလိုက် ပြည်သူများအပြင် အဖွဲ့အသီးသီးတို့သည် ယခု တော်လှန်ရေးကာလ အာဏာရှင်ဖြုတ်ချရေးမှသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံဆီသို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသည်။
နွေဦးတော်လှန်ရေးသည် မြန်မာနိုင်ငံအတွက် အရေးပါသည့် ပြောင်းလဲမှုဖြစ်သည့်အတွက် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆိုသည့် ခံယူချက်များဖြင့် ခေတ်အဆက်ဆက် မတရားလွှမ်းမိုးခဲ့သည့် စစ်အာဏာရှင်စနစ်ကို တွန်းလှန်နေကြသည်။ ယခင်က အလုံးစုံ လွှမ်းမိုးမှုပြုလုပ်ခဲ့သည့် စစ်တပ်သည် ယခုတစ်ချီတွင် ပိုမိုအားအင်ချိနဲ့လာသည်ကို တွေ့ရှိရသည်။
ထို့ကြောင့် နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် အဖွဲ့အသီးသီးက ဘုံရန်သူဖြစ်သည့် စစ်တပ်၊ ဖက်ဒရယ်ကို ပါးစပ်ဖျားမှမချ ခေတ်အဆက်ဆက် အသုံးချခဲ့သည့် စစ်တပ်ကို ယခုတစ်ကြိမ်တွင် အပြီးဖြုတ်ချရန် ဆန္ဒပြင်းပြနေကြခြင်းဖြစ်သည်။ တစ်ဘက်တွင်လည်း မြန်မာပြည်တွင်းရှိ တိုင်းရင်းသားများအားလုံး စုပေါင်းမှု၊ နားလည်လေးစားမှုများ ပိုမိုခိုင်မာအောင် ပြုလုပ်လျက်ရှိကြသည်။
နွေဦးတော်လှန်ရေးကာလအတွင်း အနာဂတ်ဖက်ဒရယ်နှင့် ပတ်သက်၍ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက အင်တာဗျူးတစ်ခုတွင် ယခုကဲ့သို့ ဖြေကြားဖူးသည်။
“ကျွန်တော်တို့ လက်ရှိ နွေဦးတော်လှန်ရေးသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ အကူအညီ၊ သူတို့ရဲ့ ပူးပေါင်းပါဝင်မှု သူတို့ရဲ့ ဦးဆောင်မှု မရှိဘဲနဲ့ ကျွန်တော်တို့ ဒီတော်လှန်ရေးက အောင်နိုင်ဖို့ရာ မရှိဘူးလို့ ရိုးရိုးလေးပဲမြင်တယ်။ အဲ့ဒီတော့ ကျိန်းသေတာက သူတို့နဲ့ စကားပြောဖို့လိုတယ်။ သူတို့နဲ့ ဆွေးနွေးညှိနှိုင်းဖို့၊ နောက်တစ်ခုက တန်းတူညီမျှမဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖြစ်လာဖို့အတွက် ဒီဘက်ကနေပြီးတော့ ဗမာအင်အားစုဘက်ကနေပြီးတော့ တည်ကျတဲ့ အာမခံချက်တွေ၊ ကတိကဝတ်တွေ ပြုနိုင်ဖို့လိုတယ်လို့ ကျွန်တော်တို့ကမြင်တယ်။ အဲ့ဒီလိုမှဘဲ ယုံကြည်စိတ်ချပြီးတော့ ပါနိုင်မှာပေါ့နော်”ဟု ဆိုသည်။
နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးသည် အဓိကဖြစ်လာသည်။ NUG အမျိုးသားညီညွတ်ရေး အစိုးရကလည်း “ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို ရေးဆွဲရန် တာဝန်ယူ ကြိုးပမ်းလျက်ရှိပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် လူတန်းစား အစုအဖွဲ့ပေါင်းစုံ ပါဝင်သည့် – NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ယင်းတို့အနေဖြင့် ဖက်ဒရယ်ဥပဒေ မူကြမ်းကစပြီး အတည်ပြုပြဌာန်းတဲ့အထိ ပြည်သူလူထု ပါဝင်နိုင်အောင် ကြိုးပမ်းမယ်”ဟုလည်း ကြွေးကြော်ထားသည်။
သို့သော် ဖက်ဒရယ်သည် “အခု ရေတွင်းတူး၊ အခု ရေကြည်သောက်”၍ မရသည့် အခြေအနေဖြစ်သောကြောင့် လက်ရှိနွေဦးတော်လှန်ရေးတွင် ဖက်ဒရယ်ကြွေးကြော်မှုသည် စိတ်ဓာတ်ပိုင်းဆိုင်ရာဖြင့် အားကောင်းမောင်းသန်ဖြစ်နေကြောင်း မြင်သာသော်လည်း စစ်အာဏာရှင်ကို ဖြုတ်ချရန် ကြိုးပမ်းရ၊ မြန်မာနိုင်ငံပြည်သူတို့ လိုချင်သည့် တန်းသူညီမျှသည့် ဖက်ဒရယ်ကိုလည်း ပုံဖော်ဆောင်ရွက်ရ ဖြစ်နေသည့်အတွက် အခက်တွေ့နေရသည်။
အချုပ်အားဖြင့် အားသာချက်တစ်ခုသည် ပြည်သူအများစုက အာဏာရှင် ပြုတ်ကျသွားရန် စိတ်အား ထက်သန်ခြင်းက ယင်းသို့သော အခက်အခဲများကို အချိန်တစ်ခုတွင် ကျော်လွှားသွားနိုင်မည်ဖြစ်သည်ဟု ယူဆရသည်။ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဘက်မှ ပြောသည့် ဖက်ဒရယ်တွင် ၎င်းတို့ အကျိုးစီးပွား သို့မဟုတ် ၎င်းတို့အထိနာမှုကို ကာကွယ်ရန် စဉ်းစားချက်များသာဖြစ်နေသည်ကိုတွေ့မြင်နေရသည့်အတွက် ပြည်သူများအပြင် တစ်ဘက်တွင်လည်း တော်လှန်ရေးတွင် အပြည့်အဝ ပါဝင်နေကြသည့် အဖွဲ့ပေါင်းစုံအနေဖြင့် စစ်ကောင်စီပြောသော ရေတဝက် နွားနို့တဝက် ရောနေသည့် ဖက်ဒရယ်ကို စိတ်ဝင်စားမှုမရှိ ဖြစ်နေသည်မှာ ထင်ရှားလှသည်။