ရန်ကုန်တက္ကသိုလ်မှ ပညာတတ် တက္ကသိုလ်ကျောင်းသားများ ဦးဆောင်ခဲ့ပြီး ဗြိတိသျှ လက်အောက်မှ ကိုယ်ပိုင် အုပ်ချုပ်ပြဌာန်းခွင့်အတွက် တော်လှန်ရေး တိုက်ပွဲတစ်ခု၊ အရှေ့တောင်အာရှရှိ ကျယ်ပြန့်သော နယ်မြေတစ်ခု၌ အောင်မြင်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၇၆ နှစ်ပြည့်ခဲ့ပြီဖြစ်သည်။
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၌ မတူညီသော သမိုင်းကြောင်း၊ ရိုးရာအစဥ်အလာများ ရှိသည့် လူမျိုးစု တစ်ရာကျော် စုစည်းထားသည့် ပြည်ထောင်စုနိုင်ငံတော်ကြီး တစ်ခု ပေါ်ထွက်လာခဲ့ပြီဟု ထင်မှတ်ခဲ့ကြဖူးသည်။
သို့သော် အင်အားကြီး လူမျိုးစု၏ နိုင်ငံရေး အယူဝါဒ ကွဲပြားခြင်း ပြဿနာ၊ လူမျိုးစုခြင်း တန်းတူရည်တူ မပေးခြင်း ပြဿနာများကို အရင်းတည်ကာ စတုရန်းမိုင် နှစ်သိန်းလေးသောင်း ကျယ်ပြန့်သည့် ဒေသကြီး၌ ပြည်တွင်းစစ်ဟု ခေါ်ဝေါ်ကြသော စစ်ပွဲများ ဖြစ်နေခဲ့သည်မှာလည်း ၇၆ နှစ်ပင် မကခဲ့ချေ။
“ ဗမာ့ လွတ်လပ်ရေး မဟုတ်ပါ”
လွတ်လပ်ရေး ဆုံးရှုံးမှုနှင့် ပတ်သတ်ပြီး ဗမာလူမျိုးများသည် ဇာတိသွေး၊ ဇာတိမာန် ပြင်းထန်စေရန် စစ်အာဏာရှင် များ၏ ဝါဒသွပ်သွင်းထားမှုကို ရာစုနှစ်ဝက်မက ခံထားခဲ့ရသည်။
ထိုသို့ ဝါဒဖြန့်ရန်အတွက် အရှေ့တောင်အာရှရှိ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများထိ ကျူးကျော် နယ်ချဲ့ ခဲ့သော ဗမာစစ်ဘုရင်များ၏ သမိုင်းကြောင်းများအား တစ်ခမ်းတစ်နား ထည့်သွင်း သင်ကြားစေသည်။
ကြီးကျယ်သော ဗမာဘုရင့်နိုင်ငံကြီးသည် မညီညွတ်၍ နယ်ချဲ့လက်အောက် ကျွန်ပြုခံခဲ့ရသည် ဟူသည့် အယူအဆကို သွပ်သွင်းကာ အင်အားပြည့်ပါက တစ်ချိန်ပြန်လည် ကြီးမြတ်ရမည်ဟူသည့် ဗမာဘုရင်များ၏ အင်ပါယာ စိတ်ကူးအား ဗမာလူမျိုးများ၏ စိတ်ဝယ် ကွန့်မြူးတောက်ပစေသည်။
ထိုစိတ်ကပင် ဗမာလူမျိုး စစ်အာဏာရှင်များက မတူညီသော လူမျိုးစုများအပေါ် ကျွန်ပြုထားဆဲ ဖြစ်နေခြင်းကို ဗမာလူမျိုးများ မေ့လျော့နေစေခဲ့သည်။
တစ်ကျော့ပြန် စစ်အာဏာသိမ်းပြီးနောက် ဗမာစစ်အာဏာရှင်များ၏ လူမျိုးဘာသာမရွေး တန်းတူဖိနှိပ်ဆက်ဆံမှုကို ကြုံတွေ့ခဲ့ရချိန်တွင် ဗမာလူမျိုးများအတွက် မတူညီသော လူမျိုးစုများ၏ ခံစားချက်အား ကိုယ်ချင်းစာနိုင်သွားခဲ့ သည်ဟု ထင်မှတ်ရသည်။
” ပင်လုံစာချုပ်တွေချုပ်၊ တောင်တန်းပြည်မတွေ ပြောပြီး လွတ်လပ်ရေး ရသွားတယ်သာပြောတယ်။ မကြာဘူး ပြည်တွင်းစစ်က ဖြစ်လာတာပဲ၊ အခုဆို နှစ် ၇၀ မကတော့ဘူး။ ဒီတော့ ဒီကာလတွေအတွင်း တိုင်းရင်းသားတွေ တကယ် လွတ်လပ်ခဲ့ရဲ့လား၊ အင်္ဂလိပ်လက်အောက်က လွတ်ပြီး စစ်အုပ်ချုပ်ရေး အောက် ပြန်ရောက်ခဲ့တာပဲ၊ အဲ့ဒီတော့ လွတ်လပ်ရေး အစစ်အမှန်မဟုတ်တာကို လူတိုင်းသိမှာပါဘဲ” ဟု ၂၀၁၅ ကျောင်းသားသပိတ်တိုက်ပွဲဝင် ဗကသ ကျောင်းသားဟောင်း ကိုမျိုးထက်လှသော်က ပြောသည်။
“ ဗမာတွေ မလွတ်လပ်သေးပါ”
ချောတိုင် တက်ပွဲ၊ အာလူးကောက်၊ ခေါင်းအုံးရိုက်ပွဲများ ကင်းမဲ့နေသည့် ရန်ကုန်မြို့က ယခင်နှစ် ခုနှစ်ဆယ်ကျော် ရှိခဲ့ဖူးသည့် လွတ်လပ်ရေးနေ့ ပုံစံများနှင့် ကွဲပြားနေခဲ့သည်။
ထုံးကွင်းထားသည့် အားကစားပွဲ သင်္ကေတများက ယခင် လွတ်လပ်ရေးနေ့ အပြီး လအတန်ကြာသည်ထိ ကတ္တရာလမ်းများထက် ကျန်ခဲ့သည်။
ယခုတော့ လမ်းများပေါ်ရှိ ဆေးမှိန်သော်လည်း ထင်ရှားနေဆဲ စစ်အာဏာရှင် ဆန့်ကျင်ရေး စာသားများသာ ရှိနေဆဲဖြစ်သည်။
“ တကယ်မှ လွတ်လပ်မနေတာ၊ အဝန်းအဝိုင်းတစ်ခုထဲ သွားလာနေရတဲ့ အကျဥ်းသားတွေပဲဟာ၊ လွတ်လပ်ရေး နေ့လို့ကို မခံစားရဘူး သာမာန့်နေ့ပဲ” ဟု တောင်ဥက္ကလာပမြို့နယ်မှ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက သူ(မ)၏ ခံစားချက်ကို ပြောပြသည်။
ပြီးခဲ့သည့် သုံးနှစ်အတွင်း ဗမာစစ်အာဏာရှင်အား ဗမာလူမျိုးများက မကြုံစဖူး တော်လှန်လာခဲ့သည်။ ကျွန်ပြုခံထား ရခြင်း၏ အခြေအနေမှန်အား ရိပ်စားမိခဲ့ကြ၍ ဖြစ်သည်။
အာဏာကို ထိပါးလာပါက မည်သူကိုမျှ အလွတ်မပေးသည့် ဗမာစစ်အာဏာရှင်များ၏ ဖိနှိပ်ရက်စက်မှုများကို အနီးကပ်ကြုံလာခဲ့ကြရသည်။
ခင်မင်ရသော အသိမိတ်ဆွေများ၊ မိသားစုဝင်များ ကြွေလွင့်ခဲ့ရသကဲ့သို့ အများအပြား အဝေးထွက်ရှောင်ခဲ့ရပြီး ဗမာလူမျိုးများလည်း မလွတ်လပ်သေးကြောင့် သူတို့ နားလည်ခဲ့ကြသည်။
“ ခင်ရတဲ့ သူငယ်ချင်းတစ်ယောက် ဒီနေ့ လွတ်ငြိမ်းထဲပါမလား မျှော်နေတာ၊ အခုထိ မကြားသေးပါဘူး။ စစ်အာဏာ ရှင်ကို တော်လှန်လို့ ထောင်ကျတယ်ဆိုကတည်းက ကျတော်တို့ မလွတ်လပ်သေးတာ အသိသာကြီးပါ၊ အာဏာရှင်တွေ ရှိနေသမျှ ကျတော်တို့ ကျွန်ပြုခံနေရဦးမှာဘဲ” ဟု ရန်ကုန်မြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက ပြောသည်။
“ လူမျိုးစုပေါင်းစုံ လွတ်လပ်ရေး”
နွေဦးတော်လှန်ရေးက ဗမာ မဟုတ်သည့် အခြားလူမျိုးစုများ၏ ရှိရင်းစွဲ လွတ်မြောက်ရေး တိုက်ပွဲများကိုလည်း အကျိုးသက်ရောက်မှု ကြီးမားစေခဲ့သည်။
ကိုယ့်လူမျိုးကိုယ်ပင် ကျွန်ပြုနေခြင်းက ဗမာစစ်အာဏာရှင်များအား ၎င်းတို့၏ လူမျိုးများက ပြန်လည်တော်လှန် လာခဲ့ခြင်းကို ကြုံတွေ့လာစေခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်း တပ်မတော်ကို တည်ထောင်ပြီးနောက်ပိုင်း စစ်တပ်သည် လူထုထောက်ခံမှု အဆိုးရွားဆုံး အခြေအနေ ဖြစ်ပေါ်လာခဲ့သည်။
ဗြိတိသျှလက်အောက်က လွတ်မြောက်စေသည်ဟူသည့် စစ်တပ်သည် ဆိုးရွားသည့် ဖိနှိပ်ရက်စက်မှုများဖြင့် ပြည်ထောင်စုကို ကျွန်ပြုနေခဲ့၍ ဖြစ်သည်။
“ ဒီလောက် ပြည်တွင်းစစ်တွေ ဖြစ်နေတာကို လွတ်လပ်ရေးနေ့လို့ ခေါ်နေရသေးလား။ ဘယ်နေရာ လွတ်လပ်နေလဲ ” ဟု စစ်အာဏာရှင်ကို တော်လှန်၍ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်နေရသည့် လှိုင်မြို့နယ်မှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးက ပြောသည်။
၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း၌ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအာင်း၊ ကိုးကန့်၊ ရခိုင် လူမျိုးစု သုံးစု၏ ၁၀၂၇ စစ်ဆင်ရေးဖြင့် ဗမာစစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲဝင်မှုများက လူမျိုးပေါင်းစုံ လွတ်လပ်ရေးအတွက် တော်လှန်ရေးတိုက်ပွဲ အရှိန်ကို မြှင့်ပေးနိုင်ခဲ့သည်။
ထို့နောက်ပိုင်း ရှမ်းမြောက်တစ်ခွင်သာမက၊ ရခိုင်၊ ချင်း၊ ကရင်နီ၊ ကချင်၊ ကရင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး ဒေသပေါင်းစုံ၌ လွတ်လပ်ရေးတိုက်ပွဲများ ပိုဖြစ်လာခဲ့သည်။
ဗမာစစ်အာဏာရှင် လက်အောက်မှ လူမျိုးစုပေါင်းစုံ၏ လွတ်လပ်ရေး ရောင်နီများ မြင်လာရပြီဟု ယူဆလာခဲ့ကြသည်။
“ လွတ်လပ်ရေးနေ့က ပွဲတွေ လုပ်လည်း တကယ်တမ်း မလွတ်လပ်ခဲ့ရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ အခုလည်း တိုင်းရင်းသားအသီးသီးက သူတို့ရဲ့ လွတ်လပ်ရေး လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်နေတာပဲ။ အဲ့ဒီတော့ ဒီလွတ်လပ်ရေးနေ့အတွက် ထွေထွေထူးထူး ပြောစရာမရှိဘူး။ ဆက်ပြီးတော့ ပြည်သူတွေရော တိုင်းရင်းသားလက်နက်ကိုင်တွေရော စစ်အာဏာရှင် အမြစ်ပြတ်ပြီး တကယ်လွတ်လပ်ရေးအတွက် စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်ပြီး တကယ့်လွတ်လပ်ရေး ရမယ့်အချိန်ကို မျှော်လင့်နေပါတယ်” ဟု လွတ်မြောက်နယ်မြေတစ်ခုသို့ ရောက်ရှိ သတင်းယူနေသည့် အမည်မဖော်လိုသူ သတင်းထောက်တစ်ဦးက ပြောသည်။