(၂၀၂၀) ပြည့်နှစ် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည့် အရပ်သားအစိုးရကို ဖြုတ်ချပြီး မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်အုပ်စုသည် နိုင်ငံ့အာဏာကို မတရားသဖြင့် ရယူခဲ့သည်။ စစ်အုပ်စုသည် နိုင်ငံ့ခေါင်းဆောင်အချို့ကိုလည်း ထိန်းချုပ်ထားပြီးဖြစ်သဖြင့် ပြည်သူများကိုလည်း လွယ်လင့်တကူပင် ချုပ်ကိုင်နိုင်မည်ဟု တွက်ဆခဲ့ပုံရသည်။
သို့သော် စစ်အုပ်စုသည် မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ (၁၉၈၈) ခုနှစ်ကကဲ့သို့ လုပ်နည်းလုပ်ဟန်များသည် (၂၀၂၁) ခုနှစ်တွင် အရာမဝင်ဖြစ်ခဲ့ရသည်။ ၎င်းတို့ တွက်ဆထားသကဲ့သို့ ရက်ပိုင်းအကြာတွင် နိုင်ငံ့အာဏာနှင့် ပြည်သူလူထုတစ်ရပ်လုံးကို အလုံးစုံ ထိန်းချုပ်နိုင်ရမည်ဟူသည့် တွက်ကိန်းသည် တက်တက်စင်အောင် လွဲချော်ခဲ့သည်။
ယခုတစ်ကြိမ် တော်လှန်ရေးတွင် ပြည်သူလူထု၏ ကျရာအခန်းကဏ္ဍမှ ပါဝင်ရန် အသင့်ရှိနေသော တော်လှန်စိတ်ကို စစ်ကောင်စီဘက်မှ ထိန်းချုပ်ဟန့်တားမရတော့သည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ခြင်းပင်ဖြစ်သည်။ စစ်အုပ်စုမှ အာဏာသိမ်းပြီးနောက် ရက်ပိုင်းအကြာတွင် လက်နက်အားကိုးဖြင့် မတရားလုယူခံခဲ့ရသည့် နိုင်ငံတော်ကို ပြန်လည်ရယူရန်အတွက် ပြည်သူတစ်ရပ်လုံးသည် အကြမ်းမဖက်သောနည်းများဖြင့် လူထုတိုက်ပွဲကို ဆင်နွဲရန် လမ်းမကြီးများပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။
ထို့နောက် စစ်အုပ်စုမှ လူထုလှုပ်ရှားမှုများကို အကြမ်းဖက် ဖြိုခွင်းခဲ့သဖြင့် ၎င်းတို့၏ မတရားမှုများကို ခေါင်းငုံ့မခံနိုင်တော့သည့် မျိုးဆက်သစ်လူငယ်များသည် ရရာ လက်နက်များအား ဆွဲကိုင်ကာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို လျှောက်လှမ်းရန် ဆုံးဖြတ်ခဲ့ကြတော့သည်။
လူငယ်များ ဦးဆောင်လာသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များသည် ဒေသအလိုက် ပေါ်ထွက်လာခဲ့ပြီး ယခုတစ်ကြိမ်တွင် ခေတ်အဆက်ဆက် မတရားဖိနှိပ်အုပ်ချုပ်ခဲ့သော စစ်ဖိနပ်အောက်မှ ရုန်းထွက်ရန်အတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။
လူထုထံမှ ခေါင်းပုံဖြတ်၊ အမြတ်ထုတ်မှုများ ပြုလုပ်ကာ ရယူထားခဲ့သော အထောက်အပံ့ကောင်းများဖြင့် နှစ်ပေါင်းများစွာ တည်ဆောက်ထားသည့် စစ်ကောင်စီတပ်များ၏ အကြမ်းဖက် ဖိနှိပ်မှုများအား နာကြည်းကာ ရရာလက်နက်များကို ဆွဲကိုင်တော်လှန်ရင်းဖြင့် မကြာသေးမီကမှ စစ်တပ်တစ်တပ်ဖြစ်လာခဲ့သော လူငယ်အများစု ဦးဆောင်ပါဝင်လျက်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်များသည် မိမိထက် အင်အားအပြတ်အသတ် သာလွန်နေသည့် စစ်ကောင်စီတပ်များအတွက် မြို့ပြများတွင်မက ကျေးလက်တောရွာများပါမကျန် အကြီးအကျယ် ဒုက္ခဖြစ်လာစေခဲ့သည်။
“ ကျတော်တို့ကို လျှော့တွက်ခဲ့တာ ကျေးဇူးတောင် တင်ရမယ်။ အဲ့ဒီလိုတွေ လျှော့တွက်ပေးခဲ့လို့ ဒီကောင်တွေဆီက လက်နက်တွေလည်း ရတယ်။ သူတို့လက်နက်တွေနဲ့ပဲ သူတို့အပိုင်ထဲထိတောင် သွားဆော်နိုင်နေပြီ။ ကျတော်တို့ တပ်တွေရဲ့ စွမ်းရည်တွေက တစ်နေ့တစ်ခြားကို တိုးတက်လာတာတွေ မြင်နေရတာ အားရစရာပါပဲ”ဟု ပုလဲမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့မှ ရဲဘော်အောင်ဘာလေက ပြောကြားသည်။
ပြည်သူ့ကာကွယ်ရေးတပ်များသည် ၎င်းတို့၏ လိုအပ်ချက်များအတွက် အမျိုးသာညီညွတ်ရေးအစိုးရ (NUG) ထံမှ အထောက်အပံ့အချို့ကို ရရှိသော်လည်း စစ်တပ်တစ်တပ်အဖြစ် ရေရှည်ရပ်တည်သွားနိုင်ရန်အတွက် လုံလောက်မှုမရှိသည်ကို တွက်ဆမိသဖြင့် ကိုယ်စွမ်းကိုယ်စ ရှိသလောက်ဖြင့် ရန်ပုံငွေရှာဖွေမှုများ ပြုလုပ်ခဲ့ကြသည်။
၎င်းတို့ ရန်ပုံငွေရှာဖွေသည့် နည်းလမ်းအချို့မှာ ပြည်သူလူထုထံမှ အလှူခံခြင်း၊ မဲရောင်းခြင်းမှစသည့် နည်းလမ်းများမှစ၍ လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြု၍ သမာသမတ်ကျသည့် နည်းလမ်းပေါင်းစုံဖြင့် ရန်ပုံငွေရှာခြင်း (ဥပမာ – Click to Donate ကဲ့သို့ ပြည်သူများမှ လူမှုကွန်ရက်စာမျက်နှာများတွင် Click ပေးရုံဖြင့် ၎င်းတို့အတွက် ရန်ပုံငွေများ ရရှိခြင်း) စသည့် နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။
တော်လှန်ရေးအဖွဲ့များသည် ရန်ပုံငွေရရှိရန်အတွက် အခြားသော နည်းလမ်းများကို အသုံးပြု၍ ရှာဖွေမှုများ ရှိသော်လည်း အထက်ဖော်ပြပါ နည်းလမ်းများကို အများဆုံး အသုံးပြုကြသည်ကို တွေ့ရသည်။ ပြည်သူလူထုထံမှ အလှူခံခြင်းနှင့် မဲရောင်းခြင်းကဲ့သို့ နည်းလမ်းများမှာ တော်လှန်ရေး အစပိုင်းကာလများတွင် အလုပ်ဖြစ်ခဲ့သော်လည်း အချိန်ကြာမြင့်လာသည်နှင့်အမျှ အခက်အခဲများရှိလာခဲ့ကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့အချို့ထံမှ ကြားသိရသည်။
မဲရောင်းသည့် ကမ်းပိန်းများတွင် နာမည်ကျော်လူသိများသည့် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှ ပါဝင်ကူညီပေးရာတွင် ရာနှုန်းပြည့်နီးပါးအထိ ရောင်းချရမှုများရှိခဲ့သော်လည်း အချို့သော လူသိနည်းသည့် အဖွဲ့များမှ ၎င်းတို့ကိုယ်တိုင် မဲများရောင်းချရာတွင် သက်မှတ်ရက်ပြည့်သွားသော်လည်း ကမ်းပိန်း၏ ဆယ်ရာခိုင်နှုန်းခန့်ပင် ရောင်းထွက်ခြင်းမရှိသဖြင့် မဲဖောက်ပေးသည့် ပစ္စည်းတန်ဖိုး၏ ထက်ဝက်ခန့်ပင် ပြန်လည်ရရှိခြင်းမရှိကြောင်း ကြားသိရသည်။
မဲရောင်းခြင်း၏ အရေးကြီးဆုံးအပိုင်းမှာ ဆန်းသစ်တီထွင်ဉာဏ်အား ကွန့်မြူးရခြင်းဖြစ်ပြီး မဲဝယ်ယူသည့် မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ပြန်လည်ရွေးချယ်ပေးအပ်သွားမည့် ဆုမဲပစ္စည်းသည်လည်း လူစိတ်ဝင်စားမှုရှိနိုင်သည့် ပစ္စည်းများဖြစ်စေရန် စဉ်းစားရကြောင်း၊ လူစိတ်ဝင်စားမှုနည်းသော ကမ်းပိန်းတစ်ခုသည် အောင်မြင်ရန် ရာခိုင်နှုန်းနည်းကြောင်း အညာဒေသရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောကြားခဲ့သည်။
“ အလှူခံတာတို့ မဲရောင်းတာတို့က Technic ကောင်းမှ အဆင်ပြေတယ်။ သေသေချာချာ မစီစဉ်ဘဲ သွားလုပ်လို့ မရဘူး။ ပြည်သူတွေကတော့ ဘယ်ကမ်ပိန်းမှာပဲဖြစ်ဖြစ် ပါဝင်ချင်စိတ်လေးတွေ ရှိကြပေမယ့် စီးပွားရေးအခြေအနေတွေက ကျပ်တည်းလာတော့ ရွေးချယ်ပြီးပဲ အားပေးနိုင်ကြတော့တယ်။ ပြောရရင် ကမ်းပိန်းတစ်ရာရှိရင် စိတ်ရှိပေမယ့် တစ်ရာလုံး မပါနိုင်ဘူးပေါ့ဗျာ။ ခေတ်အခြေအနေအရ လူတစ်ယောက်ကို ကမ်းပိန်းငါးခု၊ ဆယ်ခုလောက်ပဲ ပါနိုင်တော့တယ်။ အဲ့ဒါ အနည်းငယ် ချောင်လည်နေသေးတဲ့ ပြည်သူတွေနော်။ အဲ့ဒီလိုလူမျိုးတွေတောင် ကမ်းပိန်းတစ်ခုမှာ ပါဝင်ဆင်နွဲဖို့ စဉ်းစားနေရပြီ။ ဟိုကောင်တွေက အဲ့ဒီလိုဖြစ်အောင် လူတွေကို ကျပ်တည်းနေအောင်ကို လုပ်ထားတာ” ဟု အညာဒေသရှိ တပ်ရင်းများအတွက် ထောက်ပို့တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲဘော်ပီယက ရှင်းပြသည်။
အလှူခံခြင်းသည်လည်း မဲရောင်းခြင်းကဲ့သို့ပင် နည်းနာမကွာလှသဖြင့် ယခုကဲ့သို့ ပြည်သူလူထုတစ်ရပ်လုံး ကျပ်တည်းနေသည့် ခေတ်ပျက်ကြီးထဲတွင် ၎င်းတို့ထံမှ လက်ဖြန့်တောင်းခံရန် မျက်နှာပူရကြောင်း ကရင်နီဒေသရှိ KNDF ရဲဘော်တစ်ဦးက ဆိုသည်။ ပြည်သူများတွင် လက်နက်ကိုင် တော်လှန်ရေး၌ ကိုယ်တိုင်ကိုယ်ကျ မပါဝင်သော်လည်း တတ်နိုင်သည့်ဘက်မှ တက်နိုင်သည့်အလျောက် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသူ အများအပြားရှိပြီး ၎င်းတို့သည် အဓိကအားဖြင့် တော်လှန်ရေးရဲဘော်များအတွက် အစားအသောက်၊ ဆေးဝါး၊ ဝတ်စုံစသည့် အသေးအမွှား အခြေခံအသုံးအဆောင်ပစ္စည်းများမှအစ အဓိကကျသည့် လက်နက်ခဲယမ်းများအထိ ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
ဤအခြေအနေများကြောင့် လူအများသည် စီးပွားရေးကျပ်တည်းနေလျှင် ရဲဘော်များအတွက် ကူညီထောက်ပံ့မှုများ မလုပ်နိုင်ဘဲ တော်လှန်ရေးဘက်မလှည့်နိုင်စေရန်အတွက် စီကောင်စီမှ အကွက်ကျကျ စီမံထားခြင်းဖြစ်ကြောင်း ၎င်း KNDF ရဲဘော်က သုံးသပ်သည်။
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း ၎င်းတို့ကိုယ်တိုင် စစ်မျက်နှာစုံဖွင့်ထားရသဖြင့် စစ်အသုံးစားရိတ်ထောင်းကာ ကျပ်တည်းမှုများ ရှိနေခဲ့သလို ၎င်းတို့၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုများကြောင့်လည်း စီးပွားရေးကျပ်တည်းမှုကို ဖြစ်စေကာ နိုင်ငံအနှံ့အပြားတွင် ရိုက်ခတ်မှုများ ရှိနေခဲ့ပြီး ကုန်ဈေးနှုန်း မြင့်တက်မှုများ၊ ငွေကြေးဖောင်းပွမှုများကို ထိန်းချုပ်နိုင်ခြင်းမရှိသဖြင့် ဆင်းရဲမွဲတေမှုမှာ တစ်နေ့တစ်ခြား ပိုမိုဆိုးရွားလာနေခဲ့ကြောင်း စီးပွားရေးပညာရှင်များက လေ့လာသုံးသပ်ကြသည်။
ယခုကဲ့သို့ အကျပ်အတည်းများ ရှိနေခဲ့သော်လည်း စစ်ကောင်စီသည် ပြည်သူများထံမှ အမြတ်ထုတ် ဂုတ်သွေးစုပ်မှုများ ပိုမိုပြုလုပ်လာခဲ့ပြီး ၎င်းတို့၏ တစ်ကိုယ်ရေ ကျပ်တည်းမှုအတွက် ယာယီဖြေရှင်းနည်းများကို အသုံးပြုဖြေရှင်းနေသဖြင့် စီးပွားရေး ကျပ်တည်းမှုများကို ပိုမိုဖြစ်ပေါ်လာစေကာ ဆင်းရဲမွဲတေမှုဒဏ်ကို နိုင်ငံသားတိုင်း အလူးအလဲခံနေရသည့် ခေတ်ပျက်သို့ ရောက်ရှိလာခဲ့ကြောင်း နိုင်ငံ့စီးပွားရေးပိုင်းနှင့် သက်ဆိုင်သည့် လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းများ၏ အစီရင်ခံစာများတွင် ဖော်ပြထားသည်။
ဤကဲ့သို့သော အခြေအနေများတွင် တော်လှန်ရေးအတွက် တတ်စွမ်းသည့်ဘက်မှ ဆက်လက်ကူညီထောက်ပံ့ပေးလျက်ရှိသည့် ပြည်သူများအတွက် မိမိအသက်ကိုပင် ပဓာနမထားဘဲ ပြည်သူလူထုတစ်ရပ်လုံး စစ်ဖိနပ်အောက်မှ အမြန်ဆုံးလွတ်မြောက်နိုင်စေရန်အတွက် တော်လှန်ရေး ရဲဘော်များအားလုံးသည် တိုက်ပွဲဝင်နေကြခြင်းဖြစ်ကြောင်း KNDF ရဲဘော်တစ်ဦးက ပြောကြားခဲ့သည်။
“ ဒီလို ခေတ်ပျက်ကြီးထဲမှာတောင် တော်လှန်ရေးရဲဘော်တွေနဲ့ တစ်သားတည်းရပ်တည်ပေးနေတဲ့ ပြည်သူတွေကြောင့် ဒီပွဲက ကျတော်တို့ နိုင်ကိုနိုင်မှာဆိုတဲ့ စိတ်က ရှိနေခဲ့တာဖြစ်ပါတယ်။ ဒီကောင်တွေ ထင်ထားတာက ပြည်သူတွေ စီးပွားရေး ကျပ်တည်းနေရင် တော်လှန်ရေးဘက် မလှည့်နိုင်တော့ပါဘူးဆိုတဲ့ သုံးစားမရတဲ့ အတွေးအခေါ်ကို တကယ်ဖြစ်လာမယ် ထင်နေတာ။ တကယ့်လက်တွေ့မှာ ပြည်သူတွေက အငတ်ခံပြီးတော့ကို ပါဝင်နေကြတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး ဖြစ်ကုန်ရော” ဟု ကရင်နီပြည်နယ်ရှိ ရှေ့တန်းစစ်မျက်နှာပြင်တစ်ခုတွင် တိုက်ပွဲဝင်နေသည့် KNDF ရဲဘော်တစ်ဦးက ပြောသည်။
လက်နက်ကိုင် တော်လှန်ရေး စတင်လာခဲ့သည့် အစောပိုင်းကာလများတွင် ပြည်သူအများစုထံမှ အလှူခံခြင်း၊ မဲရောင်းချခြင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ မကြာခဏ ပြုလုပ်လေ့ရှိသော်လည်း နောက်ပိုင်းတွင် စီးပွားရေးကျပ်တည်းလာသည့် အခြေအနေများကြောင့် ပြည်သူ့မျက်နှာကြည့်သည့်အနေဖြင့် ယင်းနည်းလမ်းများကို မဖြစ်မနေအခြေအနေများတွင်သာ ပြုလုပ်ကြောင်း သိရသည်။
နောက်ပိုင်းတွင် Click to Donate ပြုလုပ်ရခြင်းများ၊ တော်လှန်ရေးရဲဘော်များ အကျိုးအမြတ်ရရှိနိုင်သည့် ၎င်းတို့ကိုယ်တိုင် ဖန်တီးရေးဆွဲထားသည့် PDF ဂိမ်းများကို ပြည်သူများမှ ပါဝင်ကစားပေးရခြင်းများကို တီထွင်ဖန်တီးလာခဲ့ကြသည်ကို တွေ့ရသည်။ လူမှုကွန်ရက်စာမျက်နှာများကို အသုံးချ၍ နည်းပညာအကူအညီများဖြင့် ရန်ပုံငွေရှာဖွေခြင်းများသည် ထိုက်သင့်သည့် အောင်မြင်မှုများ ရရှိလာခဲ့သည်နှင့်အမျှ စစ်ကောင်စီဘက်မှ ထိန်းချုပ်ဟန့်တားရန် ကြိုးပမ်းလုပ်ဆောင်မှုများလည်း ရှိလာခဲ့ကြသည်။
အထူးသဖြင့် နည်းပညာအကူအညီများကြောင့် တော်လှန်ရေးအဖွဲ့များ အကျိုးအမြတ်များစွာ ရရှိနေခဲ့သည်ကို စစ်ကောင်စီမှ ရိပ်စားမိလာသည်နှင့် ပြည်သူများကို အဆိုပါ နည်းလမ်းများ အသုံးမပြုကြရန် ခြောက်လှန့်ဟန့်တားမှုများ ပြုလုပ်ပြခဲ့သော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိဘဲ အရှိန်ပိုရလာခဲ့သဖြင့် Mobile Data Package အင်တာနက်ဈေးနှုန်းများအား အဆမတန် တိုးမြှင့်ကောက်ခံရန် ဖုန်းအော်ပရေတာများကို ညွှန်ကြားမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ ပြုလုပ်လိုက်သဖြင့် ပြည်သူများ အခက်တွေ့ခဲ့သော်လည်း လက်ရှိအချိန်အထိ စစ်ကောင်စီ၏ လုပ်ရပ်သည် ရာနှုန်းပြည့် အောင်မြင်မှု မရသည်ကို တွေ့ရသည်။ အင်တာနက်ဈေးနှုန်း တိုးမြှင့်ခြင်းကြောင့် ပြည်သူများ အခက်တွေ့ခဲ့ရသော်လည်း လက်ရှိအချိန်အထိ အဆိုပါနည်းလမ်းများကို ပြည်သူများမှ ဆက်လက်အသုံးပြု၍ တော်လှန်ရေးအဖွဲ့များ ရန်ပုံငွေရရှိစေရန် အားထုတ်ပေးလျက်ရှိနေသည်။
စစ်ကောင်စီ၏ ယခုကဲ့သို့ လုပ်ရပ်များသည် ပြည်သူများကို စီးပွားရေး ပိုမိုကျပ်တည်းစေကာ တော်လှန်ရေးတွင် မပါဝင်နိုင်ရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ၎င်းတို့၏ လုပ်ရပ်သည် အင်မတန် အောက်တန်းကျသည့် လုပ်ဆောင်မှုများဖြစ်ကြောင်း နည်းပညာသမားတစ်ဦးက ပြောကြားသည်။
မိုဘိုင်းလ်ဒေတာဈေးနှုန်းများ တိုးမြှင့်လိုက်သဖြင့် မိုဘိုင်းလ်အင်တာနက်ကို အသုံးပြု၍ လည်ပတ်နေရသည့် လုပ်ငန်းအချို့သည် ကျပ်တည်းမှုများ ဖြစ်လာခဲ့ပြီး အချို့သော လုပ်ငန်းများသည် လုံးဝရပ်ဆိုင်းသွားခဲ့ကြောင်း သိရသည်။ သို့သော် တော်လှန်ရေးအဖွဲ့များအတွက် ယင်းနည်းလမ်းများမှ ရန်ပုံငွေရရှိမှုသည် ရာခိုင်နှုန်းအားဖြင့် အနည်းငယ်သာ ထိခိုက်မှုရှိခဲ့ပြီး လက်ရှိအချိန်အထိ ယင်းနည်းလမ်းများမှ လုံလောက်သည့် အကျိုးအမြတ်ကို ရရှိနေဆဲဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များအတွက် နည်းပညာအကူအညီပေးနေသူတစ်ဦးထံမှ သိရသည်။
“ ပြည်သူတွေ မ Click ပေးနိုင်အောင်တို့၊ ဂိမ်းတွေ မဆော့ပေးနိုင်အောင်တို့ ဒီကောင်တွေက နည်းပေါင်းစုံနဲ့ ကြိုးပမ်းပေမယ့် အောင်မြင်မှုမရပါဘူး။ သူတို့လုပ်ရပ်တွေက ခုတ်ရာတစ်ခြား ရှရာတစ်ခြားတွေကြီးပဲ။ အဲ့ဒီနည်းလမ်းတွေကနေ ရရှိနေတဲ့ ရန်ပုံငွေတွေကတော့ လျော့ကျသွားတယ်ကို မရှိပါဘူး။ အရင်လောက် ငွေမဝင်တော့ဘူးဆိုပေမယ့် ပြည်သူတွေကတော့ တက်နိုင်သလောက် ပါဝင်ပေးနေကြတုန်းပဲဆိုတာ Click တာတွေနဲ့ ဂိမ်းတွေက ရတဲ့ အချက်အလက်တွေရဲ့ ဂုဏ်ပြုမှတ်တမ်းတွေကြည့်ရင် သိနိုင်ပါတယ်” ဟု တော်လှန်ရေးအဖွဲ့များအတွက် နည်းပညာအကူအညီပေးနေသည့် ကိုသုတက ပြောကြားသည်။
တော်လှန်ရေးအတွက် ရန်ပုံငွေရရှိနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းအားထုတ်နေကြဆဲဖြစ်ပြီး ပြည်သူများမှလည်း ကျရာအခန်းကဏ္ဍများမှ ပါဝင်အားဖြည့်လျက်ရှိဆဲပင်ဖြစ်သည်။ စစ်ကောင်စီ၏ မတရားသဖြင့် ဖိနှိပ်နှောင့်ယှက်ဟန့်တားမှုများ ရှိနေခဲ့သော်လည်း ပြည်သူများမှ အတိတ်ကာလများကဲ့သို့ တော်လှန်ရေးကာလ ကြာမြင့်လာသည်နှင့်အမျှ အားလျှော့သွားခြင်းမျိုး ယခုတစ်ကြိမ်တွင် မတွေ့ရတော့ဘဲ သွေးအေးမသွားသည့် ပြည်သူလူထု၏ လုပ်ရပ်များကြောင့် လက်နက်စွဲကိုင်ကာ တော်လှန်နေသည့် ရဲဘော်များအတွက် အားအင်ဖြစ်စေခဲ့သည်။
ယခုတစ်ကြိမ် တော်လှန်ရေးသည် ကာလတိုတိုဖြင့် ပြီးဆုံးလိမ့်မည်ဟု ပြည်သူများမှ မယူဆကြဘဲ အချိန်ကာလအားဖြင့် ကြာမြင့်နိုင်သည်ဟူသော တော်လှန်စစ်၏ သဘောသဘာဝကို ကောင်းစွာနားလည်သဘောပေါက်လာကြသောကြောင့် ဘက်ပေါင်းစုံမှနေ၍ တက်စွမ်းသလောက် ကူညီအားဖြည့်ပေးလျက်ရှိသည်ကို တွေ့မြင်လာရသည်။
“၈၈ က အချိုးတွေ ၂၁ မှာ လာမချိုးနဲ့” ဟူသည့် ကြွေးကြော်သံကဲ့သို့ပင် ပြည်သူများ တော်လှန်ရေးတွင် မပါဝင်နိုင်စေရန် စစ်ကောင်စီမှ နည်းလမ်းဟောင်းများအတိုင်း အသုံးပြု၍ ပိတ်ပင်ဟန့်တားမှုများသည်လည်း အလုပ်မဖြစ်တော့ကြောင်း လက်ရှိ အခြေအနေများကို ကြည့်လျှင် သိနိုင်ပေသည်။ တော်လှန်ရေး အချိန်ကာလတစ်ခုအထိ ပြည်သူများ ဘက်ပေါင်းစုံမှ ပါဝင်လျက်ရှိနေဆဲဖြစ်သဖြင့် စစ်ကောင်စီအနေဖြင့် အလုံးစုံ ထိန်းချုပ်ဟန့်တား၍ မရခြင်းသည် ပြည်သူလူထုတစ်ရပ်လုံး၏ တော်လှန်စိတ်ကြောင့်သာ ဖြစ်ပေတော့သည်။