အမျိုးသမီးများ၏ နိုင်ငံသားအခွင့်အရေးနှင့် ဒီမိုကရေစီသည် ဒွန်တွဲနေကြောင်း နိုင်ငံရေးသိပ္ပံပညာရှင်များက သတိပြုမိသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ခေတ်အဆက်ဆက်တွင် အမျိုးသမီးများသည် ပြောင်းလဲရေးများစွာ၌ ပါဝင်လှုပ်ရှားခဲ့သည်ချည်းသာ ဖြစ်ပါသည်။ သို့သော် ထိုသို့ ပါဝင်ခဲ့ကြသည့် အမျိုးသမီးများအနေဖြင့် တိုက်ခိုက်ခံရမှုများ ရှိလာလျှင်လည်း ထိပ်ဆုံးမှနေ၍ ခံစားကြရလေ့ရှိသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် နိုင်ငံရေးအရ လှုံ့ဆော်သော မြန်မာအမျိုးသမီးများကို အနိုင်ကျင့်မှုများတွေ့ရသည့် Telegram ပေါ်ရှိ ပို့စ်ပေါင်း ၁.၆ သန်းကို အရေအတွက်အရ အကဲဖြတ်စစ်ဆေးရာတွင် ၂ဝ၂၂ ခုနှစ် အဆုံးပိုင်းရှိ အကြမ်းဖက်အလွဲသုံးစားပြုမှုများမှာ အာဏာသိမ်းပြီးနောက် ရက်သတ္တပတ်များနှင့် နှိုင်းယှဉ်ပါက အနည်းဆုံး ငါးဆ ပိုမိုများပြားခဲ့ကြောင်း တွေ့ရှိခဲ့ရသည်ဟု Myanmar Witness က စစ်တမ်းတစ်ခုဖြင့် အစီရင်ခံခဲ့သည်။
ထိုကဲ့သို့ အလွဲသုံးစားပြုမှုပို့စ်များ၏ အများစုကို မြန်မာနိုင်ငံရှိစစ်တပ်မှ အာဏာသိမ်းမှုကို ထောက်ခံသော အမျိုးသား အကောင့်များမှ ရေးသားခဲ့ပြီး အာဏာသိမ်းမှုကို ဆန့်ကျင်သော အမျိုးသမီးများကို ပစ်မှတ်ထားခဲ့သည်ဟု Myanmar Witness က ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်တမ်းထုတ်ပြန် အစီရင်ခံခဲ့သည်။
မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ခေတ်အဆက်ဆက်တွင် ဘာသာရေး၊ ယဉ်ကျေးမှုအစဉ်အလာ စသည်များနှင့် အာဏာရှင်တို့၏ စိတ်ကြိုက်ပုံဖော်ထားသည့် ခေါင်းစဉ်များအောက်တွင် ရုန်းကန်လှုပ်ရှားခဲ့ကြရသည်။ အထူးသဖြင့် အာဏာရှင်စနစ်နှင့် မစိမ်းသည့် နိုင်ငံအများစုမှ အမျိုးသမီးများအနေဖြင့် ထို အခြေအနေများကို ပို၍ ခံစားရလေ့ရှိတတ်သည်။
ယနေ့ မြန်မာနိုင်ငံတွင် အာဏာသိမ်းဖြစ်ရပ်၏ ရိုက်ခတ်မှုကြောင့် ပြည်သူများအားလုံး စားဝတ်နေရေး၊ လုံခြုံရေးများအပြင် ကဏ္ဍအသီးသီးတွင်ပါ ဆုတ်ယုတ်လာခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့ကာလများအထိ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် ရိုက်ခတ်မှုများစွာ ရှိခဲ့သည်။ ထိုထဲတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍသည်လည်း အဘက်ဘက်မှ ယိုယွင်းလာခဲ့ရသည်။
ကမ္ဘာတွင် လူသားများအနေဖြင့် အတူတကွ ယှဉ်တွဲနေထိုင်ကြမည်ဆိုသည့် အာရုံပြုချက်ကို အများစုက လက်ခံလာကြသည်။ မြန်မာနိုင်ငံတွင်လည်း ယောကျာ်း၊ မိန်းမ စသဖြင့် တန်းတူရေးဘက်ကို နားလည် သဘောပေါက်လာကြပြီး အတူတကွယှဉ်တွဲနေထိုင်ရေးကသာ အရေးကြီးတော့သည်ဆိုသည့် လက်ခံမှု အခြေအနေ တချို့ရှိခဲ့သော်လည်း အာဏာသိမ်းဖြစ်စဉ် ဖြစ်ပေါ်ပြီးနောက် ယင်းတို့အားလုံး နောက်ကြောင်းပြန်သွားခဲ့ရသည်။
စစ်အာဏာသိမ်းကာလတွင် မြန်မာအမျိုးသမီးများအနေဖြင့် အွန်လိုင်းဆိုရှယ်မီဒီယာများပေါ်တွင် စနစ်တကျ တိုက်ခိုက်ခံရမှု၊ ခြိမ်းခြောက်ခံရမှု၊ ကိုယ်ရေးအချက်အလက်များ ထုတ်ဖော်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာစော်ကားပြောဆိုခံရမှုများ ရှိနေသည်ကို ယခုနှစ်၊ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် အမျိုးသမီးဆိုင်ရာဆွေးနွေးပွဲတစ်ခုတွင်လည်း သက်ဆိုင်ရာ မြန်မာအမျိုးသမီးကိုယ်စားလှယ်များက ယင်းသို့ အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးထောက်ပြခဲ့ကြသည်။
မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာသိမ်းမှု ဆန့်ကျင်သည့် တော်လှန်ရေးတစ်ရပ်ဖြစ်ပေါ်ခဲ့ပြီး ထိုထဲတွင် အမျိုးသမီးများသည် ကျရာနေရာမှ တော်လှန်ခဲ့ကြသည်။ မြန်မာစစ်တပ်ကလည်း ၎င်းတို့ အာဏာသိမ်းမှု တည်မြဲရေးအတွက် မြေပြင်တွင် တော်လှန်ပြည်သူများကို လိုရာဆွဲ ဥပဒေများဖြင့် ခြိမ်းခြောက်ပြီး ထိန်းချုပ်နေသလို အင်တာနက်ဖြင့် အသုံးပြုရသည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများတွင်ပါ စောင့်ကြည့် ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြသည်။
ယခုနောက်ပိုင်းတွင် Facebook ၏ တင်းကျပ်သည့် စည်းကမ်းများကြောင့် အမုန်းစကားများနှင့် ပတ်သက်၍ ယင်းဆိုရှယ်မီဒီယာပေါ်တွင် ပြုလုပ်ရန် ကျပ်တည်းလာခဲ့ပြီး ဝါဒဖြန့်၊ အမုန်းစကားဖြန့်ဝေသည့် အုပ်စုများအနေဖြင့် နောက်ထပ် ဆိုရှယ်မီဒီယာ ပလက်ဖောင်း တယ်လီဂရမ်သို့ ရောက်ရှိသွားခဲ့ကြသည်။ တယ်လီဂရမ်တွင် မြန်မာစစ်တပ်ဘက်ယိမ်းသည့် အုပ်စုများမှာ အဆိုးဆုံးဖြစ်လာခဲ့သည်။
ထိုအုပ်စုများသည် အာဏာသိမ်းကာလအတွင်း ကြီးထွားလာခဲ့ပြီး ၎င်းတို့၏ ရည်ရွယ်၊ ရည်မှန်းချက်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်လာကြသည်။ အထူးသဖြင့် စစ်ကောင်စီ၏ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသည့် အုပ်စုများအတွက် သက်ရောက်မှု ရှိလာခဲ့သည်။ ယခင်က လူသုံးများသည့် Facebook ပလက်ဖောင်းပေါ်တွင် မရခဲ့သည့် အခွင့်အရေးများအား တယ်လီဂရမ်တွင် လွတ်လပ်စွာဖြင့် အသုံးချနေကြပြီဖြစ်သည်။
ယင်းအုပ်စုများသည် တယ်လီဂရမ်တွင် ၎င်းတို့ စိတ်ကြိုက် ထင်တိုင်းကျဲခဲ့ပြီး အမျိုးသမီးများကိုလည်း အလွတ်မပေးခဲ့ပါ။ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် လက်ရှိအထိ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် တန်းတူညီမျှရေးတို့အတွက် တိုက်ပွဲဝင်ရန် နိုးနိုးကြားကြားရှိနေကြဆဲဖြစ်သည့် အမျိုးသမီးများကို ပို၍ အာရုံစိုက် တိုက်ခိုက်ခဲ့ကြသည်။
ဟန်ငြိမ်းဦး၊ ကျော်စွာ၊ ကိုသက်နှင့် အံ့ဘုန်းသွင်စသည့် အကောင့်များနှင့် အခြားသော စစ်ကောင်စီဘက် ယိမ်းသည့် တယ်လီဂရမ်အခြေစိုက် သတင်းမီဒီယာများကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများတွင် ဆိုးရွားသည့်သက်ရောက်မှုများ ကြုံတွေ့နေရသည့် အမျိုးသမီးများစွာရှိကြသည်။ အလားတူ ယင်းအုပ်စုများကြောင့် မြန်မာနိုင်ငံတွင် နေ၍မရတော့ဘဲ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ကြရသည့် အမျိုးသမီးများလည်း ရှိခဲ့သည်။
ယင်းအုပ်စုများက စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် သူများကို စနစ်တကျ စုံစမ်းရှာဖွေကာ ဓာတ်ပုံ၊ Screen Shot များရယူပြီး ၎င်းတို့ တယ်လီဂရမ်တွင် အသိပေးကာ ဖမ်းဆီးသင့်သည်၊ အရေးယူသင့်သည် စသဖြင့် သုံးသပ်စွပ်စွဲချက်များဖြင့် ဝေမျှလေ့ရှိသည်။ ၎င်းတို့ ဝေမျှမှုများတွင် အမျိုးသမီးများကို ပြစ်ပိုးပြစ်တင်ပြောခြင်း၊ ရိုင်းစိုင်းသည့် စကားလုံးများ ရွေးချယ်အသုံးပြုခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ မဟုတ်မမှန်ခြင်းဖြင့် လုပ်ကြံဖန်တီးထားသည့် သတင်းမှားများအသုံးပြု၍ အမုန်းစကားများ ဖြန့်ဝေလေ့ရှိသည်။
ထိုသို့ ဝေမျှမှုများ ပြုလုပ်ပြီး ရက်အနည်းငယ်အကြာတွင် စစ်ကောင်စီက ယင်းလူစာရင်းများအတိုင်း မြေပြင်တွင် လိုက်လံဖမ်းဆီးလေ့ရှိကြသည်။ အဆိုးဆုံးအနေဖြင့် ၎င်းတို့စာရင်းထဲတွင် ပါဝင်သည့် အမျိုးသမီးများ ဖမ်းဆီးမရလျှင် ထိုအမျိုးသမီးများနှင့် ဆွေမျိုးတော်စပ်သူများကို အကြောင်းအရင်းမရှိ ဖမ်းဆီးသည့် အဖြစ်အပျက်ပင် ရှိခဲ့သည်။
“ကျမကို ဖမ်းမမိလို့ ဝမ်းကွဲညီအစ်မတော်သူကို ၅၀၅ (က) နဲ့ စွဲပြီး ဖမ်းဆီးတယ်။ အခုထိလည်း ပြန်မလွှတ်သေးဘူး။ နောက်ပိုင်းမှာ ၅၀၅ (ခ) ပြောင်းသွားတယ်လို့တော့ ပြောပေမယ့် အစ်မက အဆက်အသွယ်အိမ်နဲ့ သိပ်မရှိတော့ သေချာမသိတော့ဘူး။ အဲ့ဒီတုန်းက အစ်မဓာတ်ပုံတွေနဲ့ တယ်လီဂရမ်မှာ ရေးချင်ရာရေးတင်တယ်။ မန့်တွေမှာလည်း ကြမ်းတဲ့အသုံးတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်”ဟု ဟန်ငြိမ်းဦး၏ ဖမ်းဆီးရမည်ဆိုသည့် စာရင်းတွင် ပါဝင်ခဲ့သော်လည်း အချိန်မီသိ၍ လွတ်မြောက်သွားသည့် အမျိုးသမီးတစ်ဦးက ၎င်း၏ အတွေ့အကြုံနှင့် ဖြစ်ရပ်ကို ပြောပြသည်။
ထိုအမျိုးသမီးနည်းတူ ခံစားခဲ့ရသည့် အမျိုးသမီးတချို့သည်လည်း မြန်မာနိုင်ငံအတွင်း နေမရ၍ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ပြောင်းရွှေ့တိမ်းရှောင်ခဲ့ရသူများလည်း ရှိခဲ့ကြသည်။ အာဏာသိမ်းမှုဖြစ်စဉ်ကို တော်လှန်ခဲ့ကြသည့် အမျိုးသမီးများအနေဖြင့် ယင်းသို့ စစ်အုပ်စုဘက်ယိမ်းသည့် တယ်လီဂရမ်အကောင့်များ၏ တိုက်ခိုက်မှုကြောင့် တိုင်းတစ်ပါးသို့ ထွက်ပြေးတိမ်းရှောင် လွတ်မြောက်ခဲ့ရသော်လည်း မြန်မာနိုင်ငံအတွင်းတွင် ကျန်ရစ်ခဲ့သည့် မိသားစုအရေးအတွက် လှမ်း၍ ပူပင်နေရမှုများရှိနေရသည်။
လွတ်လပ်သော တယ်လီဂရမ်စောင့်ကြည့်လေ့လာသူများက ယင်းသို့ပြုလုပ်နေခြင်းသည် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်နေခြင်းဖြစ်ပြီး စစ်ကောင်စီသည် တော်လှန်ရေး အင်အားစုများ အားနည်းသွားအောင် သို့မဟုတ် ပြည်တွင်းတွင် ၎င်းတို့လက်အောက် ငြိမ်ဝပ်ပိပြားစွာ နေထိုင်မှုရှိရန် စနစ်တကျ အုပ်စုများဖွဲ့၍ လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။
အာဏာသိမ်းစစ်ကောင်စီက အမျိုးသမီးများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အမျိုးသမီးများသည် တော်လှန်ရေး၏ ထောင့်ပေါင်းစုံ၊ နေရာတိုင်းတွင် သူတို့ရသည့် နည်းလမ်းပုံစံများနှင့် ခုခံတွန်းလှန်နေသည့်အခါတွင် စစ်ကောင်စီသည် တနည်းနည်းနှင့် ၎င်းတို့အား ခြိမ်းခြောက် (threaten) နေခြင်းဖြစ်သည်ဟု ခံစားရသည့် အတွက်ကြောင့် အမျိုးသမီးများကို ပိုမိုပြီး ပစ်မှတ်ထားခြင်းဖြစ်သည်ဟု အမျိုးသမီးလှုပ်ရှားမှု ခေါင်းဆောင်၊ အမျိုးသမီး မဟာမိတ်အဖွဲ့မှ မမေစပယ်ဖြူက ဗွီအိုအေနှင့် အင်တာဗျူးတစ်ခုတွင် ဖြေကြားထားသည်။
ထို့အပြင် အမျိုးသမီးများ၏ ခန္ဓာကိုယ်ကို မုဒိမ်းကျင့်ခြင်းအားဖြင့် လက်နက်တစ်ခုကဲ့သို့ ပြည်သူလူထုကို အကြောက်တရား သွင်းပေးနေခြင်းဖြစ်သလို သူတို့ကို ဆန့်ကျင်၊ ခုခံလျှင် ထိုကဲ့သို့ အဆုံးသတ်ရမည်ဆိုသည့် Terror Campaign ကို ကျင့်သုံးနေခြင်းလည်းဖြစ်သည်ဟု မမေစပယ်ဖြူက ဆက်လက် ရှင်းပြသည်။
အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား ၁၆,၃၁၆ ဦးအနက် အမျိုးသမီးနိုင်ငံရေးအကျဉ်းသူ ၂၆၃၆ ဦး ပါဝင်ခဲ့သည်ဟု ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ နိုင်ငံရေးကြေညာစာတမ်းအရ သိရှိရသည်။ ယင်းအဖွဲ့ချုပ်က အဘက်ဘက်မှ ကျဆင်းလာသည့် နိုင်ငံရေးရာ အခြေအနေတွင် အမျိုးသမီးများ၏ ဘေးကင်းလုံခြုံမှုများ ဆုတ်ယုတ်လာနေသည်ဟု သတိပေးခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးများကို ရည်ရွယ်ချက်ရှိရှိဖြင့် အွန်လိုင်းပေါ်တွင် တိုက်ခိုက်သည့် အုပ်စုများသည် Facebook ၏ မူဝါဒတင်းကျပ်လာမှုများကြောင့် ၎င်းတို့၏ နောက်ထပ်ရွေးချယ်စရာ ပလက်ဖောင်းအဖြစ် တယ်လီဂရမ်ကို ရွေးချယ်ခဲ့ကြသည်။ ထိုအုပ်စုများသည် ပုဂ္ဂိုလ်ရေး အသေးစိတ်များကို ခွင့်ပြုချက်မရဘဲ အွန်လိုင်းတွင် ဖွင့်ချခြင်းသည် အဓိကကျသော အွန်လိုင်းအခွင့်အရေး ချိုးဖောက်မှုဖြစ်သည်ဟု Myanmar Witness က စစ်တမ်းတွင် ထည့်သွင်းဖော်ပြထားသည်။
ယင်းတွင် အခွင့်အရေး ချိုးဖောက်မှု Telegram ပို့စ်ပေါင်း ၁ ဒသမ ၆ သန်းနှင့် ချိုးဖောက်မှု ခံရသူများကို လေ့လာမှုနှင့် တွေ့ဆုံမေးမြန်းမှုများ ပါဝင်သည်ဟုလည်း ဆိုသည်။ သို့သော် ထိုစစ်တမ်းသည် ပလက်ဖောင်းအချက်အလက်များကို အပြည့်အဝ ဝင်ရောက်လေ့လာခွင့်မရှိသောကြောင့် အလွဲသုံးစားပြုလုပ်ကာ အခွင့်အရေးချိုးဖောက်မှုများအတွက် တိကျစွာ အကဲဖြတ်နိုင်ရန် မဖြစ်နိုင်ကြောင်း အသိပေးခဲ့သည်။
ပလက်ဖောင်းပေါ်လစီကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်များ ရှိသော်လည်း များပြားလှသော (doxing) ချန်နယ်အများစုသည် Telegram တွင် ဆက်လက်တည်ရှိနေသည်ဟုလည်း ဖော်ပြထားသည်။ Telegram ချန်နယ် အနည်းငယ်အားဖြုတ်ချမှုသည် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုအတွက် နည်းပါးနေသေးလျက် ရှိသည်ကို တွေ့ရှိရသည်ဟုလည်း ဆိုသည်။ ထိုအခြအနေများတွင် အရန်ချန်နယ်များ ပေါများမှုနှင့် လူသိများ၍ အန္တရာယ်များသော ပြုလုပ်သူများမှ ဖန်တီးကြသော ချန်နယ်အသစ်များကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်ဟု Myanmar Witness က အသိပေးခဲ့သည်။
ထို့အပြင် Closed group အဖွဲ့များတွင် ဖြစ်ပေါ်လျက်ရှိသော လူတစ်ဦးတစ်ယောက်အပေါ်တွင် အကြမ်းဖက်မှု (သို့) လက်တုံံ့ပြန်နိုင်ရန် (အတိအလင်းမဟုတ်ဘဲ) သွယ်ဝိုက်သော နည်းဖြင့် အားပေးအားမြှောက်ပြုသော doxing တိုက်ခိုက်မှု၊ အမျိုးသမီးမုန်းတီးမှုနှင့် လူမျိုးရေးခွဲခြားမှုပို့စ်များအား ဖြုတ်ချနိုင်ရန် Telegram ၏ မူဝါဒသည် ပျက်ကွက်လျက်ရှိသည်ဟုလည်း ဆိုသည်။
ယခုကဲ့သို့ တယ်လီဂရမ်ပလက်ဖောင်းပေါ်တွင် အမျိုးသမီးများအပေါ် မုန်းတီးမှုများနှင့် တိုက်ခိုက်မှုများ ရှိနေသော်လည်း စစ်ကောင်စီဘက်ယိမ်းသည့် အုပ်စုများအကြားတွင် ထိုလုပ်ဆောင်မှုများအနေဖြင့် ဆက်လက်အားကောင်းလျက်ရှိနေသည်။ အမုန်းစကားများဖြင့် တိုက်ခိုက်မှုကို မလိုလားကြသည့် အုပ်စုများအနေဖြင့် ပေါ်လွင်သည့် အမုန်းစကားများဖြင့် တိုက်ခိုက်တတ်သော အကောင့်များကို ရီပို့စ်ထုကာ ဖြုတ်ချခြင်းဖြင့် တန်ပြန်ဆောင်ရွက်မှုများ ရှိနေသော်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့များဖြစ်သောကြောင့် အလုံးစုံ ကွယ်ပျောက်သွားအောင် မပြုလုပ်နိုင်သေးပေ။
တယ်လီဂရမ် ပလက်ဖောင်းပေါ်မှ အကောင့်တစ်ခု ဖြုတ်ချခြင်းခံရလျှင် နောက်ထပ် အသစ်အသစ်များ ဆက်လက် ပေါ်ထွက်လာသောကြောင့် ယင်းကို ဖြေရှင်းနိုင်ရန်မှာ Telegram ၏ မူဝါဒများပေါ်တွင် တည်မှီလျက်ရှိသည်။ ထို့ကြောင့် တယ်လီဂရမ်တာဝန်ရှိသူများထံ လွပ်လပ်သော တယ်လီဂရမ်စောင့်ကြည့်သူ အဖွဲ့တချို့က အကြောင်းကြားကာ အဆိုပါအခြေအနေများအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြသော်လည်း တစ်ဘက်တွင် အမုန်းစကားနှင့် အမျိုးသမီးများအပေါ် တိုက်ခိုက်မှုများက တယ်လီဂရမ်တွင် ကြီးမားကျယ်ပျံ့လျက်ရှိနေသည်။
ထို့ကြောင့် အာဏာသိမ်းမှုကို ထောက်ခံသော သို့မဟုတ် အာဏာရှင်များနှင့် ဆက်စပ်သည့် လူတစ်စုသည် ၎င်းတို့ရည်မှန်းချက် ရည်ရွယ်ချက်များ အောင်မြင်နိုင်ရန် အမုန်းစကားအပြင် နည်းလမ်းပေါင်းစုံကို အသုံးပြုနေမှုရှိနေပြီး ဒီမိုကရေစီနှင့် ဒွန်တွဲနေသည့် အမျိုးသမီးများ၏ နိုင်ငံသားအခွင့်အရေး အရေးပါမှု၏ အတိမ်အနက်ကို ကောင်းစွာ သိရှိနေသည့်အတွက် အာဏာရှင်များက ကြောက်ရသည့် အမျိုးသမီးများ အားကောင်းမောင်းသန်ဖြစ်လာမည်ကို စိုးရိမ်နေသည်မှာလည်း စစ်တမ်းများအရ ပေါ်လွင်လျက်ရှိသည်။